မင်းတော်လဝီ -“တကယ်တော့ သမဝါယမလုပ်ငန်းဟာ မွန်မြတ်တဲ့လုပ်ငန်းတခုပါ၊ ဦးဆောင်လုပ်တဲ့လူနဲ့ လုပ်ကိုင်တဲ့ လူတွေစိတ်ဓါတ်ကြောင့် မဆလခေတ်တုန်းက ပျက်ခဲ့ရပြီးပြီ၊ အခုလည်း လူတွေ ယုံကြည်မှု နည်းနေတယ်” ဟု မြို့နယ် သမဝါယမဦးစီးဌာနမှ အငြိမ်းစားဦးစီးမှူးတဦးက ပြောသည်။
သမဝါယမစနစ်သည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (၁၉၇၄ – ၁၉၈၈) ၏ စီးပွားရေး မူဝါဒတရပ်ဖြစ်ကာ မြန်မာနိုင်ငံအတွင်း ကုန်ပစ္စည်းရှားပါးမှု၊ ကုန်စျေးနှုန်းမြင့်မားမှု နှင့် မှောင်ခိုစီးပွားရေးစနစ်ကို ဖြစ်ပွားစေခဲ့သည်ကို ပြန်လည်မှတ်မိဦးမည်။
ယခုအသစ်တက်လာသည့် သမတ ဦးသိန်းစိန်အစိုးရသည် သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား တာဝန်ပေးအပ်ကာ စိုက်ပျိုးရေးကဏ္ဍတွင် သမဝါယမစနစ်ကို အသင်းအပင်းပုံစံအဖြစ် အသက်သွင်းရန် ကြိုးပမ်းနေပေသည်။ သမဝါယမစနစ်ကြောင့် မဆလခေတ်တွင် ပြည်သူများ ဆင်းရဲမွဲတေခဲ့ရသည်ကို သင်ခန်းစာအနေဖြင့် မယူပဲ ယခုကဲ့သို့ ပြန်လည်အကောင်အထယ်ဖော်မည်ဆိုပါက ခေတ်နောက်ပြန်ဆွဲသွားမည်လော။
တလောက ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်း ကော်မတီဝင် သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်သည် တစ်နိုင် ဥယျာဉ်ခြံသီးနှံ စိုက်ပျိုးထုတ်လုပ်သူများအသင်း ဖွဲ့စည်းရန် ဇူလိုင် (၁၅) ရက်နေ့က မွန်ပြည်နယ် ပေါင်မြို့နယ် ကျုံက ဥယျာဉ်ခြံတွင် ဆွေးနွေးမှာကြားခဲ့သည်။
“သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်နဲ့ စိုက်ပျိုးရေးဆိုင်ရာ သမတ အကြံပေး ဒေါက်တာစိန်လှဗိုလ်တို့အဖွဲ့ မွန်ပြည်နယ်ခရီးစဉ်မှာ ပေါင်မြို့နယ် ကျုံကဥယျာဉ်ခြံကို ရောက်စဉ်မှာ ဥယျာဉ်ခြံသီးနှံ စိုက်ပျိုးထုတ်လုပ်သူများ အသင်းကို ဖွဲ့စည်းဖို့ ပြောတယ်” ဟု ကျုံကဥယျာဉ်ခြံ ဝန်ထမ်းတစ်ဦးက ပြောသည်။
ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်း ကော်မတီဝင် သမဝါယမဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်သည် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် လယ်ယာကုန်ထုတ်နှင့် လက်လုပ်လက်စား ငွေစုငွေချေးအသင်းများ ဖွဲ့စည်း ဆောင်ရွက်နေမှုများနှင့် သမဝါယမဝန်ကြီးဌာနက ဆောင်ရွက်ပေးနိုင်မည့် အခြအနေများကိုလည်း ဆွေးနွေးခဲ့သည်ဟု အထက်ပါ ဝန်ထမ်းက ပြောသည်။
ထို့အပြင် တစ်နိုင်ဥယျာဉ်ခြံသီးနှံ စိုက်ပျိုးထုတ်လုပ်သူများအသင်း ဖွဲ့စည်းရန် ကျိုက်ထိုမြို့နယ် အင်ဂပိုကျွဲကောအထူးပြုသီးနှံစုံ စိုက်ပျိုးရေးခြံမှာလည်း ဆွေးနွေးမှာကြားခဲ့သည် ဟု ကျိုက်ထိုမြို့နယ် မြန်မာ့စုုိက်ပျိုးရေးလုပ်ငန်းမှ ဝန်ထမ်းတဦးက ပြောသည်။
“တစ်နိုင်ဥယျာဉ်ခြံသီးနှံ စိုက်ပျိုးထုတ်လုပ်သူများအသင်း ဖွဲ့စည်းပြီးတော့ ဥယျာဉ်ခြံ သစ် သီးဝလံများရဲ့ စျေးကွက်ရရှိရေး၊ တန်ဖိုးမြင့်ထုတ်ကုန်များကို နိုင်ငံတကာအဆင့်မီ ထုပ်ပိုးပြီးစျေးကွက်တင်ပို့ဖို့ရယ် နောက်ပြီတော့ ကော့ထင်းကျေးရွာမှာရှိတဲ့ လယ်မြေ (၁၈၆) ဧကိုပါ အဆင့်လယ်ယာလုပ်ဖို့ုကော်မီတီ (၈) ဦးကိုလည်း တာဝန်ပေးသွားတယ်” ဟုကျိုက်ထိုမြို့နယ် စိုက်ပျိုးရေးဝန်ထမ်းက ဆက်ပြောပါသည်။
ထို့အပြင် ကျိုက်ထို်မြို့နယ် အင်ဂပိုရွာသည် ကျွဲကောသီးကို စီးပွားဖြစ် စိုက်ပျိုးနေသည့် ရွာတရွာဖြစ်ပြီး ကျွဲကောမျိုးကောင်းအပင်များကိုပါ ဖြန့်ဖြုးရောင်းချနေသည်။ အထူးသဖြင့် ကျောက်စိမ်းကျွဲကောမျိုးသည် အရည်အသွေးကောင်းပြီး လူကြိုက်များသည်ဟု အင်ဂပို ရွာကပုဂ္ဂလိက ခြံရှင်တဦးက ပြောသည်။
လယ်သမားများ၏အမြင်ကား ပုဂ္ဂလိကလုပ်ငန်းရှင် သို့တည်းမဟုတ် ကုမ္ပဏီများနှင့်သာ အလုပ်လုပ်လိုပေသည်။ အတိတ်က သမဝါယမစနစ်၏ ကောင်းပုံ ဆိုးပုံများကို လူထုများ ကသာ သိပြီး ဖြစ်သည်။
“ဥယျာဉ်ခြံသီးနှံကို အသင်းအဖွဲ့အနေနဲ့ ရောင်းဝယ်ဖို့ဆိုတာ သိပ်ပြီးမလွယ်ဘူး၊ ကုန်ပုတ်ဖြစ်နေတာရယ် နောက်ပြီးထုတ်ပိုးမှုစနစ်နဲ့ သယ်ယူပို့ဆောင်တဲ့အခါ ပုဂ္ဂလိကတွေပဲ ဂရုစိုက်လုပ်နိုင်တယ်၊ အစိုးရအနေနဲ့တော့ ခြံရှင်တွေ လိုအပ်တာကိုပဲ ထောက်ပံ့ ကူညီပေး နိုင်ရင် အကောင်းဆုံးပဲ” ဟု ၄င်းခြံရှင်က ပြောသည်။
ဒါ့အပြင် တစ်နိုင်ဥယျာဉ်ခြံသီးနှံ စိုက်ပျိုးထုတ်လုပ်သူများ အသင်းဖွဲ့စည်းပြီးဥယျာဉ်ခြံ သစ်သီးဝလံ၏စျေးကွက်ရရှိရေးနှင့် တန်ဖိုးမြင့်ထုတ်ကုန်များဖြစ်ရန်အတွက် သမဝါယမ ဝန်ကြီးဌာနက ဆောင်ရွက်ပေးနိုင်သည့်ကိစ္စကို လူထုကြားတွင် ကျယ်ကျယ်ပြန့်ပြန့် ပြောလာသည်။ အစည်းအဝေးတွေအကြိမ်ကြိမ် ခေါ်သည်။ လယ်သမားများ အစည်းအဝေးကို မတက်ချင်သော်လည်း အစိုးရအသစ်၏ အမိန့် အား မဆန့်ကျင်ရဲပေ။
မွန်ပြည်နယ်သည် ဥယျာဉ်ခြံသီးနှံ၊ သစ်သီးများ ထွက်သည့် ပြည်နယ်တခုဖြစ်ပြီး အထူးသဖြင့် ဒူးရင်း၊ ကြက်မောက်၊ မင်းဂွတ်၊ ကျွဲကောသီး အစရှိသည့် သစ်သီးများ၏ အရည်အသွေးကောင်းမွန်မှုနှင့် အထွက်များသည့်ပြည်နယ်အနေဖြင့်လည်း နာမည်ကြီးသည့် ပြည်နယ်တခုဖြစ်နေသည်။
သို့သော် မြန်မာနိုင်ငံ၏ လက်ရှိသစ်သီးဝလံ စိုက်ပျိုးထုတ်လုပ်နေမှုသည် တနိုင်ငံလုံး၏ အတိုင်းအတာအရ ပြည်သူများအနေဖြင့် ဖူလုံအောင်မစားသုံးနိုင်သေးပဲ အိမ်နီးချင်းနိုင်ငံများမှ အထူးသဖြင့် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ သစ်သီးဝလံများ မြန်မာနိုင်ငံတွင်းသို့ နေ့စဉ် တင်သွင်းနေရသည်။
ထိုသို့ စိုက်ပျိုးရေးကဏ္ဍနှင့် လယ်သမားများတို့၏ လိုအပ်နေမှုအပေါ် ပ့ံပိုးပေးရေးကိစ္စ အထက် သမဝါယမစနစ်အား အကောင်အထည်ဖော်ရန် ဆောင်ရွက်နေခြင်းသည် ပြဒါးတလမ်း သံတလမ်းဖြစ်နေပြီလား၊ လယ်သမားများ၏ဆင်းရဲတွင်းကိုပိုမိုနက်နဲစေမည်လား စောင့်ကြည့်ရမည်သာ ဖြစ်သည်။