spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းရက် (၁၀၀) ပြည့် မွန်ဝန်ကြီးနှစ်ဦးအပေါ် မွန်ပြည်သူများ၏အမြင်

    ရက် (၁၀၀) ပြည့် မွန်ဝန်ကြီးနှစ်ဦးအပေါ် မွန်ပြည်သူများ၏အမြင်

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ – လက်ရှိ မွန်ပြည်နယ်အစိုးရအဖွဲ့တွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ ဒေါက်တာမင်းနွယ်စိုး (လူမှုရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန) နှင့် နိုင်လဝီအောင် (စွမ်းအင်နှင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန) တို့၏ ဝန်ကြီးသက်တမ်း ရက် (၁၀၀) ပြည့်အပေါ် မွန်လူမျိုးအချို့တို့၏အမြင်များ။

    နိုင်ကောတလရတ် (နိုင်ငံရေးသမား)
    “ဒီဝန်ကြီး ၂ ဦးအနေနဲ့ ရာထူးနေရာတော့ရထားတယ်၊ ဒါပေမယ့် ဝန်ကြီးသက်တမ်းက နုနေသေးတဲ့အတွက် သူတို့ရဲ့ လှုပ်ရှာမှုတွေက ဘာမှအကောင်အထည်မပေါ်သေးဘူး၊ နိုင်လဝီအောင်အနေနဲ့ဆိုရင်လည်း စွမ်းအင်နှင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ရာထူးကိုရထားပေမယ့် အထက်က အာဏာအပြည့်အဝမပေးထားတဲ့အတွက် မွန်ပြည်နယ်သားတွေအတွက်ကို ဘာမှစီစဉ်မပေးနိုင်သေးဘူး၊ အခုဆိုရင် အစိုးရသစ်ကနေ ဝန်ကြီးများ ပြောင်းလဲတာဝန်ပေးအပ်ဖို့အတွက်လည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ အဖွဲ့အစည်းအဝေးတွေ လုပ်နေပြီး တကယ်လို ဒီဝန်ကြီးနှစ်ဦးရဲ့ အာဏာတွေကို ပြန်လည်းထိန်းသိမ်းလိုက်မယ်ဆိုရင် ပိုပြီးအခက်အခဲ ဖြစ်လာနိုင်တယ်”။

    မိအိုင်းသဇင်
    မွန်ပြည်သစ်ပါတီပညာရေးဌာနမှ ကျောင်းဆရာမတစ်ဦး
    “ဒီဝန်ကြီးနှစ်ဦးအနေနဲ့ဆိုရင် သူတို့က ပညာတတ်ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက် ကျမတို့လူငယ်တွေ အတုယူသင့်ပါတယ်၊ နောက်ပြီး နောင်အနာဂတ်မှာ မွန်လူမျိုးတွေ တန်းတူရေး ရရှိဖို့အတွက်ကို ဒီဝန်ကြီးနှစ်ဦးနဲ့ ကျမတို့လူငယ်တွေ စည်းစည်းလုံးလုံးနဲ့အတူလက်တွဲပြီး ကြိုးပမ်းသွားမယ်လို့ မျှော်လင့်တယ်”။

    မင်းသုတ (စာရေးဆရာ)
    “သာသနာရေးနဲ့ပတ်သက်ပြီး ဒေါက်တာမင်းနွယ်စိုးရဲ့ လှုပ်ရှာမှုတွေ လုပ်ဆောင်ချက်တွေကို တွေ့ရတယ်၊ ဒါပေမဲ့ ကျေးရွာ ရပ်မိ/ဖ ဒေခံတောင်သူလယ်သမားတွေ ဥပမာမုဒုံမြို့နယ်၊ ထုံမံရွာက တောင်းဆိုထားတဲ့ လယ်ယာနဲ့ဆိုင်တဲ့ ကိစ္စတွေကိုတောင် ဘာမှမဖြေရှင်းနိုင်ပါဘူး၊ ဟန်ပြဝန်ကြီးလို ဖြစ်နေတယ်”။

    နိုင်ထွန်း (အငြိမ်းစား စိုက်ပျိုးရေးမန်နေဂျာ)
    “ဒီဝန်ကြီးနှစ်ဦးရဲ့ ထင်သာမြင်သာတဲ့လှုပ်ရှားမှုတွေကိုတော့ မတွေ့ရသေးပါဘူး၊ ပညာရေးနဲ့ပတ်သက်ပြီး ပြည်သူတွေ တောင်းဆိုထားတဲ့အချက်တွေကို တင်ပြရုံသာတင်ပြပြီး ယခုအချိန်အထိ အဖြေအတိအကျကို ဘာမှမရသေးဘူး၊ ခြုံကြည့်လိုက်ရင် ဒီရက် (၁၀၀) အတွင်းမှာ ဘာမှ ထူးထူးခြားခြားတွေ့ရတာမရှိခဲ့ပါဘူး”။

    မိချိုအေး (တက္ကသိုလ်ကျောင်းသူ)
    “ဒီဝန်ကြီးနှစ်ဦးအနေနဲ့ဆိုရင် ဝန်ကြီးဖြစ်လာတာ ၃ လပဲရှိသေးတဲ့အတွက်ကြောင့် ဘာပြောင်းလဲမှုကိုမှ မရှိသေးပါဘူး၊ ဒါပေမဲ့ ဝန်ကြီးနှစ်ဦးက မွန်လူမျိုးဖြစ်တဲ့အတွက် မွန်လူမျိုးတွေရဲ့ ပညာရေး၊ လျှပ်စစ်မီးရရှိဖို့ တိုးတက်ဖို့အတွက်ကို တချိန်ချိန်မှာ သူတို့ကြိုးစားပေးလိမ့်မယ်လို့ ကျမ ဒီလိုမြင်ပါတယ်”။

    မွန်ပြည်နယ်မှ လယ်သမားတစ်ဦး
    “တို့လယ်သမားတွေအတွက် သူတို့တွေ ဘာမှပြည့်ပြည့်ဝဝ မလုပ်ပေးဘူး၊ အနာဂတ်မှာလည်း မမျှော်လင့်ရဲဘူး၊ ဘာလို့လည်းဆိုတော့ အခုအစိုးရသစ်ကနေ သူတို့ကိုကြိုးကိုင်ထားတဲ့အတွက် ဒီဝန်ကြီးနှစ်ဦးအနေနဲ့ မွန်ပြည်သူတွေနဲ့ တောင်သူလယ်သမားတွေအတွက် ဘာမှလုပ်ပေးနိုင်မှာမဟုတ်ပါဘူး”။
    မှတ်ချက်။ ။ လွတ်လပ်သောမွန်သတင်းဌာန၏အမြင်အာဘော်မဟုတ်ပါ-(အယ်ဒီတာ)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts