spot_img
Friday, April 19, 2024
More
    spot_img
    Homeသတင်းမှန်လုံကားပေါ်မှဖမ်းဆီးခေါ်ဆောင်ခံရသူ ၁၀ ဦးပြန်လွတ်လာပြီ

    မှန်လုံကားပေါ်မှဖမ်းဆီးခေါ်ဆောင်ခံရသူ ၁၀ ဦးပြန်လွတ်လာပြီ

    -

    ဂျူရီချိုင်း – မှန်လုံယာဉ်နှစ်စီးမီးရှို့ဖျက်ဆီးပြီးနောက် လွန်ခဲ့သည့်ဇူလိုင်လ ၂ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်ခံသွားရသူ ၁၀ ဦးစလုံးပြန်လွတ်လာခဲ့ကြောင်း ထားဝယ်-ရန်ကုန် မှန်လုံကားသမားအသိုင်းအဝိုင်းက ပြောသည်။

    ယင်းကဲ့သို့ ဖမ်းဆီးခေါ်ဆောင်ခံသွားရသူ ၁၀ ဦးတွင် အရပ်ဝတ်စစ်ဗိုလ်တစ်ဦး၊ အရပ်ဝတ်ဒုလုံခြုံရေးမှူးအဆင့်ရှိရဲဝန်ထမ်းတစ်ဦး၊ အစိုးရဝန်ထမ်းတစ်ဦး၊ ကားသမားနှစ်ဦးနှင့် ခရီးသည်အပါအဝင် စုစုပေါင်း ၁၀ ဦးတို့ ဖြစ်ကြသည်။

    ယင်းဖြစ်စဉ်မှာ လွန်ခဲ့သည့်ဇွန်လ ၂၉ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်-ရေးကားလမ်းမပေါ်ရှိ သံဖြူဇရပ်မြို့နယ်၊ ရွာသာအေးကျေးရွာအနီး၌ အမည်မသိကရင်လက်နက်ကိုင်အဖွဲ့တဖွဲ့မှ မှန်လုံကားနှစ်စီးအား မီးရှို့ဖျက်ဆီးခဲ့ရာတွင် အဆိုပါ ကားသမားနှင့်ခရီးသည် ၁၀ ဦးအား ဖမ်းဆီးခေါ်ဆောင်ခဲ့ခြင်း ဖြစ်သည်။(မှတ်ချက်-ယခင်သတင်းများတွင်ဖေါ်ပြပြီး)

    သံဖြူဇရပ်-ရေး မော်တော်ကား လမ်းမကြီး ( ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ )
    သံဖြူဇရပ်-ရေး မော်တော်ကား လမ်းမကြီး ( ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ )

    “ဖမ်းဆီးခေါ်ဆောင်သွားတဲ့သူတွေ အားလုံးပြန်လွတ်လာကြပါတယ်၊ ကားသမားနှစ်ဦးက သူတို့နေအိမ်ရှိတဲ့ မြိတ်မြို့ကို ပြန်ရောက်နေကြပြီ” ဟု ရွှေလီရတနာခရီးသည်ပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

     

    ဖမ်းဆီးခေါ်ဆောင်သွားသူ ၁၀ ဦးတွင် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းမှ မည်သည့်အရပ်သို့ခေါ်ဆောင်သွားခဲ့ပြီး မည်ကဲ့သို့ ပြန်လွတ်လာကြသည်ကိုလည်း အသေအချာမသိရှိခဲ့ရဟု အဆိုပါတာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။

    ရန်ကုန်-ထားဝယ် ပြေးဆွဲနေသည့်ခရီးသည်တင်မော်တော်ယာဉ်များ ကရင်လက်နက်ကိုင်တပ်ဖွဲ့အား နှစ်စဉ်ကြေး မပေးအပ်ခဲ့သည့်အတွက် ယခုကဲ့သို့မီးရှို့ခံလိုက်ရသည်ဟု ကားသမားအသိုင်းအဝိုင်းမှ ပြောဆိုသံများ ထွက်ပေါ်နေသည်။

    “အဲဒီလက်နက်ကိုင်အဖွဲ့ ကားကိုမီးရှို့လိုက်တဲ့အထဲမှာ ရန်ကုန်-ထားဝယ် ပွဲစားတစ်ဦးရဲ့ ငွေကျပ်သိန်း ၇၀ လောက် မီးလောင်ရာမှာဆုံးသွားရတယ်” ဟု မျက်မြင်တွေ့ရှိခဲ့သူခရီးသည်တစ်ဦးက ပြောသည်။

    မီးရှိုခံရသည့် ရွှေလီရတနာခရီးသည်တင် မှန်လုံယာဉ်တန်ဖိုးမှာ ကျပ်သိန်း ၃၀၀ ခန့်ရှိပြီး ရာဇာမင်းမှန်လုံယာဉ်တန်ဖိုးကျပ်သိန်း ၁၄၀၀ ခန့်ဆုံးရှုံးခံလိုက်ရကြောင်း သိရသည်။

    အဆိုပါ ရာဇာမင်းနှင့်ရွှေလီရတနာ မှန်လုံယာဉ်နှစ်စီး မီးရှို့ခံရပြီးသည့်နောက် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေးမြို့ရှိမြို့အဝင်ဝနေရာများ၌ စစ်တပ်မှလုံခြုံရေးထပ်မံတင်းကြပ်စွာချရှိထားပြီး အာဏာပိုင်တို့၏ အခြားလုံခြုံရေးအဖွဲ့အစည်းများကလည်း မြို့တွင်းနေရာများတွင် အင်အားထပ်မံတိုးချဲ့ထားရှိသည်။

    ရန်ကုန်-ထားဝယ်အဝေးပြေးကားလမ်းမပေါ်ရှိ မော်လမြိုင်-ထားဝယ်ကားလမ်းမအပိုင်း နေရာအတော်များများသည် အစိုးရတပ်ဖွဲ့များမှလုံခြုံရေးအပြည့်အဝ တာဝန်မယူနိုင်ခဲ့သလို ပထဝီအနေအထားအရ မွန်၊ ကရင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ လှုပ်ရှားရာနယ်မြေလည်း ဖြစ်နေသည်။

    ဆက်စပ်သတင်း

    1 COMMENT

    1. ကရင်အဖွဲ့က ဆပ်ကြေးမပေးလို့ မီးရှို့တယ် ဆိုရင်တောင် အဲ့ဒီ ကရင်အဖွဲ့နာမည်ကို တပ်ပြောသင့်တယ်။ ဥပမာ – DKBA (အဟောင်း) လာ၊ သူမူဟဲ (ဟောင်သရော)အဖွဲ့လား၊ ကေအန်ယူလား၊ ငြိမ်းကောင်စီလား၊ နယ်ခြားစောင့် ဒီကေဘီအေလား၊ အများကြီးရှိတယ်လေ။ အခုက ကရင်ဆိုတော့ အကုန်လုံး ပါနေပြီး၊ သူနိုးနိုး ကိုယ်နိုးနိုး ဖြစ်နေတယ်။ ခြေမ မကောင်ခြေမ၊ လက်မ မကောင်း လက်မဘဲဖြစ်ရမယ်။ အခုတော့ ပြန်လွတ်လာတဲ့ သူတွေကတောင် ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့မှန်းမသိဘူးဆိုတော့ ကရင်တွေကို သိက္ခာချသလိုဖြစ်တယ်။

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts