spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းဇွန် (၃၀) ရက်နေ့ နောက်ဆုံးထား လက်နက်အပ်နှံရန် အမိန့်ထုတ်

    ဇွန် (၃၀) ရက်နေ့ နောက်ဆုံးထား လက်နက်အပ်နှံရန် အမိန့်ထုတ်

    -

    နိုင်မာန် – မြန်မာအစိုးရနှင့် အပစ်ခတ်ရပ်စဲထားသည့် အဖွဲ့များအားလုံး ဇွန်လ (၃၀) ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာမြို့နယ်ရဲစခန်း (သို့မဟုတ်) စစ်ဖက်ရေးရာလုံခြုံရေး (စရဖ) ရုံးသို့ လက်နက်များ အပ်နှံရန် လိုက်လံ နှိုးဆော်ထားသည်။

    မွန်အမျိုးသားနေ့မှာ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များ စစ်ရေးပြသနေစဉ် ( လွတ်လပ်သော မွန်သတင်းအေဂျင်စီ)
    မွန်အမျိုးသားနေ့မှာ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များ စစ်ရေးပြသနေစဉ် ( လွတ်လပ်သော မွန်သတင်းအေဂျင်စီ)

    မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့မှာ အသံချဲ့စက်ဖြင့်လည်းကောင်း၊ စာရွတ်လိုက်လံကပ်ခြင်းဖြင့်လည်းကောင် လိုက်လံနှိုးဆော်ထားသည်။ သို့သော် မည်သည့်အဖွဲ့အစည်းဖြစ်သည်ကို အသေးစိတ် ကြေငြာထားခြင်းမရှိပေ။ အထူးသဖြင့် လက်ကျန် ရှိနေသေးသည့် မွန်ပြည်သစ်ပါတီဝင်တွေကို ပြောနိုင်တာဖြစ်သလို တခြား အပစ်ရပ်ယူထားသည့် လက်နက်ကိုင်အဖွဲ့ငယ်တွေကိုလည်း ရည်ရွယ်ပြီး အမိန့်တာလည်းဖြစ်နိုင်သည်ဟု မွန်နိုင်ငံရေးသမားတစ်ဦးက သုံးသပ်သည်။

    “ဒီလက်နက်အပ်တဲ့ကိစ္စကို မော်လမြိုင်မှာ ကြားနေတာကြာပြီး၊ ပါတီထဲပြန်မဝင်ပဲ လက်ကျန် ကျန်နေတဲ့လူတွေကို ပြောတာလည်းဖြစ်နိုင်တယ်၊ အခု သူတို့လိုက်ကြေငြာနေတာကလည်း မရှင်းဘူးလေ၊ ဘယ်အဖွဲ့ကို ဆိုလိုချင်တာလည်း ဒါမှမဟုတ် အဖွဲ့အစည်းအားလုံးကို ဆိုလိုချင်တာလား မရှင်းဘူး” ဟု သူက ပြောသည်။

    တက်လာသည့် အစိုးရသစ်အနေနှင့် နိုင်ငံတော် ဥပဒေအတိုင်း လက်နက်များကို လိုက်လံသိမ်းဆည်းပြီး ပြည်သူတွေကြား ငြိမ်းချမ်းရေး တည်ဆောက်သွားဖို့ ရည်ရွယ်ချက်လည်းဖြစ်နိုင်ကြောင်း မွန်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

    မွန်ပြည်သစ်ပါတီသည် မြန်မာအစိုးရတို့၏ နယ်ခြားစောင့်တပ် (သို့မဟုတ်) ပြည်သူ့စစ်ပုံစံအသွင်းပြောင်းရေးကို လက်မခံကြောင်း ၂၀၁၀ ခုနှစ်မှာ ငြင်းဆိုထားပြီးနောက်ပိုင်း မွန်ပြည်သစ်ပါတီနှင့် မြန်မာအစိုးရကြား အခြေအနေတင်းမာမှုများရှိလာကာ ပြည်တွင်းရှိ မွန်ပြည်သစ်ပါတီရုံးများကိုလည်း ရုပ်သိမ်းထားလိုက်ရသည်။ ပြည်တွင်းရှိ ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ နယ်မြေထဲသို့ ပြန်လည်း ရွေ့ပြောင်းလာကြသည်။

    မွန်ပြည်သစ်ပါတီနှင့် မြန်မာအစိုးရကြား ဆက်ဆံရေးတင်းမာနေချိန်မှာ မွန်ပြည်သစ်ပါတီဝင်တချို့က ပါတီမှ အနားယူလိုက်သူများလည်း ရှိသည်။

    သထုံခရိုင်ရှိ မွန်ပြည်သစ်ပါတီတာဝန်ရှိသူတစ်ဦးက ယခုလို လက်နက်အပ်ရန် အမိန့်ထုတ်ပြန်လာတာဟာ မွန်ပြည်သစ်ပါတီတစ်ပါတီကိုပဲ ရည်ရွယ်ပြီး ထုတ်ပြန်တာမဖြစ်နိုင်ကြောင်း လက်နက်ကိုင်အဖွဲ့အားလုံးအတွက် ဖြစ်နိုင်သည်။ ပြည်တွင်းမှာ ရှိနေသည့် ပါတီဝင်များလည်း ပါတီမှ ရပ်နားထားသူများဖြစ်ပြီး မွန်ပြည်သစ်ပါတီနှင့်လည်း မသက်ဆိုင်ကြောင်း သူက ပြောသည်။

    “သထုံခရိုင်ဘက်မှာတော့ သက်ဆိုင်ရာ ရဲကနေ ကျေးရွာဥက္ကဌတွေဆီကို စာပို့တယ်၊ အဲဒီကနေတဆင့် တစ်ရွာလုံးကို စာလိုက်ဖြန့်တယ်” ဟု အထက်ပါ သထုံခရိုင်တာဝန်ရှိသူက ပြောသည်။

    ကျန်ရှိနေသည့် မွန်ပြည်သစ်ပါတီဝင်အားလုံးကို သက်ဆိုင်ရာ ရဲဌာနမှာ ကိုယ်ရေးရာဇာဝင်အချက်အလက် ပေးပို့ရမည်ဖြစ်ပြီး လက်နက်ရှိပါက လက်နက်ကိုပါ အပ်နှံရမည်ဖြစ်သည်ဟု သံဖြူဇရပ်မြို့ပေါ်ရှိ စရဖနှင့် နီးစပ်သူတဦးက ပြောသည်။

    မွန်ပြည်သစ်ပါတီမှ အနားယူထားသည့် ပါတီဝင်များမှလွဲပြီး မြန်မာအစိုးရနှင့် အပစ်ခတ်ရပ်စဲထားသည့် မွန်လက်နက်ကိုင် အများအပြားရှိနေသည်။ နိုင်ရှောင်းခေါင်ဆောင်တပ်ဖွဲ့နှင့် နိုင်အောင်းချမ်းခေါင်ဆောင်တပ်ဖွဲ့များလည်း လက်နက်ကိုင်ပြီး လှုပ်ရှားနေသည်။

    “ဒီတခါ လက်နက်အပ်ဖို့ ပြောလာတာက အဖွဲ့ဝင်ထားတဲ့လူတွေရော အဖွဲ့မဝင်ထားတဲ့လူရော၊ ပြီးတော့ သူများဆီက ငှားထားတာပဲဖြစ်ဖြစ် ဒါမှမဟုတ် တာဝန်ရှိလို့ ကိုင်ဆောင်ထားတာပဲဖြစ်ဖြစ် လက်နက်ကိုင်သူအားလုံး သက်ဆိုင်ရာ ရဲစခန်းမှာ အပ်ရမယ်” ဟု မုဒုံမြို့နယ်အတွင်းရှိ ကျေးရွာပြည်သူ့တစ်ဦးက ပြောသည်။

    ယခုလို လက်နက်အပ်နှံရန် အမိန့်ထုတ်ခြင်းသည် မွန်ပြည်သစ်ပါတီနှင့် မြန်မာအစိုးရကြား အပစ်ခတ်ရပ်စဲရေး ပျက်ပြားစေလိုသည့် ရည်ရွယ်ချက်ဖြစ်နိုင်သည်ဟု မော်လမြိုင်မြို့ပေါ်ရှိ နိုင်ငံရေးအကဲခတ်သူတစ်ဦးက ပြောသည်။ မွန်ပြည်သစ်ပါတီအနေနှင့်လည်း လက်နက်အပ်နှံမည်မဟုတ်ပဲ၊ အစိုးရအနေဖြင့် မွန်ပြည်သစ်ပါတီကို နိုင်ငံတော်ဥပဒေ မလိုက်နာသည့်အဖွဲ့ဟု ကြေငြာပြီးနောက် မွန်ပြည်သစ်ပါတီကို ဥပဒေဘောင်အတွင်း ထိုးစစ်ဆင်လာနိုင်သည်ဟု သူက သုံးသပ်သည်။

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts