spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းအစိုးရအဖွဲ့ဝင်များ လူ့အခွင့်အရေးအဖွဲ့အစည်းတွင် မပါဝင်သင့်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများ ပြော

    အစိုးရအဖွဲ့ဝင်များ လူ့အခွင့်အရေးအဖွဲ့အစည်းတွင် မပါဝင်သင့်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများ ပြော

    -

    ကျလွန်းထော – လူ့အခွင့်အရေးအဖွဲ့ ဖွဲ့စည်းရာတွင် နိုင်ငံတော်အစိုးရအဖွဲ့ဝင်များ မပါဝင်သင့်ကြောင်း ပြည်ပရောက် လူ့အခွင့်အရေး ပညာပေးဌာနမှ ဒါရိုက်တာ အောင်မျိုးမင်းက ပြောသည်။ မြန်မာနိုင်ငံ လူ့အခွင့်အရေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းရာတွင် အစိုးရသစ်များဖြစ်သည့် ပြည်ထောင်စု ဝန်ကြီးများဖြင့်သာ တာဝန်ယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းကို နိုင်ငံတော်သမ္မတ၏ အမိန့်ကြေငြာ စာအမှတ် ၃၄/၂၀၁၁ ဖြင့် ဇွန်လ ၂၄ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) သတင်းစာမှာ ဖော်ပြထားသည်။

    ကချင်ပြည်နယ် အစိုးရနှင့် မြန်မာစစ်တပ်မှ ထိုးစစ်နှင့် လူ့အခွင့်အရေး ကျူးလွန်နေသည့်နေရာ။ (ဓာတ်ပုံ- KWAT)
    ကချင်ပြည်နယ် အစိုးရနှင့် မြန်မာစစ်တပ်မှ ထိုးစစ်နှင့် လူ့အခွင့်အရေး ကျူးလွန်နေသည့်နေရာ။ (ဓာတ်ပုံ- KWAT)

    “လူ့အခွင့်အရေးကော်မရှင်မှာ အစိုးရမှားရင်လည်း မှားသလို၊ ဥပဒေမှာလည်း လူ့အခွင့်အရေးချိုးဖောက်တာရှိရင် ချိုးဖောက်သလို တိတိလင်းလင်းနဲ့ ထုတ်ဖော်ပြောဆိုဖို့ လိုအပ်တယ်၊ အခုလိုမျိုး အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ထုတ်ဖော်ပြောဆိုမယ့်သူက အစိုးရကိုယ်တိုင်ဖြစ်နေတော့ ဘယ်လိုမှ မဖြစ်သင့်တဲ့အရာဖြစ်တယ်၊ လွတ်လပ်ပြီး ကျွမ်းကျင်တဲ့ပညာရှင်တွေ ဖြစ်ရမယ်ဆိုတဲ့ နိုင်ငံတကာ စံချိန်နဲ့ လုံးဝကို ဆန့်ကျင်နေတာတွေ့နေရတယ်” ဟု ဒါရိုက်တာ အောင်မျိုးမင်းက ပြောသည်။

    နိုင်ငံတစ်နိုင်ငံတွင် လူ့အခွင့်အရေးနှင့်ပတ်သက်သည့် လူ့အခွင့်အရေးကော်မရှင်တစ်ခုကို ဖွဲ့စည်းမည်ဆိုလျှင် နိုင်ငံတကာမှ ကိုးကားရသည့် Principle မူဝါဒ သဘောတူညီချက်ကို လိုက်နာရမည်ဖြစ်သည်။ ၄င်းမူဝါဒတွင် လူ့အခွင့်အရေးကိစ္စကို စောင့်ကြည့်မည့် နိုင်ငံတော်ဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်မှာ ပါဝင်သည့် ပုဂ္ဂိုလ်များက အစိုးရနှင့် ကင်းဝေးပြီး အမှန်အတိုင်း ပြောဆိုနိုင်ခြင်းနှင့် လွတ်လပ်ပြီး တရားမျှတသည့် ပညာရှင်များသာပါဝင်ရမည်။ လူ့အခွင့်အရေးကိစ္စကို အမှန်တကယ် ဖော်ထုတ်ရေးကို လုပ်ဆောင်နိုင်သူမှသာ လူ့အခွင့်အရေးကော်မရှင်အဖွဲ့၏ ဂုဏ်သိက္ခာနှင့် ကိုက်ညီနိုင်မည်ဖြစ်ကြောင်း ဒါရိုက်တာ အောင်မျိုးမင်းက ပြောသည်။

    လူမှုအဖွဲ့အစည်းများ၊ အဖွဲ့အစည်းခေါင်းဆောင်များ ပါဝင်မှုမရှိပဲ အစိုးရအဖွဲ့ဝင်ဖြင့် ဖွဲ့စည်းထားခြင်းမှာ လုံးဝ မဖြစ်သင့်ကြောင်း၊ ၄င်းတို့မှာ လူ့အခွင့်အရေးကို လေးစားယောင်ဆောင်ပြီး ဖွင့်ထားခြင်းဖြစ်ေကြောင်း မွန်လူ့အခွင့်အရေးဖောင်ဒေရှင်းမှ လူ့အခွင့်အရေး သတင်းအချက်အလက်ကောက်ခံရေးနှင့် စုဆောင်းရေးတာဝန်ခံ ကိုအွန်းမွန်က ပြောသည်။

    “ဒါကတော့ တခြားနိုင်ငံတွေကို ဗန်းပြဖို့အတွက် ဖွဲ့ထားတာပါ၊ အမျိုးသမီးရေးရာနဲ့ မိခင်နှင့်ခလေးစောင့်ရှောက်ရေးလိုပါပဲ ဘာမှအကြောင်းမထူးလာဘူး၊ မြန်မာကလည်း စီဒေါမှာ လက်မှတ်ရေးထိုးထားတယ်ဆိုတော့ အစိုးရအဖွဲ့တစ်ခုမှ ဒီလို လူ့အခွင့်အရေးအဖွဲ့ မရှိလို့မဖြစ်ဘူး၊ ဒါ့ကြောင့် လူ့အခွင့်အရေးကို လေးစားယောင်ဆောင်ပြီးတော့ ရုပ်ပြသဘောနဲ့ ဖွဲ့ထားတာပါ” ဟု ကိုအွန်းမန်က ပြောသည်။

    လက်ရှိ နယ်စပ်တိုင်းရင်းသားဒေသများကို ထိုးစစ်ဆင်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုများ မရပ်တန့်ပဲ လူ့အခွင့်အရေးအဖွဲ့အစည်း ဖွဲ့စည်းခြင်းက လုံးဝမဖြစ်နိုင်ကြောင်းနှင့် ထိုသို့ ဖွဲ့စည်းနေခြင်းမှာ အစိုးရက သံတမန်များကို ဝါဒဖြန့်ချီရန်အတွက်သာ ဖြစ်ကြောင် ထိုင်းနိုင်ငံရောက် ကချင်အမျိုးသမီးအခွင့်အရေးမှ ရှယ်လီဆိုင်းက ပြောသည်။

    “အမှန်တကယ်ဖွဲ့စည်းတယ်ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး၊ အခု လက်ရှိ ကချင်ဒေသမှာ ဗမာစစ်တပ်တွေ ထိုးစစ်ဆင်တယ်၊ သတ်ဖြတ်၊ မုဒိမ်းကျင့်နေတာတောင် ရပ်တန့်အောင် မလုပ်ဆောင်နိုင်ပဲနဲ့ ဒီအဖွဲ့အစည်း ဖွဲ့တာ၊ ဒါကတော့ ဗန်းပြရုံးအတွက်ပါပဲ” ဟု ရှယ်လီဆိုင်းက ပြောသည်။

    ကချင်ဒေသတွင် လက်ရှိဖြစ်ပေါ်နေသည့် ထိုးစစ်ဆင်ပြီး ကချင်အမျိုးသမီးနှင့် ခလေးငယ်များကို မုဒိန်းကျင့်မှုများ ဖြစ်ပေါ်နေသည်ကို စုံစမ်းဖော်ထုတ်ပြီး အပြစ်ရှိသူများကို အမှန်တကယ် အရေးယူမှုရှိမှသာ မှန်ကန်သည့် လူ့အခွင့်အရေးလမ်းစဉ် ဖြစ်မည်ဟု ဒါရိုက်တာ အောင်မျိုးမင်းက ပြောသည်။

    မြန်မာနိုင်ငံ လူ့အခွင့်အရေးအဖွဲ့ကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဌ၊ အလုပ်သမားဝန်ကြီးက ဒုဥက္ကဌ၊ အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနညွန်ကြားရေးမှုးချုပ်က အတွင်းရေးမှုး၊ နိုင်ငံဖြတ်ကျော်မှုခင်းဌာန၏ ဌာနမှုးက တွဲဖက်အတွင်းရေးမှုး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးနှင့် ပြည်ထောင်စု ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယစစ်ဥပဒေချုပ် (စစ်ဥပဒေချုပ်ရုံး) နှင့် အကျဉ်းဦးစီးဌာန၏ ညွှန်ကြားရေးမှုးချုပ်တို့က အဖွဲ့ဝင်အဖြစ် ဖွဲ့စည်းထားသည်။

    နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောက်စီ၏ ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့စွဲပါ အမိန့်ကြေငြာစာအမှတ် (၅၃/၂၀၀၇) ကို ပယ်ဖျက်လိုက်ပြီး စာအမှတ် (၃၄/၂၀၁၁) ဖြင့် အစိုးရသစ် သမ္မတက အမိန့် ပြန်လည်ထုတ်ပြန်ထားသည်။

     

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts