မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / ပဋိပက္ခအကြား ကျီးလန့်စာစားတဲ့ ဘုရားသုံးဆူမြို့ ကလေး

ပဋိပက္ခအကြား ကျီးလန့်စာစားတဲ့ ဘုရားသုံးဆူမြို့ ကလေး

ရေးသားသူ:

ပြည်တွင်းစစ် အနံ့ အသက်

၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်ကတည်းကပါ။ မွန်နဲ့ ကရင်လူမျိုးစုတွေ နေထိုင်ရာ ဘုရားသုံးဆူဒေသဟာ မငြိမ်သက်ခဲ့တာပါ။ ပြည်တွင်းစစ်ရဲ့ အနံ့အသက်တွေကို ပြည်သူတွေ ထပ်မံရှုရှိက်နေရပြန်ပြီ။

စစ်အစိုုးရနဲ့ ၁၉၉၄ ခုနှစ်ကတည်းက အပစ်အခတ်ရပ်စဲပြီး အစိုးရဘက်အဆက်ဆက်ရပ်တည်ခဲ့တဲ့ တိုးတက်သော ကရင်ဗုဒ္ဓဘာသာလက်နက်ကိုင်တပ် (ဒီကေဘီအေ) တပ်ဖွဲ့ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလိုက်ဖို့ ဖိအားပေးကတည်းကပါ။ ဒီကေဘီအေတပ်ဖွဲ့ အချို့က စစ်အစိုးရကိုု မကျေမနပ်ဖြစ်ပြီး ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့ မှာပဲ ဘုရားသုံးဆူနဲ့ မြဝတီမြို့ကိုသိမ်းလိုက်တယ်။ အဲဒီမြို့သိမ်းသတင်းက ရွေးကောက်ပွဲသတင်းထက် ဟိုးလေးတကျော်တကျော် ဖြစ်ခဲ့တယ်။

ဒီ ၂၀၁၁ ခုနှစ် မကြာသေးခင်က ဇွန်လ (၅) ရက်နဲ့ (၁၄) ရက်နေ့က အမည်မသိတဲ့ လက်နက်ကိုင်တစုက ဘုရားသုံးဆူကို ဝင်ရောက်တိုက်ခိုက်လိုက်ပြန်တော့ လူဦရေ (၃၀၀၀၀) လောက်ရှိတဲ့ တချိန်က စည်ကားခဲ့တဲ့ မြို့ ကလေးဟာ ကျီးလန့်စာစားတဲ့ ခြောက်ကပ်ပ်မြို့ ဖြစ်သွားပါတော့တယ်။

ဇွန်လ ၁၄ ရက်နေ့တွင် မီးလောင်နေသည့် ဦးအောင်တင်ဝင်း၏ နေအိမ်စျေးဆိုင် ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )
ဇွန်လ ၁၄ ရက်နေ့တွင် မီးလောင်နေသည့် ဦးအောင်တင်ဝင်း၏ နေအိမ်စျေးဆိုင် ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )

ယခုရက်ပိုင်းတွေအတွင်း ဘုရားသုံးဆူမြို့ကို ရောက်ခဲ့မယ်ဆိုရင် အချက်အချာကျတဲ့ လမ်းဆုံလမ်းခွ အချို့က အရံအတားတွေ၊ မြို့မစျေးဓမ္မာရုံအနီးက သဲအိတ်ခံကတုတ်တွေကို တွေ့မြင်ရပါမယ်။ မြို့မစျေးကိုလည်း သံဆူးကြိုးထပ်ကာဖို့ ပြင်ဆင်နေပါတယ်။ မြို့လယ်မှာလည်း လက်နက်ကိုင်စစ်သားတွေကို အသင့်အနေအထားမျိုး မြင်တွေ့နေရတော့ လမ်းသွားလမ်းလာတွေ ကျဲနေပါတယ်။ မကြာခဏဆိုသလို ရုတ်ရုတ်သဲသဲဖြစ်တတ်လို့ ခလေးတွေကို အိမ်အပြင် ပေးမထွက်ရဲကြပါဘူး။ သတင်းတွေက ဟိုတမျိုးဒီတမျိုး မြို့တွင်းမှာပြန့်လွင့်ထွက်ပေါ်နေဆဲ။ စာသင်ကျောင်းကိုလည်း ခလေးတွေ မသွားစေလိုကြ။ စျေးဆိုင်တွေကလည်း ပိတ်လိုက်ဖွင့်လိုက်နဲ့ဆိုတော့ အရင်က စည်ကားခဲ့တဲ့ ဘုရားသုံးဆူနယ်စပ်မြို့ကလေးဟာ ကျီးလန့်စာစား ဖြစ်နေရပါပြီ။

ဇွန်လ ၅ ရက်နေ့ ၂၀၁၁ ခုနှစ်။

အဲဒီနေ့ မွန်းလွဲ ၃ နာရီကျော်ခန့်မှာ ဘုရားသုံးဆူမြို့မစျေးအနီးအနားမှာရှိတဲ့ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးကို သာမန်အရပ်သားပုံစံနဲ့ လက်နက်ကိုင် ၃ ဦး မော်တော်ဆိုင်ကယ်တစီးနဲ့ ရုတ်တရက်ရောက်ရှိလာပြီး အော်တိုမက်တစ်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့သလို စရဖရုံးကိုလည်း အသင့်ပါလာတဲ့ ဗုံးနဲ့ ခွဲလိုက်ပါတယ်။ စရဖတပ်ကြပ်တဦး သေနတ်ဒဏ်ရာကြောင့် သေဆုံးခဲ့ရပြီး အခြားစရဖအရာရှိတယောက်လည်း ဒဏ်ရာနဲ့ထွက်ပြေးနိုင််လို့ သေဘေးကသီသီလေး လွတ်မြောက်ခဲ့တာပါ။

တဆက်တည်းမှာပဲ အဲဒီလက်နက်ကိုင် ၃ ဦးဟာ အသင့်ပါလာတဲ့မျက်နှာဖုံးကိုစွပ်ပြီး ဘုရားသုံးဆူမြို့မ စျေးရှေ့ကို မိနစ်ပိုင်းအတွင်းချက်ချင်း ရောက်ရှိလာပါတယ်။ စစ်တပ်တွေစခန်းချတတ်တဲ့ မြို့လယ်ဓမ္မာရုံတခါးကို ဗုံးခွဲ၊ မသင်္ကာတာကို ပစ်ခတ်တဲ့အတွက် အလယ်တန်းကျောင်းသူမိန်းခလေးတဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး အခြား၂ ယောက်လည်းဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီနောက် အနီးအနားက ထရပ်ကားငယ်တစီးကို မျက်နှာဖုံးစွပ် လက်နက်ကိုင်တွေ တားယူကာ မြို့ပြင်ဖက်ကို ကိုယ်တိုင်မောင်းနှင်သွားပါတယ်။ ဒီဖြစ်စဉ်ကလည်း နာရီဝက်မျှပဲ ကြာမြင့်တယ်လို့ မြို့ ခံတွေက ပြောဆိုကြပါတယ်။

အဲဒီလက်နက်ကိုင်မျက်နှာဖုံးစွပ်တွေ ပြန်လည်ထွက်ခွာသွားပြီးမှ မြို့ပေါ် မြန်မာ့တပ်မတော်က စစ်သည်တော်တွေ စစ်ယူနီဖေါင်းမပါပဲ အခင်းဖြစ်ပွားတဲ့ နေရာကို ရောက်ရှိလာပါတော့တယ်။ ဘုရားသုံးဆူမြို့ လုံခြုံရေးကို အဓိက တာဝန်ယူထားကြတဲ့ မြန်မာစစ်တပ် အချိန်မီ မလာရောက်တဲ့အတွက် မြို့ခံတွေ အတော်ခံပြင်း ကြရပါတယ်။ အဆိုးဆုံးကတော့ ဘယ်သူ၊ ဘယ်ဝါ၊ ဘယ်အဖွဲ့က ဝင်ရောက်ပစ်ခတ်သွားခဲ့ပါသလဲဆိုတာကိုလည်း မြန်မာအာဏာပိုင်တွေ သတင်းတိတိကျကျ မဖေါ်ထုတ်နိုင်၊ သတင်းမထုတ်ပြန်နိုင်ခဲ့။ ဟိုထင် ဒီထင်၊ ဟိုအဖွဲ့လက်ညှိုးထိုး ဒီအဖွဲ့လက်ညှိုးထိုးနဲ့ပဲ ပြီးဆုံးသွားပါတော့တယ်။

ဇွန်လ ၁၄ ရက်နေ့ ၂၀၁၁ ခုနှစ်။

မွန်းတည့် ၁၂ နာရီကျော်ခန့်မှာ ဘုရားသုံးဆူမြို့လယ်ရဲ့ အချက်အချာကြတဲ့ မြို့မစျေးအနီးက ဦးအောင်တင်ဝင်း ပိုင်ဆိုင်တဲ့ ရွှေဆိုင်နဲ့တွဲလျှက် ကုန်စုံဆိုင်တဆိုင်ကို မျက်နှာဖုံးစွပ်လက်နက်ကိုင် (ခန့်မှန်း) ၇ ဦးခန့်က လက်နက်ကြီးငယ်တွေနဲ့ ဝင်ရောက် ပစ်ခတ်ပါတယ်။ အဲဒီလက်နက်ကိုင်တွေရဲ့ မော်တော်ကားမှာ အသင့်ယူဆောင်လာတဲ့လောင်စာဆီ ၂ ပုံးနဲ့ ဂက်စ်အိုး ၅ လုံးကိုလည်း ဆိုင်အထဲ ပစ်သွင်းလိုက်ပါတယ်။ လက်နက်ကြီးပေါက်ကွဲသံနဲ့အတူ အဲဒီလောင်စာဆီရော ဂက်စ်အိုးတွေပါ အဆင့်ဆင့်ပေါက်ကွဲ လောင်ကျွမ်းသွားပြီး တဆိုင်လုံး မီးလောင်ပျက်ဆီး ဆုံးရှုံးခဲ့ရပါတယ်။ ဆိုင်အတွင်းရှိ ပစ္စည်းအားလုံးလိုလို ပြင်းထန်တဲ့ မီးလောင်ရာထဲ ပါသွားခဲ့ပါတယ်။ သတင်းဌာနအချို့က အဲဒီပျက်ဆီးဆုံးရှုံးမှုဟာ ဘတ်ငွေသိန်း ၅၀၀ ခန့်ရှိလိမ့်မယ်လို့ ခန့်မှန်းပါတယ်။ အဲဒီပစ်ခတ်မှုမှာ အရပ်သား ၂ ဦးလည်း သေနတ်ဒဏ်ရာရခဲ့ပါတယ်။

အဲဒီလိုအခင်းဖြစ်ပွားနေချိန်မှာ မြို့ပေါ်လုံခြုံရေးယူထားကြတဲ့ စစ်တပ်၊ ပြည်သူ့စစ်၊ ရဲတွေ တယောက်တလေမှ ရောက်မလာကြ၊ တဖက်နဲ့တဖက်အပြန်အလှန်ပစ်ခတ်မှုလည်းမရှိ။ မျက်နှာဖုံးစွပ်လက်နက်ကိုင်တွေက သူတို့လိုက်ပါစီးနင်းလာတဲ့ ထရပ်ကားငယ်ကို မီးရှို့ဖျက်ဆီးလိုက်တယ်။ အဲဒီမျက်နှာဖုံးစွပ် လက်နက်ကိုင်တွေဟာ သူတို့ရည်မှန်းထားတာကို နာရီဝက်ခန့်အကြာ စိတ်ကြိုက်ပစ်ခတ်ခဲ့ပြီးနောက် မြို့ပြင်အနောက်တောင်ဖက်ကို အေးအေးဆေးဆေး လမ်းလျှောက်ထွက်သွားပြီးမှပဲ မြို့ပေါ်ကစစ်သားနဲ့ လုံခြုံရေးတွေ အလျှိုလျှိုပေါ်လာပါတော့တယ်။

လုံခြုံမှုမရှိတဲ့ မြို့ကလေး

ဒီဖြစ်ပွားခဲ့တဲ့ပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီး ဘယ်လက်နက်ကိုင်အဖွဲ့မှလည်း သတင်းထုတ်ပြန် ဝန်ခံပြောဆိုတာတွေ မရှိသေးပါဘူး။ ကာယကံရှင်တွေကလွဲပြီး ဘယ်သူမှမသိနိုင်ပါ။ ကောလဟာလ ထင်မြင်ချက်အမျိုးမျိုးသာ ထွက်ပေါ်နေတော့တယ်။ ဒါကြောင့် မြို့ခံတွေပိုပြီး ထိန့်လန့်နေကြရပါတယ်။

မြန်မာအာဏာပိုင်တွေရဲ့ စစ်တပ်ဟာ ဘုရားသုံးဆူမြို့ကို လုံးဝ လုံခြုံမှု အကာအကွယ် မပေးနိုင်တော့ဘူးလို့ မြို့ခံတွေ ယူဆနေကြပါပြီ။ ခုဆိုရင် အချိန်တိုင်းအခါတိုင်း သတိနဲ့သွားလာနေကြရတာပါ။ လုပ်ငန်းခွင်မှာလည်း ကျီးလန့်စာစား။ အချို့မြို့ခံတွေ အခြားနေရာကို ပြောင်းရွေ့နေကြပါပြီ။ စာသင်ကျောင်းမှာ ကျောင်းသားအနည်းငယ်ပဲ ကျောင်းတက်နေကြသလို စျေးဆိုင်အချို့တွေလည်း ပိတ်ထားကြပါတယ်။ ဒီလိုဖြစ်ရပ်မျိုးကို နောက်တကြိမ် မမြင်မတွေ့လိုကြပါ။

ဇွန်လ ၅ ရက်နေ့က အမည်မသိ လက်နက်ကိုင်များ ဖောက်ခွဲပြီး ပျက်စီးသွားသည့် စရဖ ရုံး။
ဇွန်လ ၅ ရက်နေ့က အမည်မသိ လက်နက်ကိုင်များ ဖောက်ခွဲပြီး ပျက်စီးသွားသည့် စရဖ ရုံး။

ဘုရားသုံးဆူနယ်စပ်ရှိ စစ်ရေးအကဲခတ်သူတွေက မြို့တွင်းကိုအခုလိုအလွယ်တကူ ဝင်ထွက်သွားလာနိုင်တဲ့ လက်နက်ကိုင်အဖွဲ့ဆိုတာ ဘုရားသုံးဆူမြို့ပေါ်မှာ လက်နက်ကိုင်လှုပ်ရှားခဲ့ဘူးတွေပဲ ဖြစ်နိုင်တယ်လို့ ကောက်ချက်ချကြပါတယ်။ သူတို့ဟာ နယ်မြေကျွမ်းကျင်မှုရှိသလို မြို့ပေါ်က အစိုးရလုံခြုံရေး အခြေအနေအရပ်ရပ်ကို စေ့စေ့ငှငှနားလည်သူတွေ ဖြစ်ရပါလိမ့်မယ်။ မြို့ပေါ်က သက်ဆိုင်ရာအာဏာပိုင်တွေကို သတင်းဖလှယ်နိုင်တဲ့သူတွေလည်း ပါဝင်ရပါမယ်။

လက်ရှိဘုရားသုံးဆူဒေသမှာ အစိုးရစစ်တပ် ၃ တပ်ရင်းရောက်ရှိနေပေမယ့် စုစုပေါင်း စစ်သည်အင်အား ၃၀၀ ထက်မကျော်ဘူးလို့ နယ်စပ်စစ်ရေးလေ့လာသူတွေက ပြောဆိုပါတယ်။ နယ်မြေခံတပ်အဖြစ် ခမရ ၂၈၄ တပ်ရင်း အင်အား ၁၀၀ ဝန်းကျင်ခန့်ကို ဘုရားသုံးဆူမြို့ပေါ်က ဗျူဟာကျတဲ့စခန်းအသီးသီးမှာနေရာခွဲပြီး တပ်ဖြန့်ချထားပါတယ်။ နောက်ပြီး ရခိုင်ပြည်နယ်က ခမရ ၅၆၆ တပ်ရင်းတစ်ရင်း အင်အား ၁၀၀ ဝန်းကျင်က မြို့ပြင်အနီးတဝိုက်မှာ လှုပ်ရှားနေပါတယ်။ အင်အား ၅၀ ခန့်ရှိတဲ့ ခမရ ၅၆၃ စစ်ကြောင်းတကြောင်းကတော့ ဘုရားသုံးဆူမြို့ပြင် ၁၀ မိုင်ကျော်၊ မယ့်ကသာ၊ ချောင်းဆုံ စတဲ့ဒေသတွေမှာလှုပ်ရှားနေပါတယ်။

ပဋိပက္ခတွေကြားမှ တိုင်းရင်းသားပြည်သူများ

ရွေးကောက်ပွဲ မတိုင်ခင်ကာလက ဒီမြို့လေးဟာ စီးပွားရေး ကောင်းမွန်တဲ့မြို့ ဖြစ်တယ်။ ငြိမ်းချမ်းပြီး စည်ပင်သာယာဝပြောလာတာနဲ့အမျှ အလုပ်အကိုင်အခွင့်အလမ်းကောင်းမွန်လာတဲ့ နယ်စပ်မြို့တမြို့ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်မို့ လုပ်ငန်းအခြေအနေအလားအလာကောင်းနေတဲ့ ဘုရားသုံးဆူမြို့ကို အနယ်နယ် အရပ်ရပ်က မြန်မာတိုင်းရင်းသားလူမျိုးပေါင်းစုံ ဝင်ရောက်အခြေချလာကြတာပါ။ မြို့တွင်းသုံး လျှပ်စစ်မီး ၂၄ နာရီ ပတ်လုံး၊ ပြည်တွင်းဆက်သွယ်ရေးဖုန်း၊ ထိုင်းနိုင်ငံသုံးဖုန်း၊ အင်တာနက်တွေပါမကျန် ထိုင်းနိုင်ငံက မြို့တမြို့လို လူနေမှုအဆင့်အတန်းလည်း တိုးတက်လာခဲ့ပါတယ်။ တဖက်နိုင်ငံနဲ့လည်း ခြံစည်းရိုး ကာရံထားတာ မရှိသလို မြစ်ချောင်းတွေ ခြားနားထားတဲ့ သဘာဝအဆီးအတားတွေလည်း မရှိပါဘူး။ တခေါ်လောက်ပဲဝေးတဲ့ ထိုင်းနယ်မြေထဲက အလုပ်ရုံတွေမှာတော့ မြန်မာအလုပ်သမားတွေ လွတ်လပ်စွာ ဝင်ရောက်အလုပ်လုပ်နိုင်ပါတယ်။

ပထဝီအနေအထားအရ ဘုရားသုံးဆူမြို့ အရှေ့ဖက်မှာက ထိုင်းနိုင်ငံ၊ အရှေ့မြောက်၊ မြောက်ဖက်နဲ့ အနောက်ဖက်တွေမှာ KNU နဲ့ DKBA တပ်ဖွဲ့များလှုပ်ရှားနယ်မြေဖြစ်ပြီး တောင်ဖက်မှာတော့ မွန်ပြည်သစ် ထိန်းချုပ်ဧရိယာပါ။ မြို့ပြင်မှာရှိတဲ့ မြန်မာစစ်တပ်လှုပ်ရှားတပ်ဖွဲ့တွေက KNU နဲ့ DKBA ဂွင်ထဲမှာပဲလှုပ်ရှားကြပါတယ်။ ပြီးတော့လည်း KNU သို့မဟုတ် DKBA တပ်ဖွဲ့ကတိုက်ပွဲဝင် စစ်ဆင်မှပဲ တိုက်ပွဲသံကြားရပါမယ်။ ၂၀၁၀ နှစ်စပိုင်းကနေ ခုအချိန်ထိ ဘုရားသုံးဆူ ဒေသတဝိုက်က ဘယ်ကရင်လက်နက်ကိုင်တပ်ဖွဲ့စခန်းလေးကိုမှ အစိုးရစစ်တပ်ကနေ ဝင်ရောက်တိုက်ခိုက် ချေမှုန်းခဲ့တဲ့သတင်း မကြားမိသေးပါဘူး။

အခုလိုမိုးရာသီကာလရောက်ပြီဆိုရင် ဘုရားသုံးဆူမြို့ဟာ ကျွန်းမြို့တခုလို ဆိုရမှာပါ။ ပြည်တွင်းကိုရောက်ဖို့ ဇမိမြစ်ကြောင်းအတိုင်း ပဲ့ချိပ်စက်လှေနဲ့ တနေကုန်စုန်ဆင်းသွားမှပဲ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ကို ရောက်နိုင်ပါလိမ့်မယ်။ ဒီမြစ်ကြောင်းတလျှောက်ကို KNU က အဓိကထိန်းချုပ်ထားပြီး မွန်ပြည်သစ်ပါတီ၊ DKBA တပ်ဖွဲ့တွေနဲ့ အစိုးရစစ်တပ်၊ ရေတပ်တွေကိုလည်း အဆင့်ဆင့်ဂိတ်ကြေးပေးပြီး ဖြတ်သန်းသွားလာနေပါတယ်။ ရေဆန်ခရီးဖြစ်တဲ့ ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူကိုတော့ ၂ ရက်ခရီး ပဲ့ချိပ်လှေစီးရပါလိမ့်မယ်။

ယခုဇွန်လ တတိယသီတင်းပတ်မှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အနီး ရွှေနတ်တောင်အားကစားကွင်းမှာ စစ်ကားတန်းတွေနဲ့ စစ်သားတွေ စုဖွဲ့ထားတဲ့အတွက် စစ်ရေးပြင်ဆင်နေတဲ့သတင်း ထွက်ပေါ်လာပါတယ်။ ဘယ်ဒေသကိုထိုးစစ်ဆင်မလဲဆိုတာကို အတိအကျမပြောနိုင်သေးပါ။ လတ်တလော ကရင်နယ်ခြားစောင့်တပ် ၄ ရင်း DKBA နဲ့ပြန်ပူးပေါင်းတဲ့သတင်း ထွက်ပေါ်လာလို့ မြိုင်ကြီးငူဒေသကိုပဲ ထိုးစစ်လုပ်လေမလား၊ KNU တပ်မဟာ ၆ ဒေသ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးကိုလား၊ မငြိမ်မသက်ဖြစ်နေတဲ့ ဘုရားသုံးဆူဒေသကို ထိုးစစ်ဆင်လေမလား။ ဒါမှမဟုတ် တဖွဲ့ထဲသေနတ်သံတိတ်ဆိတ်နေတဲ့ မွန်ပြည်သစ်ပါတီကို စစ်ဆင်တော့မှာလား။ ဒီလိုနဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ မြန်မာအစိုးရတပ်ဖွဲ့တွေ ဒီလိုထိုးစစ်ဆင်နေကြတာ အနှစ် ၆၀ ကျော်ခဲ့ပါပြီ။

ရှည်လျားလှတဲ့ သမိုင်းကြောင်း

အနှစ် ၆၀ ဟိုဖက်အလွန် မြန်မာပြည်လွတ်လပ်ရေးမရမီ ဂျပန်ခေတ်မှာဆိုလျှင် ဘုရားသုံးဆူဒေသကို သေမင်းတမန် လမ်းအဖြစ် အမည်တွင်ကာ ကမ္ဘာသိဖြစ်ခဲ့တယ်။ ဒုတိယကမ္ဘာစစ်အတွင်း ယိုးဒယား-မြန်မာမီးရထားလမ်းဖေါက်လုပ်ရေး အထူးသဖြင့် သံဖြူဇရပ်-ဘုရားသုံးဆူလမ်းဖေါက်လုပ်ခဲ့ရာမှာ ဖက်ဆစ်ဂျပန်စစ်ဘီလူးတွေရဲ့ ရက်စက်မှုဒဏ်ကို မြန်မာပြည်သားများ အလူးအလဲခံစားခဲ့ရတယ်။ ဖက်ဆစ်ဂျပန်ချွေးတပ်သားဘဝနဲ့ မြန်မာပြည်သားများစွာ ဒီဘုရားသုံးဆူဒေသ သေမင်းတမန် လမ်းတလျောက်မှာ အသက်စတေးခံ မြုပ်နှံခဲ့ရတာပါ။

ထိုင်းနိုင်ငံ၊ ကန်ချနပူရီမြို့လယ်ရှိ မဟာမိတ်စစ်သင်္ချိုင်းတခုမှာ သေမင်းတမန်ရထားလမ်း ဖောက်လုပ်စဉ် သေဆုံးခဲ့တဲ့ စစ်သုံ့ပန်း ၆၉၈၂ ဦးကိုမြုပ်နှံထားပါတယ်။ သို့သော် တကယ်သေဆုံးခဲ့သူဦးရေမှာ ခန့်မှန်းခြေစစ်သုံ့ပန်း ၁၂၃၃၉ ဦးနဲ့ ချွေးတပ်သား ၇၀၀၀၀ မှ ၉၀၀၀၀ ဦးရေကြား သေဆုံးခဲ့ကြပြီး ဆောက်လုပ်ရေးလုပ်သား နှစ်ဆယ် ရာခိုင်နှုန်း သေဆုံးခဲ့သည်ဟု ယူဆရကြောင်း သမိုင်းမှတ်တမ်းများ ကျန်ရှိခဲ့တယ်။ အဲဒါအပြင် သံဖြူဇရပ်၊ ထောက်ကြံ့(ရန်ကုန်) မှာလည်း အလားတူ မဟာမိတ်စစ်သင်္ချိုင်းတွေ ရှိနေပါတယ်။

ဂျပန်ထွက်ပြီးတဲ့နောက်ပိုင်း ဘုရားသုံးဆူဒေသဟာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ စခန်းချ အခြေပြုရာ နေရာဖြစ်ခဲ့ပါတယ်။ ထိုင်းနယ်စပ်အနီး ရွာငယ်လေးတရွာအဖြစ်သာ တည်ရှိခဲ့ပြီး မဆလအစိုးရ လက်ထက် ၁၉၈၀ နောက်ပိုင်းမှာ ထိုင်းနိုင်ငံနဲ့ ကုန်သွယ်မှုပြုနိုင်တဲ့ မှောင်ခိုစျေးကွက်နေရာလည်း ဖြစ်ခဲ့တယ်။ နယ်စပ်ကုန်သွယ်မှု လုပ်ငန်းကြောင့် တဖြေးဖြေးစည်ကားလာပြီး ရွာကြီးတခုလိုဖြစ်လာတယ်။ သို့သော်လည်း ၁၉၈၈ ခုနှစ် မွန်ပြည်သစ်ပါတီနဲ့ ကေအဲန်ယူပဋိပက္ခတိုက်ပွဲကြောင့် ဘုရားသုံးရွာ မီးလောင်ပျက်စီးခဲ့ရပါတယ်။ နှစ်ဖက်လက်နက်ကိုင် ပဋိပက္ခတွေ ပြေလည်ကြပြီးနောက် ဘုရားသုံးဆူဒေသခံတွေ တဖြေးဖြေးပြန်လည်အခြေချလာပြန်တယ်။ ၈၈ အရေးအခင်း နောက်ပိုင်း ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားတပ်ဖွဲ့တွေ စခန်းချခဲ့တဲ့နေရာလည်း ဖြစ်ခဲ့ပါတယ်။

၁၉၉၀ ခု၊ နှစ်စပိုင်းမှာ မွန်ပြည်သစ်ပါတီဗဟိုဌာချုပ်ကို စစ်အစိုးရတပ်ဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဘုရားသုံးဆူရွာကိုလည်း ထိန်းချုပ်လိုက်ပါတယ်။ အဲဒီကာလကစပြီး ဘုရားသုံးဆူရွာကို မြို့တမြို့အဖြစ် နဝတခေတ်မှာ တည်ခဲ့ပါတယ်။ အဲဒီကာလတွေမှာ နယ်မြေတည်ငြိမ်မှုမရှိခဲ့ပေမယ့်လည်း မြို့ပေါ်ကို ဘယ်တော်လှန်ရေးအဖွဲ့မှ ဝင်ရောက်ပစ်ခတ်ဖေါက်ခွဲတာတွေ မပြုလုပ်နိုင်ခဲ့ပါ။

အဲဒီနောက် ၁၉၉၅ ခုနှစ်မှာ မွန်ပြည်သစ်ပါတီနဲ့ စစ်အစိုးရတို့ အပစ်ရပ်စဲသဘောတူညီမှုရခဲ့အတွက် ဘုရားသုံးဆူမြို့ဟာ ပိုပြီးအေးချမ်းတည်ငြိမ်တဲ့မြို့တမြို့ဖြစ်ခဲ့တယ်။ အဲဒီအပြင် KNU မဟုတ်တဲ့ အပစ်ရပ် ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖြစ်ကြတဲ့ DKBA၊ KPF ၊ နောက်ပိုင်းမှာ KNU-KNLA/PC ကရင်ငြိမ်းချမ်းရေးကောင်စီ အဖွဲ့တွေကလည်း မြို့ပေါ်လာရောက် အခြေချလာခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီက နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲဖွဲ့စည်းရေး လက်မခံတဲ့အတွက် ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်မှာ အပစ်ရပ်စဲမှုပျက်ပြယ်ကြောင်း စစ်အစိုးရအကြောင်းကြားစာကို မွန်ပြည်သစ်ကသတင်းဌာနတွေကိုပြောပါတယ်။ တဆက်တည်း မြို့ပေါ်ရှိမွန်ဆက်ဆံရေးရုံးအားလုံးကို မွန်ပြည်သစ်ကပိတ်လိုက်ပါတယ်။ ဘုရားသုံးဆူဒေသတဝိုက် လှုပ်ရှားနေတဲ့ မွန်ပြည်သစ်ပါတီတပ်ဖွဲ့ကိုလည်း မွန်ထိန်းချုပ်ရာဂျပန်ရေတွင်း ဧရိယာဖက်ကို ရွေ့ပြောင်းလိုက်ပါတယ်။ လက်ရှိအခြေအနေက မြန်မာအစိုးရတပ်နဲ့ မွန်ပြည်သစ်ပါတီတပ်ဖွဲ့တွေ ပစ်ခတ်တိုက်ခိုက်မှုမဖြစ်ပေါ်သေးပေမယ့် တဖက်နဲ့တဖက် သတိထား စောင့်ကြည့်နေကြဆဲ။

ပြည်တွင်းစစ်ရဲ့ ခါးတည်းတဲ့အရ့ံသာကို မွန် ကရင် ဗဗာပြည်သူတွေ နှစ်ပေါင်း (၆၀) ကျော် ခံစားရပြီးပါပြီ။ ရွေးကောက်ပွဲအပြီး အစိုးရအသစ် ဖွဲ့ စည်းသည့်ကာလတွင် ငြ႘မ်းချမ်းရေးရောင်ခြည် သန်းလာလေမလား ပြည်သူများ မျှော်လင့်နေကြဆဲပါ။

မင်းသုတ

၂၆-ဇွန်လ-၂၀၁၁

 

 

 

 

 

 

 

 

About မွန်သတင်းအေဂျင်စီ

Check Also

NCA ကို ပြန်လည်သုံးသပ်ဖို့လိုပြီ

တိုင်းရင်းသားလက်နက်ကိုင်များအနေနှင့် ကနဦးကာလ၌ လက်နက်စွန့်ရန်မလိုဘဲ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် Nationwide Ceasefire Agreement- NCA ချုပ်ဆိုခြင်းနှင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲရလဒ်များကို အခြေခံပြီး လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များ အဆင့်ဆင့်ပြုလုပ်သွားခြင်းဖြင့် …

%d bloggers like this: