မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / ရှိခိုးကော်ရော် ပူဇော်ပါသည်

ရှိခိုးကော်ရော် ပူဇော်ပါသည်

ရေးသားသူ:

(ရာမညရာဝိက)-မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်ရွာ လဝီမာန်ထောကျောင်းမှ သက်တော် ၇၅ နှစ်အရွယ်ရှိ ဆရာတော် ဘဒ္ဒန္တ ဣန္ဒကသည် ဇွန်လ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ကင်ဆာရောဂါဖြင့် ပျံလွန်တော်မူသွားကြောင်း လွတ်လပ်သော မွန်သတင်းအေဂျင်စီက ဇူလိုင်လ (၁၆) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ဆရာတော်နှင့် ပတ်သက်ပြီး ဆောင်းပါးတပုဒ် ရေးပေးပါရန် အဆိုပါသတင်းဌာနက တောင်းပန်သော်လည်း မိမိသည် ဆရာတော်၏ အကြောင်းကို ရေးသားရန် အဆင်သင့် မဖြစ်ခဲ့ပေ။ ဆရာတော်၏ ဘဝကို ဂဃဏန မသိသဖြင့် ဆရာတော်၏ အကြောင်းကို ရေးသားလျှင် ချီမွမ်းရာ မရောက်ဘဲ ကဲ့ရဲ့ရာ ရောက်မည် စိုး၍ ဖြစ်သည်။ မိမိသည် ဆရာတော်၏ ဂုဏ်ကို ဖော်ထုတ်ရေးသားရန် အရည်အချင်း အလျဉ်းမျှပင် မရှိ။ 

ဆရာတော် ဘဒ္ဒန္တ ဣန္ဒက
ဆရာတော် ဘဒ္ဒန္တ ဣန္ဒက

သို့သော် ခရေစေ့တွင်းကျ ထဲထဲဝင်ဝင် မဟုတ်ဘဲ မိမိနှင့် ပတ်သက်သည့် အပိုင်းများကို ရေးသားလျှင် အပြစ်ဒေါသ မသင့်ရာဟု နှလုံးသွင်းပြီး ဤဆောင်းပါးကို ရေးသားရန် ကြိုးစားကြည့်ခြင်း ဖြစ်သည်။ မှန်ပေ၏။ ဆရာတော်နှင့်အတူ အလုပ်လုပ်ခဲ့ပုံ၊ ဆရာတော်ကို ကြည်ညိုမိပုံမှ စ၍ ဆရာတော်၏ စိတ်နေစိတ်ထားကို အနည်းငယ် တင်ပြခွင့် ရသည်ရှိသော် များစွာ အကျိုးဖြစ်ထွန်းစေမည်ဟု ယူဆမိသည်။

မိမိသည် ငယ်စဉ်ဘဝကပင် ကျောင်းနေချင်စိတ် ရှိခဲ့သည်။ ဆင်းရဲပင်ပန်းသော မိဘများကို ကြည့်ပြီး ငါသည်လည်း ပညာမတတ်လျှင် ဤကဲ့သို့ပင် အသက်မွေးဝမ်းကျောင်း လုပ်ရတော့မည် ဟု တွေးကြောက်နေလေ့ ရှိသည်။ ထိုင်းနိုင်ငံတွင် ဆုံးသွားသော နှမလေးဆိုလျှင် ပိုဆိုးသည်။ ဗမာကျောင်း နေချင်သည်ဟု ညီမလေးက ပူဆာသည်။ မိမိတို့ဒေသတွင် အစိုးရ မူလတန်းကျောင်းကို ဗမာကျောင်းဟုသာ ခေါ်ကြသည်။ ကျောင်းအပ်ဖို့ အမေ့မှာ ပိုက်ဆံရှိပုံ မရပါ။ ပိုက်ဆံ မရှိသည်ကို ရှင်းမပြဘဲ ညီမလေးကို နာနာရိုက်ခြင်းဖြင့် အမေက နောက်ထပ် မပူဆာရန် လုပ်နိုင်ခဲ့သည်။ ဤဖြစ်ရပ်ကို မြင်တွေ့ရသဖြင့် မိမိလည်း ကျောင်းနေဖို့ မပြောဝံ့တော့ပေ။

ကံကောင်းသည်မှာ မိမိတို့ ကိုးကွယ်သော သီဟရာဇာကျောင်းတွင် အမျိုးဖြစ်သော တလဂွန်းလ ရှိသည်။ စာသင်တိုက်မှ အရှင်မြတ် ပြန်ရောက်ကြောင်း သိရသောအခါ အမေက မိမိ၏ ပညာရေးအတွက် စီစဉ်ပေးသည်။ သို့နှင့် တလဂွန်းလဆီမှာ ကျောင်းသွားအပ်ဖြစ်သည်။ သီဟရာဇာကျောင်း ဆရာတော်မှာ ကျော်ဇောဂုဏ်တခု ရှိသည်။ ခေါက်ရိုး မကျိုးသော ကျောင်းသားများကို အားရပါးရ ရိုက်ရမှ ဆွမ်းစားမြိန်တော်မူသည် ဟူ၏။ မိမိသည် ထိုအချိန်က အသက် (၈) နှစ်မျှသာ ရှိ၍ ဤအရိုက်ကြမ်းသော ဆရာတော်နှင့် မည်ကဲ့သို့ ရင်ဆိုင်ရမည်ကို တွေးပူနေမိသည်။ သို့သော် ကျောင်းသားများကို လက်ခံသူမှာ တလဂွန်းလသာ ဖြစ်၍ ကျိတ်ပြီး ဝမ်းသာနေခဲ့သည်။ ထိုတွင် တလဂုဏ်လက ဤကလေးသည် ငယ်လွန်းသေးသည်၊ ကျင်ကြီးကျင်ငယ် မနိုင်သေးပါ ဆိုပြီး လက်ခံတော်မမူခဲ့ပေ။ မိမိသည် အရိုက်ကြမ်းသော ဆရာတော့်ကျောင်းကို မနေရသဖြင့် ပျော်သလိုလို ရှိသော်လည်း ပညာကို မသင်နိုင်သေးကြောင်း သိရသဖြင့် အနည်းငယ် စိတ်မကောင်း ဖြစ်ခဲ့သည်။

သို့နှင့် ၁၃၄၂-ခုမှာ ရွှေကျင်ကျောင်းကို ရောက်ခဲ့သည်။ ရွှေကျင်ဆိုသည်မှာ ဂိုဏ်းနာမည်မှန်းလည်း မသိပါ။ မိမိတို့ ကိုးကွယ်သည့်ကျောင်းက သုဓမ္မာဂိုဏ်းဝင်မှန်လည်း မသိပါ။ အသစ်ရောက်လာသည့် ရွှေကျောင်းဆရာတော်က အင်္ဂလိပ်စာလည်း တတ်သည်၊ မြန်မာစာလည်း သင်ပေးသည်၊ သချာင်္လည်း ပြပေးသည်ဟု သိရ၏။ အထူးခြားဆုံးမှာ ကျောင်းသားများကို ရိုက်နှက်ခြင်း မရှိ ဟူသောအချက် ဖြစ်သည်။ သို့နှင့် မိဘက မအပ်ရဘဲ ကိုယ့်ဆန္ဒဖြင့် ရွှေကျင်ကျောင်းကို လာခဲ့သည်။ သာမဏေ ဝတ်သောအခါ သုဓမ္မာကျောင်းတွင် ရှင်ပြုရန် အမေ့မှာ ပိုက်ဆံ အလုံအလောက် မရှိပေ။ ရွှေကျင်ဆရာတော်က မိမိအား သပိတ်သင်္ကန်းကို ဝယ်စရာမလိုဘဲ ပေးသည်။ မိမိသည် ရွှေကျင်ကျောင်း၌ ရှင်ပြုချင်ကြောင်း ကလေးဘာဝ ပူဆာသဖြင့် ၁၃၄၆ ခုနှစ်တွင် ရှင်ပြုခွင့် ရခဲ့ပါသည်။

ရွှေကျင်ကျောင်းတွင် ပဋ္ဌာန်းပွဲ ရှိသည်။ ထိုပဋ္ဌာန်းပွဲတွင် ရဟန်းခံရှင်ပြုပွဲ ကျင်းပသည်။ ထိုပဋ္ဌာန်းပွဲကို ဂိုဏ်းပေါင်းစုံ ပဋ္ဌာန်းပွဲဟု စာတမ်းရေးထားသည်။ ဂိုဏ်းပေါင်းစုံကို မိမိတို့က ဂရုမစိုက်အားပေ။ ရှိသမျှ သံဃာတော်များသည် အတူတူပင်ဟု မှတ်သည်။ မည်သည့်ဆရာတော်က သုဓမ္မာ၊ မည်သည့်ဆရာတော်က မဟာရင်၊ မည်သည့်ဆရာတော်က ရွှေကျင် ခွဲခြား မသိတတ်ပေ။ တနေ့ကျယင် ဤဆရာတော်တို့ကဲ့သို့ပင် ပဋ္ဌာန်းကို ရွတ်ဖတ်နိုင်အောင် ကြိုးစားမည် ဟူ၍သာ စိတ်ထဲ မှတ်ထားလိုက်သည်။ ထိုဆရာတော်တို့တွင် အနေရိုးသော၊ အပြုံးချိုသော၊ စကားနည်းသော၊ ငြိမ်းချမ်းသော ဆရာတော်တပါး ရှိသည်။ ထိုဆရာတော်ကား အခြားမဟုတ်။ လဝီမာန်ထောကျောင်းတိုက်မှ ဆရာတော် ဘဒန္တဣန္ဒကပင်တည်း။

မြန်မာနိုင်ငံ ပရိယတ္တိ ပညာရေး စီမံကိန်း၌ မြန်မာစာ တဘာသာကို ထည့်သွင်းသဖြင့် မွန်သုဓမ္မာ၊ မွန်ရွှေကျင်၊ မွန်မဟာရင်တို့တွင် ပြဿနာ အကြီးအကျယ် ဖြစ်နေသည့် အချိန်တွင် ဂိုဏ်းပေါင်းစုံ ပဋ္ဌာန်းပွဲ ကျင်းပနိုင်ခဲ့ပုံမှာ ချီကျူးစရာ ဖြစ်သည်။ ထိုသို့ ကျင်းပနိုင်ခြင်းသည် လဝီမာန်ထော ဆရာတော် အပါအဝင် အမြင်ကျယ်သော ဆရာတော်တို့၏ အမြင်ကျယ်မှု၊ ခွင့်လွှတ်နားလည်မှု၊ သမဂ္ဂီ ဖြစ်မှုတို့ကြောင့်ပင် ဖြစ်သည်။ ဂိုဏ်းဂဏစိတ်ဓာတ် မထားဘဲ ပူးပေါင်းဆောင်ရွက်နိုင်မှု၏ အသီးအပွင့်များပင် ဖြစ်သည်။

၁၉၉၃-ခုနှစ်သို့ ရောက်သောအခါ မိမိသည် ရဟန်း (၂) ဝါ ရခဲ့ပြီ။ ထိုနှစ်မှာပင် မုဒုံမြို့နယ်လုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်ကြားရေး ကော်မတီကို ဖွဲ့စည်းတည်ထောင်ဖို့ ဆွေးနွေးကြပါသည်။ ပဏာမ ဆွေးနွေးပွဲကို ဆရာတော်ကျောင်း၌ပင် ကျင်းပသည်။ နေ့ရက်အတိအကျကိုတော့ မှတ်တမ်း ပြန်ကြည့်မှသာ သိနိုင်ပါတော့မည်။ ပဏာမ ဆွေးနွေးပွဲကို မှတ်မိပါသေးသည်။ ဆရာတော်က သံဃာ့အလယ်၌ ရဲရင့်စွာ နေရာယူပြီး ဆရာတော်ကို မုဒုံမြို့နယ်မှ တိုက်နယ်ကိုယ်စားလှယ် သံဃာတော်များက ဝန်းရံလျက် ရှိသည်။ ဆရာတော်ကပင် အရာရာကို ဦးဆောင်သွားပါသည်။ တမြို့နယ်လုံးကို စုစည်းဖို့ အခက်အခဲအချို့ ရှိသည်ကို အသိအမှတ်ပြုသည်။ အထူးသဖြင့် ဖားအောက်ရွာ (အခု မော်လမြိုင်မြို့နယ်ထဲ ပါသွားပြီ) က ခါတော်မှီ ဆရာတော်ကို နှစ်ပေါင်းများစွာ စည်းရုံးရပါသည်။

နောက်ထပ် ပြဿနာတခုမှာ အဂတိလေးပါးကြောင့် အယုံအကြည် ကင်းမဲ့မှုများ ဖြစ်သည်။ ပဏာမ အစည်းအဝေး အပြီး၌ ကမာဝက်မှ အဆင့်မြင့် လူကြီးတစုသည် မိမိကျောင်းသို့ ရောက်လာပြီး အစည်းအဝေး၌ မိမိတင်ပြခဲ့သော ယုံကြည်မှု တည်ဆောက်ရေး အချက်အချို့ကို ပြန်လည်ဆွေးနွေးချင်ကြောင်း ပြောကြသည်။ စာမေးပွဲ စိစစ်ရေးနှင့် ပတ်သက်ပြီး တိုက်နယ်တခု၏ အဖြေလွှာကို ယင်းတိုက်နယ်ကို မစစ်ဆေးစေဘဲ အခြားတိုက်နယ်ကို စစ်ဆေးစေခြင်းဖြင့် ယုံကြည်မှု တည်ဆောက်နိုင်မည်ဟု အကြံပေးခဲ့သည်။ နောက်ထပ်အစည်းအဝေး၌ ဤအချက်ကို သူတို့တင်ပြသောအခါ အားလုံးက သဘောတူ၍ အဆင်ပြေခဲ့သည်။ သို့သော် နောင်နှစ်အနည်းငယ်တွင် ဤနည်းဖြင့်လည်း အဂတိလိုက်စားမှုကို မတိုက်ဖျက်နိုင်ကြောင်း သိရှိလာကြသည်။ ထိုအခါ ဆရာတော်က တိုက်နယ်အဆင့် အောင်သူနှင့် မြို့နယ်အဆင့် အောင်သူဟူ၍ အဆင့်ခွဲလိုက်သည်။ တိုက်နယ်အဆင့် ထူးချွန်သူများက မြို့နယ်အဆင့်မှာ အထူးစာမေးပွဲကို ဆက်လက် ဖြေဆိုရမည်ဟု ပါရှိသည်။ ထိုမှတဆင့် မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်ကြားရေး ကော်မတီကို ဖွဲ့စည်းနိုင်သောအခါ၌လည်း ဤနည်းစနစ်ကိုပင် ဆက်လက်အသုံးပြုခဲ့သည်။

၁၉၉၈-ခုနှစ်တွင် မိမိသည် နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ်မှ ဘီအေဘွဲ့ကို ရရှိခဲ့သည်။ ယင်းနှစ်မှာပင် ဓမ္မာစရိယတန်းကိုလည်း အောင်မြင်ခဲ့ရာ ပညာရေး ကံကောင်းသည့်နှစ်ပင် ဖြစ်သည်။ ဆရာတော်သည် မိမိကို နှစ်တိုင်း တိုင်ပင်တတ်သည့် အားလျော်စွာ ထိုနှစ်၌လည်း လဝီမာန်ထောကျောင်းကို အလည်လာဖို့ ခေါ်ပါသည်။ မွန်ဒေသလုံးဆိုင်ရာအတွက် ရာဇာဝင်ကျမ်းတစောင်ကို ပြုစုပေးရန် အကူအညီ တောင်းပါသည်။ မိမိက ကြိုးစားရေးပေးမည်ဟု ဝန်ခံ ကတိပြုခဲ့သည်။ ရေရှည်အကျိုးကို ကြည့်၍ မိမိ၏ အမည်ကို လျှို့ဝှက်ထားရန်ကိုလည်း သဘောတူကြသည်။

ထိုအချိန်တွင် ကော်မတီ၌ သုဓမ္မာ၊ မဟာရင်၊ ရွှေကျင် အစုံအလင် ပါဝင်လျက် ရှိရာ သံဃာ့ညီညွတ်ရေးအတွက် အားရစရာပင် ဖြစ်သည်။ သို့သော် အချို့အစွန်းရောက်များ၏ လှုံ့ဆော်မှုကြောင့် ဆက်ဆံရေး အဖုအထစ်များ ရှိသည်ကို ဆွေးနွေးဖြစ်ပါသည်။ ကမာဝက်ရွာတွင် ရွှေကျင်က (၈၀) ရာခိုင်နှုန်းမျှ ရှိရာ သုဓမ္မာဖြစ်သည့် ဆရာတော်က ရွှေကျင်တို့၏ အားကို မရယူ၍ မဖြစ်ပါ။ ဆရာတော်၏ လုပ်ငန်းများ အောင်မြင် အထမြောက်စေဖို့ မိမိတို့သည်လည်း အားတက်သရော ပါဝင်ကူညီရမည်သာ ဖြစ်သည်။

နောက်ထပ် ပြဿနာတခုမှာ လုပ်ငန်း အောင်မြင်လာသည်နှင့် အမျှ မွန်ပြည်သစ်ပါတီ၏ ထောက်ခံအားပေးမှုနှင့် မြန်မာစစ်အစိုးရတို့၏ ဖိအားပေးမှုများကို ရင်ဆိုင်လာရခြင်း ဖြစ်သည်။ ယင်းအင်အားစု နှစ်ရပ်ကို ချိန်ခွင်လျှာ မျှအောင် ဆက်ဆံခြင်း မပြုနိုင်လျှင် အမျိုး၊ ဘာသာ၊ သာသနာရေးအတွက် ရေရှည်သွား၍ မရချေ။ ဆရာတော်က ဤအရေးကို များစွာ တွေးပူခဲ့သည်။ မွန်ပြည်သစ်ပါတီဘက်ကရော မြန်မာစစ်အစိုးရဘက်ကပါ စောင့်ကြည့် လေ့လာနေသည်ဟု ထင်မြင်ကြောင်း ဆရာတော်က မိမိအား မိန့်တော်မူသည်။ အထူးသဖြင့် စစ်အစိုးရက သွေးတိုးစမ်းသည့် နည်းဖြင့် ကလေးများ စာသင်နေသည့် ဘုန်းကြီးကျောင်း အနီးတွင် တပ်စခန်း ချခြင်း၊ နွေရာသီ ကျောင်းနားရက်များ၌ ကျောင်းသူကျောင်းသားများအား ဗုဒ္ဓဘာသာ ယဉ်ကျေးမှုကို မြန်မာဘာသာဖြင့် သင်ကြားပြသရမည်ဟု ဆရာဆရာမများအား လမ်းညွှန်မှာကြားခြင်း၊ မွန်ဆရာနှင့် ကျောင်းသူကျောင်းသား စာရင်းများကို ခြိမ်းခြောက် ကောက်ယူခြင်းများဖြင့် ဖိအားများ ပေးလာသည်ကို တွေ့ရသည်။ အချို့ NGO အဖွဲ့များက ဤသင်တန်းကို ဗန်းပြပြီး ရိုက်စား လုပ်ချင်ကြသည်လည်း ရှိကြောင်း ဆရာတော်က အမိန့်ရှိခဲ့ပါသည်။

ဆရာတော်သည် မိမိအား စိတ်ပြေလက်ပျောက် မိန့်မှာရုံမျှသာ မဟုတ်ဘဲ မိမိထံမှ အကြံညာဏ်များ ရယူလိုခြင်းသာ ဖြစ်ကြောင်းကို အနားသို့ လူများ ချဉ်းကပ်လာသည်နှင့် စကားလမ်းကြောင်း လွှဲလိုက်သည်ကို ကြည့်ခြင်းဖြင့် သိသာပါသည်။ မှတ်မှတ်ရရ ဆရာတော်ကို မိမိ အကြံပြုခဲ့သည်များကို ဖောက်သည်ချ လိုပါသည်။

(၁) လုပ်ငန်းတခု အောင်မြင်လာလျှင် နာမည်ရလိုသူများနှင့် ဂိုဏ်းဂဏစိတ် ရှိသူများက နေရာ ရလာတတ်ပါသည်။ ထိုသူများကို ထိန်းနိုင်ရန် လိုအပ်ပါသည်။ လူများစု သုဓမ္မာဂိုဏ်းဝင်များလည်း သူတို့ အခွင့်အရေး မဆုံးရှုံး မနစ်နာစေရ၊ သီးခြား ဂိုဏ်းဝင်များသည်လည်း အဖိနှိပ် ခံနေရသည်ဟု မခံစားစေရအောင် ဦးဆောင်နိုင်လျှင် ကောင်းမည်။

(၂) မွန်ပြည်သစ်ပါတီဝင်များနှင့် လည်းကောင်း၊ စစ်အစိုးရ အရာရှိများနှင့် လည်းကောင်း ပွင့်လင်းမြင်သာမှု ရှိစွာ ဆက်ဆံရေး ထူထောင်ပါ။ မိမိလုပ်ငန်းကို နှစ်ဖက်စလုံးက သံသယ မဖြစ်အောင် လုပ်သမျှကို သူတို့ကို အသိပေးပါ။ ကော်မတီက ကိုယ့်အားကိုယ်ကိုးဖြင့် ရပ်တည်နိုင်လျှင် NGO များနှင့် ဝေးဝေးရှောင်ပါ။ (ထိုစဉ်က NGO ပါလျှင် စစ်အစိုးရက ပိုပြီး သံသယ ဖြစ်တတ်၍ ဖြစ်သည်။)

(၃) စစ်အစိုးရ ဖိအားကို မြို့နယ်သံဃနာယကအဖွဲ့၊ မြို့နယ်သာသနာရေးမှူးတို့နှင့် ဆွေးနွေးပြီး အဆင်ပြေအောင် ဆောင်ရွက်တတ်ဖို့ လိုအပ်ပုံကိုလည်း ရှင်းပြပါသည်။ ဥပမာ- သာသနာရေးဌာန၏ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု စာမေးပွဲအတွက် ကျောင်းသူကျောင်းသားများကို ဆရာဆရာမများအား မြန်မာဘာသာဖြင့် မသင်ကြားစေဘဲ လက်ရှိ ကော်မတီ ကျောင်းသူကျောင်းသားများကိုသာ မွန်ဘာသာဖြင့် ဝင်ရောက် ဖြေဆိုခိုင်းခြင်းပင် ဖြစ်သည်။ ဤနည်းသည် အလုပ်ဖြစ်နိုင်သည့်နည်း ဖြစ်သည်။ မိမိတို့ရွာမှ သီဟရာဇာကျောင်းသည် ယခင်ကတည်းကပင် မြို့နယ်စာမေးပွဲကို မွန်ဘာသာဖြင့် ဖြေဆိုနေကျ ဖြစ်သည်။ မြို့နယ်အနေဖြင့် ဤအချက်ကို ငြင်းပယ်ရန် မလွယ်ကူပါ။

၂၀၀၄-ခုနှစ်သည် ဆရာတော်ကို နောက်ဆုံး ဖူးမျှော်ခွင့် ရခဲ့သည့်နှစ် ဖြစ်သည်။ သီရိလကာင်္ မထွက်ခင် ဆရာတော်ကို ဝင်ရောက် ဖူးမျှော်ခဲ့သည်။ ဆရာတော် ကျန်းမာရေးက ဒေါင်းဒေါင်းမြည်ပင် ရှိသေးသည်။ ဆရာတော်က သူ့ကျောင်း စီမံကိန်းများ၊ ရပ်ရွာ စီမံကိန်းများ၊ ဘုရား စီမံကိန်းများ၊ ရပ်ရေးရွာရေးများကို အေးဆေးစွာ ဆွေးနွေးခဲ့သည်။ ကျောင်းဝင်းနှင့် ကျောင်းပြင်ပအထိ လိုက်လံပြသခဲ့သည်။ ဆရာတော်ကျောင်းကို ရောက်လျှင် တောင်ဘက်မုခ်မှ ဝင်ပြီး တောင်ဘက်မုခ်မှသာ ထွက်နေကျ ဖြစ်သည်။ ဤနောက်ဆုံးအခေါက်တွင် တောင်ဘက်မုခ်သို့ မထွက်မိပေ။ ဆရာတော်က သူ့စီမံကိန်းများကို ပြောပြရင်းနှင့် အနောက်ဘက်မုခ်ဝဆီကို ရောက်သွားပြီး ထိုမှတဆင့် တိုက်ကျောင်းသစ်သို့ ရောက်ခဲ့ခြင်း ဖြစ်ပါသည်။

ထိုအချိန်မှ စ၍ ဆရာတော်နှင့် လူချင်း မတွေ့ဖြစ်တော့။ လူချင်းဆောင်၍ လည်းကောင်း၊ မွန်သတင်းစာကို ဖတ်၍ လည်းကောင်း ဆရာတော်သတင်းကို ကျိုးတိုးကျဲတဲ ကြားသိရသည်။ စစ်အစိုးရ ခင်းကျင်းသည့် နိုင်ငံရေးလမ်းကြောင်းကို အယုံအကြည် မရှိသူ ဖြစ်သော်လည်း ဖြစ်ပေါ်လာမည့် လွှတ်တော်၌ မွန်လူမျိုးများကို ကိုယ်စားပြုနိုင်မည့် မွန်အမတ်များ မရှိမည်ကို စိုးရိမ်ကြောင်း ဆိုခြင်းဖြင့် ၂၀၁၀-ရွေးကောက်ပွဲကို ထောက်ခံသူ ဖြစ်ခဲ့ပြီ။ မွန်ပါတီများ၊ ကြံ့ဖွတ်ပါတီများကို မဲဆွယ်ရေး ကူညီပေးခြင်းဖြင့် စစ်အစိုးရ ကိုးကွယ်သည့် ဆရာတော်တပါး ဖြစ်မှန်းမသိ ဖြစ်ခဲ့ပြီ။

မကျန်းမမာ ဖြစ်သည့် အချိန်၌ လည်းကောင်း၊ ပျံလွန်တော်မူသည့် အချိန်၌ လည်းကောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် နိုင်အုန်းမြင့် လာရောက်၍ ဖူးမျှော်ခဲ့ပြီ။ မွန်ဝန်ကြီးအချို့လည်း လာရောက် ဖူးမျှော်ခဲ့ကြပြီ။

ဆရာတော် မျှော်မှန်းထားသည့် အားလျော်စွာ ယခုအခါ၌ ပြည်ထောင်စုလွှတ်တော်၌ လည်းကောင်း၊ မွန်ပြည်နယ် လွှတ်တော်၌ လည်းကောင်း မွန်အမတ်များက မွန်လူမျိုးများကို ကိုယ်စားပြုနိုင်ပါပြီ။ သို့သော် မွန်လူမျိုးများအတွက်ကား မည်သို့မျှ အကျိုးထူးမလာသေးချေ။ မွန်စာပေကို အစိုးရစာသင်ကျောင်းများ၌ သင်ကြားခွင့် မရှိသေး။ မွန်အမျိုးသားကျောင်းများ ထူထောင်ခွင့်လည်း မရရှိသေး။ မွန်အမျိုးသားများကို မြန်မာ့စစ်တပ်က ထိုးစစ်ဆင်ခဲ့သည် ရှိသော် မွန်ပြည်သစ်ပါတီဝင်ဟောင်း မွန်အမတ်အချို့က တားမြစ်နိုင်စွမ်းလည်း ရှိပုံ မရပါ။

ဆရာတော်ဘုရားသည် ဝိပဿနာတရားကို နှလုံးသွင်းရင်းဖြင့် ဇီဝိတ ကမ္မဇရုပ် ချုပ်ငြိမ်းခဲ့လေသလား။ အမျိုး ဘာသာ သာသနာရေးကို တွေးပူရင်းနှင့် တမလွန်ဘဝဆီကို ခရီးဆန့်ခဲ့လေသလား။ ဆရာတော် ပျံလွန်တော်မူခါနီး အနားမှာ ရှိခဲ့လျှင် မိမိကို မည်ကဲ့သို့ မိန့်မှာတော်မူမည် မသိနိုင်တော့ပြီ။ အမှားနှင့်အမှန်ကို ကိုယ်ပိုင်ဥစ္စာ အဖြစ်ဖြင့် ဆရာတော်ဘုရားက သယ်ဆောင်ယူသွားခဲ့ချေပြီ။ ယင်းအမှားနှင့်အမှန်တို့၏ အကျိုးဆက်ကိုသာ ကျန်သူတို့က မျှဝေ ခံစားကြရပါတော့မည်။

ဤဆောင်းပါးဖြင့် ဆရာတော်ဘုရားအား အဝေးတနေရာမှ ရှိခိုးကော်ရော် ပူဇော်ပါ၏ ဘုရား….

 

About မွန်သတင်းအေဂျင်စီ

Check Also

အခင်းအကျင်းအသစ်အတွက် အစပျိုးမှုတည့်မှန်ရေး

မွန်ပါတီများပေါင်းစည်းရေး ကြိုးပမ်းမှုဖြစ်မလာတော့တဲ့ အနေအထားမှာ နှစ်ပါတီပေါင်းစည်းရေး ကိုလိုလားတဲ့ နှစ်ဘက်ပါတီက နှုတ်ထွက်တဲ့ ပါတီဝင်အချို့တွေ၊ အမျိုးသားရေး စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်တချို့တွေ၊ ကနဦး ဦးဆောင်ပြီးတော့ “ရာမညအင်အားစု” ဆိုတဲ့ …

%d bloggers like this: