spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းထိုးစစ်ဆင်နေမှုအပေါ် ပြည်သူတွေသာ ပိုထိခိုက်နိုင်သည်ဟု မွန်နိုင်ငံရေးခေါင်းဆောင်မှ သုံးသပ်

    ထိုးစစ်ဆင်နေမှုအပေါ် ပြည်သူတွေသာ ပိုထိခိုက်နိုင်သည်ဟု မွန်နိုင်ငံရေးခေါင်းဆောင်မှ သုံးသပ်

    -

    ရိုင်မရော့ – မြန်မာနိုင်ငံအထက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်ဒေသများတွင် အစိုးရတပ်တို့၏ ထိုးစစ်ဆင်နေမှုအပေါ် ဒေသခံ တိုင်းရင်းသားပြည်သူတွေကသာ အတိဒုက္ခ ပိုမိုရင်ဆိုင်ကြုံတွေ့နေရသည်ဟု မွန်နိုင်ငံရေးခေါင်းဆောင်များက သုံးသပ်သည်။

    နိုဝင်ဘာလ ၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် ဘုရားသုံးဆူဒေသခံများ အလှုရှင်များဝေပေးမည့် ထမင်းထုတ်ကို တန်းစီယူနေစဉ် ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ)
    နိုဝင်ဘာလ ၈ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် ဘုရားသုံးဆူဒေသခံများ အလှုရှင်များဝေပေးမည့် ထမင်းထုတ်ကို တန်းစီယူနေစဉ် ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ)

    “တိုက်ခိုက်မှုတွေ ဖြစ်လာပြီးဆိုရင် စစ်တိုက်ရတဲ့ခေါင်းဆောင်တွေသာမဟုတ်ဘူး အဲဒီ စစ်ပွဲဖြစ်နေတဲ့ နယ်မြေထဲမှာ အပြစ်မဲ့စွာ နေထိုင်နေကြတဲ့ ပြည်သူတွေက အဓိက စစ်ဘေးဒုက္ခနဲ့ ပိုရင်ဆိုင်ရတယ်၊ ဒုက္ခပေါင်းစုံနဲ့ ရင်ဆိုင်ရမယ် ငတ်ဘေး၊ လူ့အခွင့်ရေးချိုးဖောက်မှုဘေး မျိုးစုံ ရင်ဆိုင်ရမှာပဲ” ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အထွေအထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

    လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) အစရှိသည့် တိုင်းရင်းသား လက်နက်ကိုင်များအား အစိုးရတပ်တို့မှ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ထိုးစစ်ဆင်နေလေသည်။

    “လောလောဆယ်ဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် ခုဆို ဒေသခံ ပြည်သူတွေ ထောင် သောင်းနဲ့ချီပြီးတော့ အိမ်စွန့် နယ်စွန့်ပြီးတော့ ထွက်ပြေးနေရတယ်၊ အဲဒီမှာ တကယ်လို့ ဗမာစစ်တပ်နဲ့ တွေ့ရင် သူတို့က သတ်မယ် ဖြတ်မယ်၊ အခွင့်အရေးချိုးဖောက်မှုတွေရှိမယ်၊ မုဒိမ်မှုတွေကအစ ရှိလာမယ်၊ ငတ်မွတ်မှုတွေလည်း ကြုံတွေ့ရမယ်၊ အမျိုးမျိုးသောဒုက္ခတွေတော့ ကြုံတွေ့ရမှာပဲ” ဟု နိုင်ဟံသာက ဆက်ပြောသည်။

    နယ်စပ်ဒေသရှိ တိုင်းရင်းသားဒေသအတွင်းမှာ ဖြစ်ပွားနေသည့် ထိုးစစ်ဆင်မှုတွေကြောင့် ဒေသခံတိုင်းရင်းသား သောင်းဂဏန်ချီ နီးစပ်ရာ နယ်စပ်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

    ယခုလို တိုင်းရင်းသားဒေသအတွင်းမှာ ထိုးစစ်နေမှုအပေါ် ရွေးကောက်ပွဲဝင်ထားသည့် တိုင်းရင်းသားနိုင်ငံရေးပါတီတွေကလည်း မလိုလားကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ နိုင်ငွေသိန်းက ပြောသည်။

    “ကျနော်တို့ ပါတီအနေနဲ့ရော ညီနောင်တိုင်းရင်းသားပါတီအနေနဲ့ရော ကြေငြာချက်ထုတ်ပြန်ထားပြီးသားပါ ကျနော်တို့က ငြိမ်းချမ်းမှုကိုပဲ လိုလားတယ်၊ ငြိမ်းချမ်းမှုကိုပဲ တည်ဆောက်ပေးပါလို့ တောင်းဆိုထားပြီးသားပဲ အခုလို စစ်တွေ တိုက်နေတဲ့အပေါ်မှာတော့ ကျနော်တို့အနေနဲ့လည်း စိတ်မကောင်းဖြစ်မိတယ်၊ ပြည်သူတွေပဲ နစ်နာမယ်၊ ပြည်သူတွေကပဲ ထိခိုက်မယ်” ဟု နိုင်ငွေသိန်းက ပြောသည်။

    လက်ရှိ ဖြစ်ပျက်နေသည့် ကချင်၊ ရှမ်း၊ ကရင်ဒေသဘက်က တိုက်ပွဲများကဲ့သို့ မကြာခင်ကာလတွင် မွန်ဒေသဘက်သို့ ကူးလာဖွယ်ရှိသည်။ အင်အားကြီးသော တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများကို တိုက်ခိုက်ပြီးနောက် အခြားအင်အားမများလှသည့် လက်နက်ကိုင်အဖွဲ့များကို တိုက်ခိုက်လာနိုင်ကြောင်း နိုင်ငွေသိန်းက ဆက်ပြောသည်။

    တိုင်းရင်းသားဒေသတွင်ဖြစ်ပွားနေသော မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင်မှုကြောင့် ထောင်နှင့်ချီသော တိုင်းရင်းသားဒုက္ခသည်များ သက်ဆိုင်ရာ အိမ်နားနီးချင်း တရုတ်နှင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလျှက်ရှိသည်။ ထိုဒုက္ခသည်များကို နိုင်ငံတကာမှ ကူညီစောင့်ရှောက်ပေးရန် UNFC အထွေထွေအတွင်းရေးမှူး နိုင်ဟံသာမှ ပန်ကြားထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts