spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းဖောက်ခွဲမှုအပြီး ဘုရားသုံးဆူမြို့ ကျောင်းနှင့် ဆိုင်များ ပိတ်သိမ်း

    ဖောက်ခွဲမှုအပြီး ဘုရားသုံးဆူမြို့ ကျောင်းနှင့် ဆိုင်များ ပိတ်သိမ်း

    -

    လွတ်လပ်သော မွန်သတင်း အေဂျင်စီ – ယမန်နေ့တွင် ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့ရှိ စစ်ဖက်ရေးရာ လုံခြုံရေး အဖွဲ့ (စရဖ) ရုံးနှင့် အချို့နေရာများ၌ ဖေါက်ခွဲ ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် မြို့တွင်းရှိ ရွှေဆိုင်၊ ကုန်စုံဆိုင်များနှင့် စာသင်ကျောင်းများကို ယနေ့ ပိတ်သိမ်းထားကြကြောင်း မြို့ခံများထံမှ သိရသည်။

    “ဆိုင်ငယ်အချို့ပဲ ဖွင့်ကြပါတယ်၊ ရွှေဆိုင်တို့လို တန်ဖိုးကြီး ဆိုင်တွေ မဖွင့်ကြဘူး” ဟု မြို့ခံတဦးက ပြောသည်။

    ဥယျာဉ်ခြံ လုပ်ကိုင်နေသူ ဒေသခံများ၊ ထိုင်းဘက်ကမ်းတွင် အထည်ချုပ်စက်ရုံနှင့် ဖိနပ်အလုပ်ရုံများသို့ နေ့စဉ် အလုပ်သွားရောက် လုပ်ကိုင်သူများလည်း လုံခြုံရေး အခြေအနေကြောင့် ယနေ့တွင် အလုပ်မဆင်းနိုင်ကြကြောင်း သူက ဆက်ပြောသည်။

    “သတင်းပျံ့နေတာကတော့ ဒီနေ့မှာ တိုက်ပွဲ ဖြစ်ဖို့ အလားအလာ ရှိနေတယ်၊ အဲဒါကြောင့် မြို့ခံတွေ အလုပ်မသွားရဲကြတာ” ဟု ဘုရားသုံးဆူမြို့ခံက ပြောသည်။

    ဘုရားသုံးဆူ တမြို့လုံးလိုလို လူအသွားအလာ နည်းပါးနေပြီး အစိုးရတပ်ဖွဲ့များ သွားလာလှုပ်ရှားမှုကိုလည်း မတွေ့ရှိရကြောင်း မွန်ပြည်သစ်ပါတီ အရာရှိတဦးက ပြောသည်။

    နိုင်အောင်ချမ်း မွန်ပြည်သစ်ပါတီ ကြံတော ဂိတ်မှူး
    ဒဏ်ရာရရှိခဲ့သည့် မွန်ပြည်သစ်ပါတီ ကြံတောဂိတ်မှူး နိုင်အောင်ချမ်းကို မွန်ပြည်သစ်ပါတီ နယ်မြေ ဂျပန်ရေတွင်း ဆေးရုံတွင် တွေ့ရစဉ်

    “စစ်သားတွေကိုလည်း တယောက်တလေမှ မတွေ့ရဘူး၊ မြို့ပြင်ဖက်မှာ တပ်ချထားသလား မသိဘူး” ဟု သူက ပြောသည်။

    ယနေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဘုရားသုံးဆူမြို့ပြင်၊ မဲကသာရွာဖက်မှ ပစ်ခတ် တိုက်ပွဲသံများ နာရီဝက်ခန့် ဖြစ်ပေါ်ခဲ့ကြောင်းနှင့် မည်သည့်အဖွဲ့များ ဖြစ်သည်ကို မသိရှိရသေးကြောင်း ဘုရားသုံးဆူမှ အမည်မဖေါ်လိုသော ရဲအရာရှိတဦး၏ ပြောကြားချက်အရ သိရသည်။

    ယမန်နေ့ မွန်းလွဲပိုင်း ၃ နာရီခွဲခန့်တွင် အဖွဲ့အစည်း မသိရသေးသော မျက်နှာဖုံးစွပ် လက်နက်ကိုင် ၄ ဦး မြို့လယ်ရှိ စရဖရုံးနှင့် ဓမ္မာရုံအား ဝင်ရောက် ဗုံးခွဲအပြီး ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ရာ စရဖ တပ်ဖွဲ့ဝင်တဦးနှင့် မိန်းခလေးငယ်တဦး သေဆုံးကာ အခြား ၃ ဦး အသီးသီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။

    စရဖ တပ်ကြပ် ကျော်ကျော်အောင်မှာ သေနတ်နှင့် ဗုံးထိမှန်သည့် ဒဏ်ရာကြောင့် ဘုရားသုံးဆူ ဆေးရုံ၌ သေဆုံးခဲ့သည်။

    ပစ်ခတ်မှု ဖြစ်ပွားစဉ် အလှပြင်ဆိုင်မှ အထွက် သေနတ်ထိမှန်ကာ ပွဲချင်းပြီး သေဆုံးခဲ့သည့် မက်ကသာရွာသူ အသက် ၁၃ နှစ်အရွယ်ရှိ နော်ချစ်စနိုးဦး၏ ရုပ်အလောင်းကို ယနေ့ မွန်းလွဲပိုင်းတွင် ဘုရားသုံးဆူမြို့၌ အသုဘ ချလိုက်ပြီဟု သိရသည်။

    အခြား ထိခိုက်ဒဏ်ရာရရှိသူများမှာ စရဖတပ်ဆွယ်မှူး ဦးစိုးဝင်း၊ ဘုရားသုံးဆူမြို့သို့ ခေတ္တ စျေးဝယ်ထွက်လာသူ မွန်ပြည်သစ်ပါတီ ကြံတောရွာဂိတ်မှူး နိုင်အောင်ချမ်းနှင့် အမည်မသိ ဆိုင်ကယ်တက္ကစီသမားတဦး ဖြစ်ကြသည်ဟု သိရသည်။

    ဒီကေဘီအေ တပ်ဖွဲ့ဝင်များ ဘုရားသုံးဆူမြို့ပေါ်သို့ ဝင်ရောက်မည့် ကောလဟာလ သတင်းများ ဖြစ်ပေါ်ခဲ့သဖြင့် အာဏာပိုင်များက လွန်ခဲ့သည့် တပတ်ခန့်က မြို့ပေါ်တွင် လုံခြုံရေးများကို ချထားခဲ့သော်လည်း၊ စရဖရုံး လုံခြုံရေး လဲလှယ်သည့် အချိန်အနည်းငယ်အတွင်း ပစ်ခတ်ဖေါက်ခွဲမှု ဖြစ်ပေါ်ခဲ့သည်ဟု သက်ဆိုင်ရာနှင့် နီးစပ်သူတဦးထံမှ သိရသည်။

    ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပအပြီး နိုဝင်ဘာလ ၈ ရက်နေ့တွင် ဒီကေဘီအေ (၉၀၇) တပ်ရင်းက ဘုရားသုံးဆူမြို့ကို ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်းတွင် မြို့ပြင်အနီးတဝိုက်ရှိ အစိုးရတပ်ဖွဲ့ ကင်းစခန်း ၃ ခုကို အာဏာပိုင်များက ရုပ်သိမ်းလိုက်ပြီးနောက် မြို့ပေါ် အစိုးရရုံးများ၌သာ လုံခြုံရေးများ ထားရှိခဲ့သည်။

    အဆိုပါ ဘုရားသုံးဆူမြို့ တိုက်ပွဲ၌ မြို့ခံ ၂၀၀၀ ကျော် ထိုင်းနယ်မြေသို့ ဝင်ရောက် ခိုလှုံခဲ့ရပြီး၊ အချို့မှာ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ ဂျပန်ရေတွင်းရွာနှင့် ကြံတောရွာဖက်သို့ ပြောင်းရွှေ့ခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts