မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / ငြိမ်းချမ်းရေး ပြယုဂ် (သို့) ထိုင်းနိုင်ငံ၏ အရှည်ဆုံး သစ်သားတံတား

ငြိမ်းချမ်းရေး ပြယုဂ် (သို့) ထိုင်းနိုင်ငံ၏ အရှည်ဆုံး သစ်သားတံတား

မင်းတော်လဝီ

ထိုင်းနိုင်ငံ၏ အရှည်ဆုံးသစ်သား တံတားသည် ထိုင်းနိုင်ငံ ကန်ချနပူရီခရိုင် စံခပူရီမြို့ (မွန်ဘာသာအားဖြင့် ဝင်းကမြို့) တွင် တည်ရှိသည်။ ဤသစ်သား တံတားကြီးက ဒေသခံ ထိုင်း၊ မွန်၊ ကရင်လူမျိုးများအတွက် လမ်းပန်း ဆက်သွယ်ရေး ချောမွေ့မှုကို အကျိုးပြုသကဲ့သို့ စည်းလုံးညီညွတ်ခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ငြိမ်းချမ်းခြင်း၏ ပြယုဂ်တခုလည်း ဖြစ်ပေသည်။

ထိုင်းနိုင်ငံ၏ အရှည်ဆုံး စံခလပူရီ သစ်သားတံတား

ရန်ဒီချောင်း၊ ခီးချောင်းခေါ် ကင်းချောင်းနှင့် စံခလယ်ချောင်း သုံးခု ဆုံရာ ယခင်ဝင်းကရွာဟောင်း၏ အနောက််ဘက် ယခု ဝင်းကရွာသစ် ကမ်းဘက်နှင့် ထိုင်းကမ်းဘက်ကို ပိုင်းခြားထားသည့် စံခလယ်ချောင်းကို ဖြတ်ပြီး  ဤသစ်သားတံတားကြီးကို ဆောက်လုပ်ထားသည်။

မွန်ဘက်ကမ်းတွင် မွန်လူမျိုးများ နေထိုင်ကြပြီး ထိုင်းဘက်ကမ်းတွင် ထိုင်းနှင့် ကရင်လူမျိုး အများစု နေထိုင်ကြသည်။

သာသနာ သက္ကရာဇ်၂၅၂၅ (ခရစ်နှစ် ၁၉ဂ၁) ခုနှစ်တွင် ထောက်ခနွန် ရေတာတာကြီး တည်ဆောက်လိုက်ခြင်းကြောင့် ယခင် စံခလယ်ချောင်းငယ်မှာ ရေပြင်ကျယ် ချောင်းကြီး ဖြစ်သွားခဲ့သည့်နောက်တွင် ထိုင်းဘက်ကမ်းနဲ့ မွန်ဘက်ကမ်းကို ကူးသည့်လှေများ မကြာခဏ မှောက်တတ်ပြီး လူများ သေဆုံးခြင်းနှင့် ကြုံတွေ့ခဲ့ရသည်။

ထိုအန္တရာယ်မှ ကင်းဝေးစေရန်နှင့် ကူးတို့ခ အကုန်သက်သာစေရန်အတွက် ဝင်းကဆရာတော်ဘုရားကြီးက ခရစ်နှစ် ၁၉၈၄ ခုတွင် ဤသစ်သားတံတားကြီးကို ဆောက်လုပ်ပေးခဲ့သည်။

“ဒီသစ်သားတံတား မရှိခင်က ကူးလူးသွားလာတာ အင်မတန် ခက်တယ်၊ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းကို ချောင်းက ခြားနေတော့ နှစ်ရွာလို ဖြစ်နေတယ်၊ လူမှုရေး၊ ကုသိုလ်ရေး၊ စီးပွားရေးမှာ ကူးလူးဆက်ဆံမှု နည်းနေတယ်။ တံတားကြောင့် အခုပေါင်းစပ်မှု ကောင်းလာတယ်” ဟု သစ်သားတံတား စဆောက်စဉ်က ကိုယ်တိုင် ပါဝင်ခဲ့သူ အသက် ၇၉ နှစ် အရွယ်ရှိ မွန်အဖိုးအို နိုင်အောင်စိန်က ပြောသည်။

အသက် ၆ဝ ရှိပြီဖြစ်သည် ကရင်လူမျိုး စောလှရွှေ ကလည်း “စံခလယ်ချောင်းက ခြားနေတော့ မွန်ဘက်ကမ်းနဲ့ ထိုင်းဘက်ကမ်းက လူတွေ ရင်းနှီးမှု နည်းနေတယ်၊ နီးလျက်နဲ့ ဝေးနေကြတယ်၊ လူငယ်တွေကြားမှာ ခဏခဏ ရန်ဖြစ်ကြတယ်၊ အခု ထိတွေ့မှု များလာတော့ ချစ်ကြည် ရင်းနှီးမှု ရှိလာတယ်” ဟု ပြောပြသည်။

ဤသစ်သားတံတားက ဒေသခံများကို ချစ်ကြည် ရင်းနှီးမှု၊ စည်းလုံး ညီညွတ်မှု၊ ငြိမ်းချမ်းသာယာမှုကို ဖော်ဆောင်ပေးခဲ့သည် သာမက ဤတံတားနှင့် ဝင်းကရွာမှ သာသနိက အဆောက်အဦးများသို့ လာရောက် ဖူးမျော် လေ့လာ လည်ပတ်သည့် ဧည့်သည်များ နေ့စဉ် စည်ကားလျက် ရှိခြင်းကြောင့် ဒေသဖွံ့ဖြိုးရေးကိုလည်း အထောက်အကူ ဖြစ်စေသည်။

၎င်းပြင် ကျောင်းဝတ်စုံ တူညီစွာ ဝတ်ဆင်ထားသည့် မွန်ဘက်ကမ်းမှ ကျောင်းသူကျောင်းသားများ ထိုင်းဘက်ကမ်းရှိ အထက်တန်းကျောင်းသို့ နေ့စဉ် ခြေလျင်ခရီးဖြင့် တံတားကို ဖြတ်ကာ ကျောင်းတက်ကြသည့် မြင်ကွင်းကိုလည်း ကြည်နူးဖွယ် မြင်တွေ့ရသည်။

အလုပ်သမားများကလည်း အလုပ်သွား အလုပ်ပြန်၊ စျေးရောင်း စျေးဝယ်များနှင့် ခေါင်းရွက် ဗျတ်ထိုး စျေးသည်များကလည်း ခေါက်တုံ့ခေါက်ပြန် တံတားပေါ် သွားလာ ဆုံတွေ့ခိုက် နှုတ်ဆက်ကြ၊ နောက်ပြောင်ကြ၊ ရီမောကြနှင့် ချစ်ကြည်ရင်းနှီးစွာ သွားလာနေကြသည့် မြင်ကွင်းကလည်း တနည်းတဖုံ ဆန်းကြယ်လှပါသည်။

“မွန်ဘက်ကမ်းက ဟင်းသီးဟင်းရွက် စိုက်တာ များတယ်၊ တံတားမရှိခင်တုန်းက ကိုယ့်ရပ် ရွာလောက်ပဲ ရောင်းရတော့ စျေးကွက်က ကျဉ်းတယ်၊ အခု ထိုင်းဘက်ကမ်းစျေးကို သွားရင် တံတားကို ဖြတ်လိုက်ရုံနဲ့ ရောက်တယ်” ဟု မွန်ဘက်ကမ်းမှ ဟင်းရွက်သည် မိကွန်ကျဲ က ပြောသည်။

နံနက်ရှုခင်းကို ဓါတ်ပုံ ရိုက်ကြသည့် ဧည့်သည်များနှင့် ညနေခင်း ဆည်းဆာအလှကို ကြည့်ရှုခံစားရင်း လေညှင်းခံ ထွက်သူများကလည်း တံတားပေါ်တွင် စည်ကားလှသည်။

“တောင်တန်း တောင်ကုန်းကြားက ရေစီးမရှိပဲ ရေကန်ကြီးလို ဖြစ်နေတဲ့ ဒီမြစ်ပြင်ကို ရေကူးရင်း လှေစီးရင်း ဒီတံတားကို လှမ်းမြင်ရတာ စိတ်ထဲမှာ အေးချမ်းတယ်၊ နောက်တော့ လှပ အေးချမ်းတဲ့ သဘာဝ ပတ်ဝန်းကျင်မှာ သဘာဝသစ်လုံးတိုင်နဲ့ ဆောက်ထားတဲ့ ဒီသစ်သားတံတားကို မြင်တွေ့ရတာ နှစ်သက်စရာ အလွန်ကောင်းပါတယ်” ဟု အမေရိကန်နိုင်ငံသား မစ္စတာဖာရွန်က သူ၏ ခံစားချက်ကို ပြောသည်။

တံတား ပတ်ဝန်းကျင်တွင် ရေပေါ်ဖေါင်အိမ် ၅ဝ ကျော် ရှိပြီး၊ တပတ်လျှင် မြို့ကြီးမှ ထိုင်းလူမျိုးများနှင့် နိုင်ငံခြားသား ဧည့်သည် နှစ်ထောင်ခန့် လာရောက် တည်းခိုကြကြောင်း၊ ကုန်းပေါ်ရှိ ဟိုတယ်၊ ရီဇော့၊ အင်းများတွင်လည်း ဧည့်သည်အများအပြား လာရောက် တည်းခိုကြပြီး စုစုပေါင်း တပတ်လျှင် ဧည့်သည် ၃၀၀၀ ကျော် ဤတံတားသို့ လာရောက် လည်ပတ်ကြကြောင်း ဖေါင်အိမ်ပိုင်ရှင် နိုင်ချစ်ငွေက ပြောသည်။

သို့သော် ယခုသစ်သားတံတားကြီးကို မဆောက်မီ သာသနာသက္ကရာဇ် ၂၅၂၈ ခုနှစ် (ခရစ် ၁၉၈၄) ကလည်း ယခင် ဝင်းကရွာဟောင်း မွန်ဘက်ကမ်းနှင့် ထိုင်းဘက်ကမ်းကို ကူးလူး သွားလာရန်အတွက် ပထမဦးဆုံး ဝါးဖေါင်တံတားတစင်းနှင့် ကြိုးတံတားတစင်းကိုလည်း ဝင်းကဆရာတော်ကြီးက ဦးစီးပြီး ဆောက်လုပ်ခဲ့သေးသည်။

ထောက်ခနွန် ရေကာတာ ဆောက်လုပ်ပြီးနောက် ထိုဝါးဖောင်တံတားနှင့် ကြိုးတံတားမှာ ရေအောက် နစ်မြုပ်၍ ပျက်စီးခဲ့ရသည်ဟု ဆောက်လုပ်စဉ်က ကိုယ်တိုင် ပါဝင်ခဲ့သည့် အသက် ၈ဝ အရွယ်ရှိ ကရင်အဖိုးအို နိုင်ပဇာလဝမ် က ပြောသည်။

ယခင်က တံတားပေါ်တွင် လူများ၊ ယာဉ်ငယ်များ၊ မော်တော်ဆိုင်ကယ်နှင့် စက်ဘီးများကို ဖြတ်သန်းသွားလာခွင့် ပြုခဲ့သော်လည်း တံတားရေရှည် တည်တံ့ရေးအတွက် နောက်ပိုင်းတွင် လူနှင့် စက်ဘီးများကိုသာ ဖြတ်သန်းခွင့် ပြုတော့သည်။

ကြံ့ခိုင်မှု နည်းလာသည့် ဤတံတားကို သာသနာ သက္ကရာဇ် ၂၅၅၃ (ခရစ်နှစ်၂ဝဝ၉) ခုနှစ် ဧပြီလ ၂၂ ရက်နေ့မှ စပြီး ၂၀၁၁ ခုနှစ် ဧပြီလ ၄ ရက်နေ့ထိ ဗိသုကာ ဆရာကြီး နိုင်ဇာပန်နှင့် လက်သမား ၁၃ ဦးတို့က ၂ နှစ်နီးပါး အချိန်ယူကာ အသစ်တဖန် ဆောက်လုပ်ခဲ့သည်။

ဤတံတားကို ပျဉ်းကတိုးသား အများဆုံးနှင့် သင်္ဃန်းသား အနည်းငယ် အသုံးပြုကာ ဆောက်ထားပြီး ယခင်တံတားဟောင်း ဆောက်စဉ်က မတ်မတ်စိုက်ထူထားသည့် တံတားတိုင်ကိုလည်း ပိုမိုခိုင်ခန့်ရန်အတွက် ယခုဆောက်လုပ်စဉ်တွင် ကျားကန်ပြီး စိုက်ထူထားခဲ့သည်။

တံတားအရှည်မှာ ၄၄၅ ဒဿမ ၅ မီတာနှင့် အနံ ၄ ဒဿမ ၅ မီတာ ရှိသည်။ မြစ်လယ်ရှိ တံတား၏ အမြင့်ဆုံး နေရာမှာ ၃၅ မီတာခန့် မြင့်ကာ တံတားကို အခန်း ၁၀၇ ခန်းဖြင့် ဖွဲ့ထားသည်။ တံတားတစင်းလုံးအတွက် သစ် ၂၁၄ တန်ကျော် အသုံးပြုခဲ့ရသည် ဟု နိုင်ဇာပန် က ပြောသည်။

ဤသစ်သားတံတားကြီးသည် ဒေသခံ ပြည်သူ ထိုင်း၊ မွန်နှင့် ကရင်လူမျိုးများ၏ လူမှုဘဝများ ဖွံ့ဖြိုးသာယာရေးအတွက် အကျိုးပြုသည်သာမက စည်းလုံးညီညွတ်ခြင်း၊ ဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ငြိမ်းချမ်းခြင်း၏ ပြယုဂ်တခုလည်း ဖြစ်ပေသည်။

About မွန်သတင်းအေဂျင်စီ

Check Also

မြို့ဝင်ကြေးကောက်ခံမှုကို စည်ပင်အား တိုက်ရိုက်လွှဲထား၍အခက်တွေ့ဟုဆို

မွန်ပြည်နယ် (၉ ) မြို့နယ်တွင် မြို့ဝင်ကြေး ကောက်ခံမှုကို ကုမ္ပဏီများအား လေလံချပေးမည့်အစား သက်ဆိုင်ရာ စည်ပင်သာယာရေးဦးစီးဌာနသို့ တိုက်ရိုက်လွှဲပြောင်းပေးထားသည့်အတွက် အခက်အခဲတချို့ရှိနေကြောင်း မွန်ပြည်နယ် စည်ပင်သာသာရေးဦးစီးဌာနမှ သတင်းရရှိသည်။ …

%d bloggers like this: