မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / အယ်ဒီတာ့အာဘော် / တိုင်းရင်းသာ စာပေ၊ ဘာသာစကားနှင့် ယဉ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက်ရေး

တိုင်းရင်းသာ စာပေ၊ ဘာသာစကားနှင့် ယဉ်ကျေးမှု ထိန်းသိမ်း စောင့်ရှောက်ရေး

ရေးသားသူ:

မွန်တိုင်းရင်းသားများနည်းတူ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားတိုင်း မိမိတို့၏ စာပေနှင့် ဘာသာစကားကို အသက်တမျှ ထိန်းသိမ်း စောင့်ရှောက်လိုကြပေသည်။ 

အစိုးရ အဆက်ဆက်က တိုင်းရင်းသားများကို နိုင်ငံရေး၊ စစ်ရေးဖြင့် နှိပ်ကွပ်ထားသကဲ့သို့ တိုင်းရင်းသား စာပေများကိုလည်း နှစ်ပေါင်းများစွာ ဖိနှိပ်ထားသည့်အတွက် တိုင်းရင်းသားများမှာ နည်းမျိုးစုံဖြင့် ရုန်းကန် တိုက်ပွဲဝင်ခဲ့ကြရပေသည်။

ယခုတက်လာသည့် အစိုးရသစ်ကား တိုင်းရင်းသားတို့၏ စာပေ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုအပေါ် မည်သို့ သဘောထားလိမ့်မည်နည်း။ သာဓက တခုကား-

ပြီးခဲ့သည့်လက  မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်နှင့် ဝန်ကြီးများ ဘာသာရေး အကြောင်းကိစ္စတခုဖြင့် မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်ကျေးရွာသို့ ရောက်ရှိခဲ့ပေသည်။ ကမာဝက်ရွာသည် မွန်ပြည်နယ်တွင် အကြီးဆုံး မွန်ရွာတရွာ ဖြစ်ပြီး မွန်ပရိယတ္တိ စာသင်တိုက်များ ရှိကာ၊ ရွာသားအားလုံးမှာလည်း မွန်ဘာသာစကားကို အဓိကထား ပြောဆိုကြသည်။

ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် ဝန်ကြီးများသည် မွန်လူမျိုးများသာ ဖြစ်ကြပြီး၊ ဆရာတော်များသည်လည်း မွန်လူမျိုးများသာ ဖြစ်ကြပေသည်။ သို့သော်လည်း မွန်လူမျိုး ဖြစ်သည့် ဝန်ကြီးချုပ်တဦးတည်းကြောင့် သီလဆောက်တည်ခြင်း၊ တရားဓမ္မ ဟောကြားခြင်း ပြုရာတွင် ဆရာတော်များက တတ်ကျွမ်းမှု နည်းသည့် ဗမာဘာသာစကားကို အသုံးပြုရပေသည်။ ဤသည်မှာ မွန်လူမျိုးတို့၏ ဗုဒ္ဓဘာသာ ကိုးကွယ် ယုံကြည်မှုအပေါ် အထင်သေးရာ ရောက်စေသည် သာမက မွန်ဘာသာစကားနှင့် စာပေကို ဖျောက်ဖျက်ရာ ရောက်စေသည်။

၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ် ပါလီမန် ဒီမိုကရေစီခေတ်တွင် ဦးနု အစိုးရက တိုင်းရင်းသားစာပေကို အလေးထားခဲ့ပေသည်။ မွန်ဒေသ၌ မွန်စာပေကို မူလတန်းအဆင့်ထိ သင်ကြားခွင့် ပြုခဲ့ပေသည်။ မွန်ပညာရေး ဘုတ်အဖွဲ့ကိုလည်း ဖွဲ့စည်းကာ မွန်စာပေကို စနစ်တကျ သင်ကြားရန် ခွင့်ပြုထားခဲ့ပေသည်။ မွန်ပရိယတ္တိစာပေ သင်ကြားရေးကိုလည်း အာပေးခဲ့ပေသည်။ ၎င်းနည်းတူ အခြားသော ရှမ်း၊ ကချင်၊ ကရင် စသည့် တိုင်းရင်းသားစာပေများ တိုးတက်ရေးကိုလည်း အားပေးခဲ့ပေသည်။

သို့သော် ၁၉၆၂ ခုနှစ် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မွန်စာပေ သင်ကြားခွင့်၊ မွန်ဘာသာ ပရိယတ္တိစာပေ သင်ကြားခွင့်များ ပိတ်ပင်ခဲ့ပေသည်။ မွန်ဒေသ စာသင်ကျောင်းများတွင် မွန်ကလေးငယ်များအား ဗမာဘာသာကို အဓမ္မ သင်ကြားစေခဲ့သည်။ အခြားသော တိုင်းရင်းသားများလည်း အလားတူ ခံစားကြရပေသည်။ အချို့သော မွန်ပြည်နယ် စာသင်ကျောင်းများတွင် မွန်စကား ပြောမိပါက ပြစ်ဒဏ်ပေးခြင်း ခံရပေသည်။

မွန်စာပေနှင့် မွန်ဘာသာစကား ထိန်းသိမ်းခြင်းသည် မွန်လူမျိုးများ ကမ္ဘာမြေပြင်ပေါ်မှ မပျောက်ကွယ်ရေးအတွက် မရှိမဖြစ် လိုအပ်သည့် သော့ချက် ဖြစ်ပေသည်။ တချိန်က “ပျူ” လူမျိုးများ ပျောက်ကွယ်ခဲ့ရသည့် သင်ခန်းစာကို မွန်လူမျိုးများ အထူးသတိ ရှိကြပေသည်။ ထို့ကြောင့် မွန် ရဟန်းသံဃာတော်များ၊ ပညာတတ်များ၊ မျိုးချစ်ပုဂ္ဂိုလ်များက မွန်စာပေ သင်ကြားရေးကို တစိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်ခဲ့သည်။ သို့သော်လည်း မွန်စာပေနှင့် ဘာသာစကားကို တရားဝင် ထိန်းသိမ်း စောင့်ရှောက်ခွင့် ရရှိရန် လိုအပ်လျက် ရှိပေသည်။

ယခုလက်ရှိ ကြံ့ခိုင်ရေးပါတီ အစိုးရသည် ယခင် စစ်အစိုးရနည်းတူ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး စသည့် ဦးတည်ချက်ကို ချမှတ်ထားဆဲ ဖြစ်သည်။ ယင်းဦးတည်ချက်များ အောင်မြင်ရေးအတွက် တိုင်းရင်းသားတို့၏ လိုအင်ဆန္ဒကို သိရှိနားလည်ထားရန် လိုအပ်ပေသည်။ မိမိတို့၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု ထိန်းသိမ်းခွင့်သည် တိုင်းရင်းသားတို့၏ လိုအင်ဆန္ဒ တစိတ်တပိုင်း ဖြစ်သည်။

ဗဟိုအစိုးရသစ်နှင့် တိုင်းရင်းသား ပြည်နယ်အစိုးရများသည် တိုင်းရင်းသားများ၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု ထိန်းသိမ်းရေးကိုပင် တရားဝင် ခွင့်ပြုနိုင်လိမ့်မည် မဟုတ်ပါက ၎င်းတို့၏ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဦးတည်ချက်သည်လည်း အဓိပ္ပါယ်မဲ့နေပေလိမ့်ဦးမည် ဖြစ်သည်။

About မွန်သတင်းအေဂျင်စီ

Check Also

ဒီမိုကရေစီအာဏာရှင်မဆန်သင့်ပါ

မော်လမြိုင်-ဘီးလူးကျွန်းဆက်သွယ်သည့် သံလွင်တံတား(ချောင်းဆုံ)ကို “ဗိုလ်ချုပ်အောင်ဆန်းတံတား” အမည်ပေးရန် မွန်နိုင်ငံရေးပါတီမှခေါင်းဆောင်တစ်ဦး၏ သမီးဖြစ်သူ NLD ပါတီပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က လွှတ်တော်သို့အဆိုတင်သွင်းခဲ့မှုအပေါ် ဒေသခံများသာမက မွန်တမျိုးသားလုံးပါ လက်မခံဒေါသသံနှင့်အတူ ဝေဖန်တုန့်ပြန်ပြောဆိုသံများ ထွက်ပေါ်လာသည်။ …

%d bloggers like this: