spot_img
Friday, March 29, 2024
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်ဒေါ်စု၏ ဖက်ဒရယ် ပြည်ထောင်စုမူ (အသစ်တဖန်လား - အစစ်မှန်လား)

    ဒေါ်စု၏ ဖက်ဒရယ် ပြည်ထောင်စုမူ (အသစ်တဖန်လား – အစစ်မှန်လား)

    -

    ဗညာဟံသာ – မြန်မာပြည် အသွင်ကူးပြောင်းရေးနှင့်အတူ သွေးစည်းညီညွတ်သော တိုင်းပြည် တည်ထောင်ရေးအတွက် ကမ္ဘာ့နိုင်ငံရေး ဖြစ်ပျက် တိုးတက်မှုကို အခြေခံပြီး မြန်မာပြည်တွင် ဖက်ဒရယ် ပြည်ထောင်စု (ပြည်ထောင်ပေါင်းစု တိုင်းပြည်) ကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံနှင့်အညီ ဆောင်ရွက် ကြိုးပမ်းသွားရန်အတွက် အသိပညာရှင်နှင့် နိုင်ငံရေးသိပ္ပံ ပညာရှင်များမှ ပြည်ထောင်စု စာတမ်းများကို ရေးသားကြရန် ကမ္ဘာ့အသိအမှတ်ပြု ဒီမိုကရေစီ တိုက်ပွဲခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူသိရှင်ကြား ကြေညာပြီး တိုက်တွန်းခဲ့သည်။

    တန်းတူညီမျှသော တရားမျှတသော လွတ်လပ်သော နိုင်ငံရေးစနစ် ဖြစ်ထွန်းပေါ်ပေါက်ရေးအတွက် ဖက်ဒရယ်နိုင်ငံတော် (ပြည်ထောင်စု တိုင်းပြည်) အသစ်တရပ် တည်ဆောက်ရန် ၁၉၄၇ မှ ယနေ့တိုင်အောင် တိုးတက်သော အမြင်ကျယ်သော ရင့်ကျက်သော တိုင်းရင်းသား ခေါင်းဆောင်များနှင့် ဗမာ့ခေါင်းဆောင်တို့က ကြိုးပမ်းခဲ့သည်။ နှစ်ပေါင်း ခြောက်ဆယ်ကျော်ကျော် ကြိုးပမ်းခဲ့သော နိုင်ငံရေး ရုန်းကန်မှုကို အခြေခံ၍ ယနေ့မျက်မှောက်တွင် မြန်မာပြည် ဖက်ဒရယ် နိုင်ငံတော်ကြီး တည်ထောင်ရေးအတွက် ကမ္ဘာ့ခေါင်းဆောင်များနှင့် ကုလသမဂ္ဂ ညီလာခကံ သဘောတူ ထောက်ခံခဲ့ကြသည်။

    မြန်မာပြည်၏ သွေးစည်း ညီညွှတ်ရေးနှင့် တရားမျှတရေးအတွက် ဤအရေးပါသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို ဒေါ်စုနှင့် တိုင်းရင်းသား ခေါင်းဆောင်များက ၂၀၁၀ ခုနှစ် အောက်တိုဘာလတွင် “ကလေးမြို့ ကြေညာချက်” ကို အခြေခံပြီး တတိုင်းပြည် အတိုင်းအတာနှင့် နိုင်ငံရေးပါတီများ၊ ကျောင်းသား ခေါင်းဆောင်များနှင့်အတူ တိုင်းရင်းသားပြည်သူများနှင့် လက်တွဲ ကြိုးပမ်းသွားရန် ကြိုးပမ်းလျှက်ရှိသည်။ ဤကား တိုက်ပွဲသစ်၏ ပထမခြေလှမ်း ဖြစ်သည်။

    မြန်မာပြည်တွင် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် စာတမ်းများနှင့်အတူ လက်တွေ့ကျသော နိုင်ငံရေး သဘောထားမှုများကို အကောင်အထည်ဖေါ်ရာ၌ ယနေ့ လက်ရှိ အစိုးရ (တပ်မတော် ဦးဆောင်သော အရပ်သား တဖြစ်လဲ) အစိုးရတွင် တင်းပြည့်ကျပ်ပြည့် တာဝန်ရှိသည်။

    နိုင်ငံတော်ကို တပ်မတော်၏ စစ်အမိန့် စစ်အာဏာ အောက်တွင် နှစ်ပေါင်းငါးဆယ်ကျော် အုပ်ချုပ်လာခဲ့ပြီး ယနေ့ခေတ်သစ် ဒီမိုကရေစီ တိုးတက်ထွန်းကာသော ၂၁ ရာစု ခရီးတွင် တပ်မတော်မှ ခေါင်းဆောင်များနှင့် ယနေ့အစိုးရ ဝန်ကြီးများတွင် သမ္မတ  ဦးသိန်းစိန်၏ အပြုသဘောဆောင်မှု၊ သဘောထား မြင့်မြတ်ကြီးမားမှု အာဃာတတရား ကင်းမဲ့မှု၊ ဗမာနှင့် တိုင်းရင်းသား အမျိုးသားများအကြား ဖိနှိပ်မှုကို တိုက်ဖျက်ပြီး တရားမျှတမှုနှင့် လွတ်လပ်ခွင့်ကို တိုးတက်စေသော နိုင်ငံရေးလမ်းစဉ်များ ကျင့်သုံးရန် လိုအပ်သည်။

    ဖက်ဒရယ် နိုင်ငံရေးစနစ် ဆိုသည်ကား “အာဏာခွဲဝေရေး” စနစ် ဖြစ်သည်။ နိုင်ငံတော် အာဏာကို ဗဟိုအစိုးရနှင့် ပြည်နယ်၊ တိုင်းအစိုးရအကြားတွင် ဖွဲ့စည်းပုံနှင့်အညီ တရားမျှတစွာ ဝင်ရောက်စွက်ဖက်မှု ကင်းမဲ့စွာ အာဏာကျင့်သုံးပြီး တိုင်းရေးပြည်ရေးကို တာဝန်ယူခြင်း ဖြစ်သည်။ ကမ္ဘာ့နိုင်ငံတချို့တွင် မိမိတို့၏ နိုင်ငံရေးသမိုင်းကြောင်းနှင့် လက်တွေ့တွင် ရင်ဆိုင်နေရသော နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်ရေးအတွက် ပြည်ထောင်စု နိုင်ငံတော်စနစ်ကို ဖွဲ့စည်းထားခဲ့ကြသည်။

    ဘယ်နိုင်ငံက ဘယ်လောက်အောင်မြင်ပြီး ဘယ်လောက်မအောင်မြင်ဘူး ဆိုသော ကောက်ချက်များကို ကမ္ဘာ့ နိုင်ငံရေးသိပ္ပံ ပညာရှင်များက လေ့လာပြီး စာအုပ်စာတမ်းများစွာ အင်္ဂလိပ်ဘာသာများနှင့် ရေးသား မှတ်တမ်းတင်ခဲ့သည်။ မြန်မာပြည်၏ နိုင်ငံရေး သမိုင်းကြောင်းနှင့်အတူ ပြည်ထောင်စု (အသစ်) တည်ထောင်ရေးအတွက် ယနေ့ နိုင်ငံရေး ခေါင်းဆောင်များက လူသိရှင်ကြား ကမ္ဘာ့ခေါင်းဆောင်များ ရှေ့မှောက်တွင် သက်သေပြုပြီး ကြိုးပမ်းနေသည်ကို တပ်မတော်မှ ခေါင်းဆောင်များ မျက်ကန်း မပြုသင့်ချေ။

    ပြည်ထောင်စု၏ သဘောတရား ဖက်ဒရယ် နိုင်ငံတော်၏ လွှတ်တော်စနစ်၊ ပြည်ထောင်စု၏ အာဏာခွဲဝေရေး ပုံသဏ္ဍာန်နှင့် ပြည်ထောင်စုအစိုးရနှင့် ပြည်နယ်/တိုင်း အစိုးရအကြားတွင် ဒေါင့်ကန်ပေးသော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လက်တွေ့ကျကျ၊ စနစ်ကျကျ၊ နိုင်ငံရေး သဘောထား ကြီးမားမှုနှင့်အတူ နိုင်ငံရေး ခေါင်းဆောင်များနှင့် နိုင်ငံရေးပါတီများအကြားတွင် တိတိပပ သိသာထင်ရှားစွာ မဖေါ်ထုတ် – မကြိုးပမ်း – မကျင့်သုံး – မဆောင်ရွက်လျှင် မည်သည့်စာတမ်းမဆို အရာမရောက်ချေ၊

    ယနေ့လက်ရှိတွင် မြန်မာပြည် ဖက်ဒရယ်စနစ် တိုးတက်ထွန်းကားရေး ပေါ်ပေါက်လာရေးအတွက် ပြည်ပ၊ ပြည်တွင်းမှ နိုင်ငံရေး ပညာရှင်များနှင့် ခေါင်းဆောင်များက စာမျက်နှာပေါင်း တထောင်ကျော်ကျော် အင်္ဂလိပ်နှင့် မြန်မာဘာသာဖြင့် ရေးသားခဲ့ပြီးပြီ။ မည်သည့်  “မူ’’ က လက်တွေ့ကျပြီး၊ မည်သည့် “မူ” က သဘောမကျ လက်တွေ့မကျသည်ကို ဒေါ်စုကိုယ်တိုင်နှင့် တပ်မတော်မှ ခေါင်းဆောင်များက လူသိရှင်ကြား ကောက်ချက်ချခဲ့ခြင်းကို မကြားသိရသေးပေ။

    မြန်မာပြည်တွင် အာဏာခွဲဝေရေးထက် ဗမာနှင့် ဗမာမဟုတ်သော တိုင်းရင်းသား အမျိုးသားများ အကြားတွင် သမိုင်းအရ နစ်နာမှုများနှင့် သမိုင်းအရ “ မကျေမအေး” မှုများကို တရားမျှတမှုနှင့် နိုင်ငံရေး လွတ်လပ်မှုအပေါ် အခြေခံပြီး ပြည်သူလူထုနှင့် တပ်မတော် အစိုးရအကြားတွင် အသိပညာနှင့်အတူ နိုင်ငံရေး အသိတရား ရင့်ကျက်ရန် အထူးပင် အရေးကြီးသည်။ ဗမာ့အမျိုးသားများက (၁၁) ရာစုမှ ယနေ့ (၂၁) ရာစုတိုင်အောင် တိုင်းရင်းသားတို့၏ နိုင်ငံတော် နေပြည်တော် မြို့တော်ကြီးများကို စစ်အင်အားနှင့် သိမ်းပိုက်ခဲ့ပြီး အဖိနှိပ်ခံခဲ့ရသော တိုင်းရင်းသား အမျိုးသားများကလည်း မိမိတို့ ဆုံးရှူံးခဲ့ရသော အမွေအနှစ်နှင့်အတူ နိုင်ငံတော်များနှင့် နေပြည်တော်များကို ပြန်လည်ရယူရန် တော်လှန်ရေး ဆင်နွှဲခဲ့ကြသည်။

    နှစ်ပေါင်း ခြောက်ဆယ်မျှ မဟုတ်ပဲ နှစ်ပေါင်းရာပေါင်းများစွာ ပျောက်ဆုံးသွားသော မွန်၊ ရခိုင်၊ ရှမ်း စသော နိုင်ငံတော်ကြီးများနှင့် ဗြိတိသျှ လက်အောက်တွင် တဖန်ပျောက်ဆုံးသွားသော ချင်း၊ ကချင်၊ ကယား စသော တိုင်းရင်းသားတို့၏ နေပြည်တော်ကြီးများကို ဒေါ်စုနှင့်အတူ ယနေ့ ဦးသိန်းစိန် ဦးဆောင်သော အစိုးရက အသိအမှတ်ပြုရန် လိုအပ်သည့် သော့ချက် ဖြစ်သည်။ တိုင်းရင်းသားများ၏ ပျောက်ဆုံးသွားသော အဖိနှိပ်ခံခဲ့ရသော နိုင်ငံရေး နစ်နာမှုများကို အသိပညာရှင်နှင့် နိုင်ငံရေးသိပ္ပံ ပညာရှင်များက ဒီမိုကရေစီ၏ သဘောတရားအောက်တွင် လက်တွေ့ကျကျ ကျင့်သုံးပေးရန် လိုအပ်သည်။

    မြန်မာပြည် ဖက်ဒရယ် ပြည်ထောင်စု တိုးတက် ထွန်းကားရေးအတွက် ဗဟိုအစိုးရနှင့် ပြည်နယ်/တိုင်း အစိုးရများ အကြားတွင် အာဏာခွဲဝေရေးသည် အစိတ်ပိုင်းသာ ဖြစ်သည်။ အမှန်စင်စစ် တိုင်းရင်းသားတို့၏ ဒေသများ နေပြည်တော်များနှင့် မြို့တော်ကြီးများကို တိုင်းရင်းသားတို့၏ အစဉ်အလာနှင့် နိုင်ငံရေးအရ ဝင်ရောက် ပါဝင်မှု၊ ဆွေးနွေးမှု၊ ဥပဒေပြုမှုနှင့်အတူ ပြုပြင်ပြောင်းလဲမှုများကို တိုင်းရင်းသား ကိုယ်စားပြု ပြည်နယ်/တိုင်း အစိုးရများက လက်တွေ့ကျကျ “အုပ်ချုပ်ရေးအာဏာ” တပ်ဆင်ပေးရန် လိုအပ်သည့် သော့ချက် ဖြစ်သည်။

    ၁၉၄၇ ပင်လုံမြို့နှင့် ၁၉၉၇ မယ်ထရောထာ သဘောတူညီချက်၊ ၁၉၉၀ ဗိုလ်အောင်ကျော်လမ်းနှင့် ၂၀၁၀ ကလေးမြို့ ကြေညာချက်တို့ကို အခြေခံပြီး မြန်မာပြည် ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် “စာတမ်းမျှ မဟုတ်ပဲ လက်တွေ့တွင် ဒေါ်စုနှင့်အတူ တပ်မတော်မှ အသိပညာရှင်များနှင့် တိုင်းရင်းသား ခေါင်းဆောင်များက ဒီမိုကရေစီ သဘောတရားနှင့် လူ့အခွင့်အရေး သဘောထားကို ကျင့်သုံးမှသာလျှင် အောင်မြင်ရန် ရှိသည်။ သမိုင်းမှ အဖိနှိပ်ခံခဲ့ရသော နိုင်ငံရေး နစ်နာမှုများကို “ကုသ” မှသာလျှင် နားကြည်းခဲ့သော နိုင်ငံရေး ရောဂါ ပျောက်ပြီး တိုင်းပြည်တခုတွင် အတူတကွ ယှဉ်တွဲကာ တရားမျှတမှုနှင့် လွတ်လပ်မှုကို ထပ်တူထပ်မျှ ခံစားနိုင်ပေမည်ဟု ယုံကြည်ယင်း ဤဆောင်းပါးကို ရေးသားအပ်ချေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts