spot_img
Wednesday, April 24, 2024
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်ဒီမိုကရေစီကို အရေခြုံ၍ စစ်အာဏာရှင်စနစ် အစိုးရအာဏာကို တည်ဆောက်ခြင်း

    ဒီမိုကရေစီကို အရေခြုံ၍ စစ်အာဏာရှင်စနစ် အစိုးရအာဏာကို တည်ဆောက်ခြင်း

    -

    ဗညာဟံသာ – မြန်မာပြည်တွင် အသစ်ဖွဲ့စည်းခဲ့သည့် အစိုးရသည် ဒီမိုကရေစီကို အရေခြုံ၍ စစ်အာဏာရှင်စနစ်ကို အသက်သွင်းခဲ့သည်ဟု ကမ္ဘာ့ခေါင်းဆောင်နှင့် မြန်မာပြည် နိုင်ငံရေး လေ့လာသူများက ထပ်ခါထပ်ခါ ဖွင့်ပြော ဝေဖန်ခဲ့သည်။

    ဒီမိုကရေစီ သဘောတရားနှင့် သွင်ပြင် လက္ခဏာများကို တဝက်တပျက်သာ လက်ခံရယူပြီး အာဏာရှင်စနစ်ကို ဦးစားပေးသော မြန်မာပြည် အစိုးရသည် မည်မျှလောက် နိုင်ငံရေး လွတ်လပ်မှုနှင့် တရားဥပဒေ၏ လေးစားမှုအပေါ် အခြေခံပြီး မြန်မာပြည်၏ အကျိုးစီးပွားများကို လက်တွေ့ကျကျ ဖေါ်ဆောင်လိမ့်မည်နည်း။ ဒီမိုကရေစီ၏ အသက်သွေးကြော အနှစ်သာရ ဖြစ်သည့် နိုင်ငံသား လွတ်လပ်မှုနှင့် လွတ်လပ်စွာ ဝေဖန်ပြောဆို ဆွေးနွေးမှုများကို တိုင်းသူပြည်သားများ မည်မျှလောက် ခံစားခွင့် ရရှိလိမ့်မည်နည်း ဆိုသည်ကို ဤနေရာတွင် ဒီမိုကရေစီ အရေခြုံသော အာဏာရှင် အစိုးရစနစ်အား စမ်းသပ်ခြင်း ဖြစ်သည်။

    သမ္မတ ကျမ်းသစ္စာ ကျိန်ပွဲ မိန်ခွန်း အဆုံးသတ်တွင် သမ္မတ ဦးသိန်းစိန်က “နိုင်ငံနဲ့ ပြည်သူရဲ့ အနာဂတ် သာယာလှပအောင် တရားမျှတခြင်း လွတ်လပ်ခြင်းနဲ့ ညီမျှခြင်း တည်းဟူသော လောကပါက တရားများ ထွန်းကာတဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီး ရေရှည်တည်တံ့ ရှင်သန်အောင် ကျနော်တို့ ကိုယ်စွမ်းရှိသမျှ ကြိုးပမ်း စွမ်းဆောင် သွားပါမယ်လို့ ကတိပြုကြောင်း” ဆိုတဲ့ မိန့်ခွန်းကို တိုင်းသိပြည်သိ ကမ္ဘာ့တခွင် သိအောင် မိန့်ကြားခဲ့သည်။

    “တရားမျှတခြင်း” ဟူသော ဝေါဟာရ နိုင်ငံရေး အနှစ်သာရတို့ကို တိုင်းသူပြည်သားများ နားလည် သဘောပေါက်ရန် သို့မဟုတ် အကျိုးခံစားခွင့် ရှိရန် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရက လက်တွေ့တွင် ဘာများ လုပ်ဆောင်ခဲ့သနည်း။

    ယနေ့လက်တွေ့တွင် ပြည်ထောင်စု ဝန်ကြီးများ (၃၀) ဦးအနက် အများစုမှာ တပ်မတော် အရာရှိုဟောင်းများ ဖြစ်သောကြောင့် တပ်မတော်၏ အုပ်စိုးမှုနှင့် အသားယူမှုကို ပြည်ထောင်စု ပါလီမာန်က အဘယ်မျှလောက် ထိန်းချုပ် ကာကွယ်နိင်မည်နည်း။

    ၎င်းပြင် သမ္မတ ဦးသိန်းစိန် ခန့်အပ်ထားသော ပြည်ထောင်စု ဒုတိယ ဝန်ကြီး (၃၉) ရာထူးအနက် တပ်မတော်နှင့် မကင်းသော၊ တပ်မတော်ကို ကိုယ်စားပြုသော စစ်မှုထမ်းဟောင်း အများစုကို ခန့်အပ်ထားမှုကြောင့် သာမန်အရပ်သား လွှတ်တော် ကိုယ်စားလှယ်များက ထိပ်ဆုံး ဝန်ကြီးများ၏ အာဏာသုံးစွဲမှုကို ဒီမိုကရေစီ စနစ်အရ မည်မျှ ထိန်းကွပ် ပဲ့ကိုင်ခွင့် ရှိမည်နည်း။

    ဒီမိုကရေစီကို အရေခြုံ၍ တိုင်းသစ်ပြည်သစ် စနစ်သစ် ထွန်းကားရန် ကြိုးပမ်းခဲ့သော တပ်မတော် စစ်မှုထမ်းများက မိမိတို့၏ အကျိုးစီးပွားနှင့်အတူ တပ်မတော်၏ အခန်းကဏ္ဍ တည်တံ့ ခိုင်မြဲရေးအတွက် အကင်းပါးသော စီးပွားရေးစနစ်နှင့် ရင်းနှီးမြှုပ်နှံမှုများကို တရုတ်နှင့်အတူ နှစ်ပေါင်းနှစ်ဆယ်ကျော် ကြိုးပမ်းလာခဲ့သည်။

    ၎င်းပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ ခန့်အပ် တာဝန်ပေးရာတွင်လည်း အာဏာရှင်စနစ်ကို ဒေါက်ကန်ပေးသော တပ်မတော် စစ်မှုထမ်းဟောင်းများက အမြင့်ဆုံးအာဏာကို ထိန်းချုပ်ထားပြီး ဝန်ကြီးရာထူးများကိုလည်း ၎င်းတို့ ကိုယ်တိုင်က ချုပ်ကိုင်ထားခဲ့ကြသည်။

    ဒီမိုကရေစီ သဘောတရား၏ လွတ်လပ်မှုနှင့် တရားမျှတမှုကို အမှန်စင်စစ် ဒေါက်ကန်လျှင် တိုင်းရင်းသား ဒေသများတွင် တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား ခေါင်းဆောင်များက ၎င်းတို့ တိုင်းနှင့် ပြည်နယ်၏ “အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာနှင့် ဥပဒေပြုရေးအာဏာ” တို့ကို လက်တွေ့ကျကျ၊ ပြည်သူပြည်သားများနှင့် လက်ပွန်းတတီး ဖြစ်စေကာ တိုင်းရေးပြည်ရေး တာဝန်ကို ဖွဲ့စည်းပုံ (အသစ်) နှင့် သင့်လျှော်စွာ ခန့်အပ်ရပေမည်။

    လက်တွေ့တွင် တိုင်းနှင့် ပြည်နယ် နိုင်ငံရေးအာဏာ မှန်သမျှကို တပ်မတော်မှ စစ်မှုထမ်းဟောင်း အများစုက အသားစီး ထိန်းချုပ်မှုကြောင့် “တရားမျှတမှု” ဟူသော စကာလုံးကို သုံးပြီး ဒီမိုကရေစီ သဘောတရားကို ပြက်ရယ်ပြုခဲ့ပေသည်။

    မြန်မာပြည် အသွင်ကူးပြောင်းရေး ကာလနှင့် ဒီမိုကရေစီစနစ် ထွန်းကားရေးကို အကောင်အထည် ဖေါ်မည် ဆိုသော်လည်း လက်တွေ့တွင် အသစ်ဖွဲ့စည်းထားသော အစိုးရသည် တပ်မတော်၏ နိုင်ငံရေး ဦးဆောင်မှုနှင့် တပ်မတော် စီးပွားရေး တိုးတက် ကောင်းမွန်ပြီး တပ်မတော် စွမ်းအား ကြီးမားရေးအတွက် နိုင်ငံတော်နှင့် ဒီမိုကရေစီကို “ခွ” ထားပြီး ဝါဒဖြန့်နေခဲ့ခြင်းသာ ဖြစ်သည်။

    တပေါင်းလပြည့်ကျော်  (၁၂) ရက်နေ့ မတ်လ (၃၁) ရက်နေ့တွင် ကျမ်းသစ္စာပြုပြီး တလအတောအတွင်း နိုင်ငံတကာ ဆက်ဆံရေးတွင် “အပြောကောင်း အထောင်းလွတ်” ဆိုသည့် ဆောင်ပုဒ်အတိုင်း အကင်းပါးပါးနှင့် ဦးသိန်းစိန်က ကမ္ဘာ့ခေါင်းဆောင်များကို ချော့သိပ်ခဲ့သည်။ ထို့ကြောင့် ဧပြီလ ၁၉ ရက်နေ့တွင် အများမထင်မှတ်သော သမ္မတ ဦးသိန်းစိန်၏ နိုင်ငံတော် အကြံပေးအဖွဲ့ (၉) ဦးကို လူသိရှင်ကြား ကြေညာခဲ့သည်။

    သို့ဆိုလျှင် ဒီမိုကရေစီကို အရေခြုံ၍ အာဏာရှင်စနစ် အသက်သွင်းခဲ့သော အစိုးရသစ်၏ အုပ်ချုပ်မှုအောက်တွင် တိုင်းသူပြည်သားများ အကျိုးခံစားခွင့်ရအောင် လက်တွေ့တွင် စမ်းသပ်ရန် အထူးပင် အရေးကြီးလာသည်။

    “တရားမျှခြင်းနှင့် လွတ်လပ်ခြင်း” ဟူသော နိုင်ငံရေး အယူအဆ သဘောတရား အောက်တွင် မြန်မာပြည် အသွင်ကူးပြောင်းရေးကို လက်တွေ့ကျကျ ဆောက်ရွက်လိုလျှင်

    – ဖွဲ့စည်းပုံကို တနှစ်အတွင်း ပြန်လည် ပြင်ဆင်ရန်၊

    – မြန်မာပြည် ထိပ်သီးညီလာခံကို ပြည်တွင်းပြည်ပမှ ခေါင်းဆောင်များ တက်ရောက်အောင် ဖိတ်ခေါ်ရန်။

    – တပ်မတော်၏ စစ်တပ် ခြေလျှင်တပ်ရင်းများ ပြည်နယ်များမှ ဆုတ်ခွာပြီး ပြည်ထောင်စု တပ်မတော် ခန့်အပ်ရန်။

    – တိုင်းရင်းသားများ၏ ပြည်နယ် လွှတ်တော်ကို အချိုးကျ လွှတ်တော် ကိုယ်စားလှယ်နှင့် ဝန်ကြီးများ ခန့်အပ်ရန်။

    – ပြည်တွင်းစစ် ရပ်စဲပြီး ငြိမ်းချမ်းရေး သဘောတူညီချက်ကို ကမ္ဘာ့ အသိအမှတ်ပြုအောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းရေးသားပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,600SubscribersSubscribe
    spot_img

    Latest posts