spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းမွန်အမျိုးသားဝတ်စုံ အနှစ်(၄၀) ပြည့်၊ ရွှေရတုအကြို အထိမ်းအမှတ် ကျင်းပ

    မွန်အမျိုးသားဝတ်စုံ အနှစ်(၄၀) ပြည့်၊ ရွှေရတုအကြို အထိမ်းအမှတ် ကျင်းပ

    -

    နိုင်မာန်၊ ကျလွန်းထော – တတ္ကသိုလ်ရောက် မွန်ကျောင်းသားဟောင်းများ ဦးစီးဖွဲ့စည်းခဲ့သည့် မွန်အမျိုးသားဝတ်စုံ ဖေါ်ထုတ်ရေး ကော်မတီမှ မွန်အမျိုးသားဝတ်စုံ အနှစ် (၄၀) ပြည့် ရွှေရတုအကြိုအခမ်းအနားတရပ်ကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရွှေမြင့်မိုရ်ထွန်းဟိုတယ်၌ ပြီးခဲ့သည့် မေလ ၈ တွင် ကျင်းပခဲ့သည်။

    အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးများ ဖြစ်ကြသော လူမှုရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဒေါက်တာမင်းနွယ်စိုး၊ စွမ်းအင်နှင့် လျှပ်စစ်စွမ်းအားဝန်ကြီး နိုင်လဝီအောင်နှင့် ကရင်ပြည်နယ်လွှတ်တော်မှ မွန်အမျိုးသားရေးရာဝန်ကြီး နိုင်ချစ်ဦးတို့ အပါအဝင် တက္ကသိုလ် မွန်ကျောင်းသူ/သားဟောင်းများ၊ မွန်တက္ကသိုလ် ကျောင်းသူ/သားများ၊ ဒေသအသီးသီးရှိ မွန်လူထု အသင်းအဖွဲ့များမှ အင်အား ၄၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

    “တက္ကသိုလ်မှာ ဖြစ်ဖြစ်၊ အခြားအခမ်းအနားတွေမှာပဲ ဖြစ်ဖြစ် ကိုယ့်အမျိုးသားဝတ်စုံ မရှိသေးတဲ့ အခါမှာ အတော်မျက်နှာငယ်ရပါတယ်၊ ဘဝတူ တိုင်းရင်းသားတွေတိုင်းမှာလည်း သူ့အမျိုးသားဝတ်စုံနဲ့ ရှိနေကြပြီဆိုတော့ ကျနော်တို့ အမျိုးသားဝတ်စုံ မရှိလို့ မဖြစ်တော့ဘူး၊ ဒါကြောင့်ပဲ ကျနော်တို့ မွန်တက္ကသိုလ်ကျောင်းသားတွေ မွန်အမျိုးသားဝတ်စုံ ဖေါ်ထုတ်ရေး ကော်မတီကို ဖွဲ့စည်းခဲ့တာ ဖြစ်တယ်” ဟု မွန်အမျိုးသားဝတ်စုံ ဖေါ်ထုတ်ရေး ကော်မတီ ဥက္ကဌ ဖြစ်ခဲ့သူ နိုင်မောင်တိုးက အဆိုပါအခမ်းအနားတွင် မိန့်ကြားခဲ့သည်။

    အဆိုပါအခမ်းအနားတွင် ရန်ကုန်၊ မော်လမြိုင်၊ ဖားအံတက္ကသိုလ်များ ကျောင်းသူ ကျောင်းသားများက ဒွါရဝတီ၊ သုဝဏ္ဏဘုမ္မိ၊ ဟံသာဝတီ၊ ကုန်းဘောင်နှင့် ယခုခေတ်ကာလအထိ မွန်လူမျိုးတို့၏ ဝတ်စားဆင်ယဉ်မှုဝတ်စုံ အသီးသီးကို ခင်းကျင်းပြသခဲ့သည်။

    ထို့အပြင် မွန်ဘုရင် မနုဟာမင်းနှင့် ရာဇာဓိရာဇ်၊ မွန်ဘုရင်မ ရှင်စောပုနှင့် စာမ္မဒေဝ႘၊ မွန်သူဌေး နိုင်အောက်တို့၏ ဝတ်စုံများကိုလည်း ခင်းကျင်းပြသခဲ့သည်ဟု သိရသည်။

    “ခုချိန်ခါမှာဆိုရင် စီးပွားရေးသမားတွေက အရောင်အသွေး မျိုးစုံနဲ့ တီထွင်ထုတ်လုပ်နေတဲ့ မွန်ဝတ်စုံတွေကို ကြည့်ရတာ ပနံသင့်လှပါတယ်၊ ဒါပေမဲ့ သတ်မှတ်ထားတဲ့ မွန်အမျိုးသားဝတ်စုံ စံနှုန်းတွေကိုတော့ လစ်လျူပြုလို့ မသင့်ပါဘူး၊ မွန်လူငယ်တွေအနေနဲ့ ခေတ်နဲ့အညီ လိုက်ဖက်တဲ့ မွန်ဝတ်စုံတွေ ဝတ်ဆင်နေကြတာ သူတို့နဲ့ သိပ်ကို လိုက်ဖက်လှပါတယ်၊ ဒါပေမဲ့ ကိုယ့်ယဉ်ကျေးမှု ဝတ်စုံ သတ်မှတ်ချက်တွေနဲ့ လွဲမှားနေတယ် ဆိုတာကို သတိပြုထားသင့်တယ်” ဟု မော်လမြိုင်တက္ကသိုလ်မှ အငြိမ်းစားဆရာမ မိအေးယဉ်က အခမ်းအနား တက်ရောက်လာသူများကို သတိပေး ပြောကြားခဲ့သည်။

    လက်ထက်မင်္ဂလာ အခမ်းအနား မွန်ဝတ်စုံ သတ်သတ်မှတ်မှတ် မရှိသေးသည့်အတွက် မွန်ယဉ်ကျေးမှုနှင့်အညီ သတ်မှတ်ထားသော ထိမ်းမြားမင်္ဂလာ ဝတ်စုံ ပုံစံသစ်ကို ကျောင်းသားလူငယ်များ ဝတ်ဆင်ပြသပြီး အခမ်းအနား တက်ရောက်သူများထံမှ အကြံညာဏ်များ ရယူခဲ့သည်။

    “ဘိတ်ကြားထားတာက ၂၅၀ ယောက်ပဲ၊ ဒါပေမဲ့ စိတ်ဝင်စားသူက များတော့ အရောက် ၄၀၀ လောက် တက်ရောက်လာကြပြီး နေရာထိုင်ခင်း မလောက်မင ဖြစ်သွားရတယ်။ တခြားကိစ္စ အခက်အခဲ မရှိပါဘူး” ဟု မွန်ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်း မြှင့်တင်ရေးအဖွဲ့ ဥက္ကဌ နိုင်တင့်ခိုင် က ပြောသည်။

    တက္ကသိုလ်ရောက် မွန်ကျောင်းသားဟောင်းများ ဦးစီးကမကထ ပြုလုပ်ပြီး မွန်အမျိုးသား ဝတ်စုံ ဖေါ်ထုတ်ရေး ကော်မတီကို ၁၉၇၁ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေတွင် ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်း (တောင်ဘက်မုခ်) ရှိ မွန်ဓမ္မာရုံ (ပိဋကတ်တိုက်) ၌ အမှုဆောင် (၁၁) ဦးဖြင့် ဖွဲ့စည်းခဲ့ကြသည်။ ယင်းအမှုဆောင်အဖွဲ့တွင် ဥက္ကဌ နိုင်မောင်တိုး၊ ဒု-ဥက္ကဌ နိုင်သက်လွင်၊ အတွင်းရေးမှူး ဗညားအောင်မိုး၊ တွဲဖက်အတွင်းရေးမှူး (၁) နိုင်မျိုးလွင်၊ တွဲဖက်အတွင်းရေးမှူး (၂) မင်းအောင်မြိုင်စိန် တို့ အသီးသီး တာဝန်ယူ ပါဝင်ခဲ့ကြသည်။

    ယခုကျင်းပခဲ့သည့် မွန်အမျိုးသား ဝတ်စုံ အနှစ် (၄၀) ပြည့်၊ ရွှေရတုအကြို အထိမ်းအမှတ် ဖြစ်မြောက်ရေး ကုန်ကျစရိတ် အားလုံးကို နိုင်သက်လွင် မိသားစုမှ အလှူဒါန ပြုလုပ်ခဲ့ပြီး အခမ်းအနားကို နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီထိ ကျင်းပခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts