spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းနေရပ် ပို့ခံရမည်ကို ဒုက္ခသည်များ စိုးရိမ်

    နေရပ် ပို့ခံရမည်ကို ဒုက္ခသည်များ စိုးရိမ်

    -

    ဂျူရီချိုင်း – ထိုင်းနိုင်ငံရှိ မြန်မာဒုက္ခသည်များကို ထိုင်းအစိုးရက နေရပ် ပြန်ပို့မည့် သတင်းကြောင့် ဒုက္ခသည်များ စိုးရိမ်နေကြကြောင်း စခန်းအတွင်း နေထိုင်သည့် ဒုက္ခသည်များထံမှ သိရသည်။ 

    ဘန့်ဒုံယန်း ဒုက္ခသည် စခန်းအတွင်း စားနပ်ရိက္ခာများ သယ်ဆောင်လာသော ဒုက္ခသည် အမျိုးသမီးများ (ဓါတ်ပုံ -UNHCR / K. McKinsey / 2 May 2007)
    ဘန့်ဒုံယန်း ဒုက္ခသည် စခန်းအတွင်း စားနပ်ရိက္ခာများ သယ်ဆောင်လာသော ဒုက္ခသည် အမျိုးသမီးများ (ဓါတ်ပုံ -UNHCR / K. McKinsey / 2 May 2007)

    ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်နေ့တွင် ထိုင်းအစိုးရ ပြောခွင့်ရ နိုင်ဖါနိတန် ဝပ်ထာနယာဂွန် ထုတ်ဖေါ်ပြောကြားချက်အရ လက်ရှိ  ထိုင်းဝန်ကြီးချုပ် အဖိစစ် ဝေ့ချာချီဝက ဒုက္ခသည်စခန်းများ ပိတ်ရေး မပိတ်ရေးကို ပြန်လည်သုံးသပ်ပြီး ဆုံးဖြတ်ချက်ချလိမ့်မည်ဟု တိုင်းမ် (TIME) မဂ္ဂဇင်း၌ ရေးသားဖေါ်ပြသည်။

    “သူတို့ ပို့မယ့်လို့ ပြောတယ်၊ ဒါပေမဲ့ ဘယ်တော့ ပို့မှာကတော့ မသေချာသေးဘူး၊ ဒုက္ခသည်တွေက မပြန်ချင်ကြဘူး” ဟု ဘန့်ဒုန်ယန်း ဒုက္ခသည်စခန်းမှ ကျောင်းဆရာ ကိုထွန်းလွင်က ပြောသည်။

    သို့သော်လည်း ထိုင်းအစိုးရက ဒုက္ခသည်များအား နေရပ်ပြန်ပို့မည့် အစီအစဉ်မှာ မဖြစ်နိုင်သေးကြောင်း ပြီးခဲ့သည့် ဧပြီလ ၂၃-၂၄ ရက်နေ့တွင် ကရင်ဒုက္ခသည် ကော်မတီက ဘန့်ဒုန်ယန်း ဒုက္ခသည်စခန်း၌ သင်တန်းလာရောက်ပို့ချစဉ် ဒုက္ခသည်များအား ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံ၌ နိုင်ငံရေး အခြေအနေ မတည်ငြိမ်မီ ဒုက္ခသည်များ၏ ဆန္ဒကို မယူပဲ အတင်းအဓမ္မ ပြန်ပို့ပါက ဒုက္ခသည်များ စားဝတ်နေရေးအပြင် အခြားအခက်အခဲများနှင့် ကြုံတွေ့နိုင်ကြောင်း ကိုထွန်းလွင်က ပြောသည်။

    တဖက်တွင် နေရပ်ပြန်ပို့မည့် သတင်းများ ထွက်နေသော်လည်း ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေ့စဉ် ကရင်ဒုက္ခသည် ၅ ဦးခန့် စခန်းသို့ ရောက်ရှိနေကြောင်း ဘန့်ဒုန်ယန်း ဒုက္ခသည်စခန်းမှ ကိုထွန်းလွင်က ဆက်ပြောသည်။ အခြားဒုက္ခသည်စခန်းသို့လည်း နေ့စဉ် ဒုက္ခသည်များ ရောက်ရှိနေကြောင်း သိရသည်။

    အလားတူ မယ်လဒုက္ခသည်စခန်းမှ ဒုက္ခသည် အချို့ကလည်း နေရပ်မပြန်ပို့ခံရမည်ကို စိုးရိမ်ပြီး အဆင်ပြေရာသို့ ထွက်ခွာရန် ပြင်ဆင်နေကြကြောင်း ဒုက္ခသည်များက ပြောသည်။

    “ရုံးချုပ်က ဆုံးဖြတ်ချက် မချခင် စခန်းကနေ ဘယ်ကိုမှ ထွက်မသွားဖို့ စခန်းအုပ်ချုပ်သူတွေက ပြောထားတယ်” ဟု မယ်လဒုက္ခသည်စခန်းတွင် သုံးနှစ်ကြာ နေထိုင်လာခဲ့သူ မွန်ဒုက္ခသည်တဦးက ပြောသည်။

    ထိုင်း – မြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် ဒုက္ခသည် ဦးရေ ၁၄၀,၀၀၀ ကျော် ရှိသည်ဟု ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအသင်း TBBC က ထုတ်ပြန်ထားသည်။ ဒုက္ခသည်အများစုမှာ ကရင်တိုင်းရင်းသားများ ဖြစ်ကြသည်။

    လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်တွင် နိုင်ငံတကာ လူ့အခွင့်ရေးအဖွဲ့များ ဝေဖန်နေသည့်ကြားမှ ထိုင်းအစိုးရက နိုင်ငံတွင်းရှိ မုန် (Hmong) ဒုက္ခသည် ၄၀၀၀ ကျော်ကို လာအိုနိုင်ငံသို့ နောက်ဆုံးအကြိမ် ပို့ဆောင်ခဲ့သေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts