spot_img
Saturday, April 20, 2024
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်ဖွတ်မိချောင်းဖြစ် မြစ်မချမ်းသာ

    ဖွတ်မိချောင်းဖြစ် မြစ်မချမ်းသာ

    -

    သူရိန် – နဝတ၊ နအဖ စစ်အစိုးရလက်ထက်တွင် ပြည့်ခိုင်ဖြိုး (ကြံ့ဖွတ်) အသင်း၏ ဦးစီးခေါင်းဆောင် ဖြစ်ခဲ့သော ဦးသိန်းစိန်နှင့် အဖွဲ့ဝင်များသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အရင်းမြစ်ဖြစ်သော ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး ၂၀၁၁ မတ်လ ၁၇ ရက်နေ့တွင် ပြည်ထောင်စု သမတ မြန်မာနိုင်ငံတော် (ပထစ) အစိုးရအဖြစ် ကျမ်းသစ္စာကျိန်ဆိုကာ အစိုးရသစ် ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

    ၂၀၁၀ ၏ ရွေးကောက်ပွဲတွင် မှန်ကန်သော နည်းလမ်း (သို့) မမှန်ကန်သော နည်းလမ်းများဖြင့် အနိုင်ရရှိခဲ့သော ဦးသိန်းစိန်နှင့် အပေါင်းပါများ၏ အစိုးရသစ် လက်ခုပ်ထဲတွင် သန်းပေါင်း (၆၀) နီးပါးခန့် ရှိသော ပြည်ထောင်စုဖွား တိုင်းရင်းသားများ၏ ကံကြမ္မာသည်လည်း အကောင်းနှင့်အဆိုးကို မျှော်ကိုး၍ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

    ကျမ်းသစ္စာကျိန်ဆိုအပြီး မတ်လ (၃၁) ရက်နေ့တွင် နိုင်ငံတော် သမတကြီး ဦးသိန်းစိန်က ၎င်း၏ အစိုးရသစ် ဝန်ကြီးများနှင့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည့် မိန့်ခွန်းများသည် အလွန်တရာ မှတ်သားဘွယကောင်းလှသလို ပြောခဲ့သည့်အတိုင်း တကယ့်စေတနာ အရင်းအမှန်နှင့် လုပ်ဆောင်မည်ဆိုပါက သန်းပေါင်း (၆၀) ခန့်ရှိသည့် ပြည်သူများ၏ ဘဝနှင့် ကံကြမ္မာသည်လည်း ရေမြင့်လျှင် ကြာတင့်ဆိုသလို အမှန်တကယ် တောက်ပြောင်လာလိမ့်မည်ဟုလည်း ယုံကြည်မိပါသည်။

    သမတကြီး ဦးသိန်းစိန် ပြောခဲ့သည့် မိန့်ခွန်းများတွင် အဓိကကျသော အချက်အလက်များမှာ မိမိတို့ အစိုးရအဖွဲ့သည် ခေတ်မီတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရန်အတွက် သန့်ရှင်းကောင်းမွန်သော အစိုးရအဖြစ် တိုင်းပြည်နှင့် ပြည်သူလူထု အကျိုးကို ဆောင်ရွက်သွားရန်၊ အတ္တမပါ ကိုယ်ကျိုးမဖက် လဒ်စားခြင်းမရှိဘဲ မှန်ကန်သော တရားဥပဒေ စိုးမိုးရေးအတွက် ဆောင်ရွက်သွားရန်၊ စိုက်ပျိုးရေးကို အခြေခံပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ဖြစ်ရန်အတွက် နိုင်ငံပိုင် စက်ရုံအလုပ်ရုံများကို ပြည်သူတို့၏ လက်ဝယ်သို့ လွှဲပြောင်းပေးရန် စသည့်မိန့်ခွန်းများကို မစားရဝခမန်း ပြောဆိုသွားခဲ့သည်။

    သို့သော် တရုပ်ပြည် ကွန်မြူနစ်ပါတီ ပေါ်လစ်ဗြူရိုအဖွဲ့က မြန်မာနိုင်ငံအစိုးရသစ်အား လာရောက်တွေ့ဆုံခဲ့သည့် ဧပြီလ ပထမပတ်တွင် ဆွေးနွေးခဲ့ကြသည့် နှစ်နိုင်ငံ ကူးသန်းရောင်းဝယ်မှုများတွင် မြန်မာနိုင်ငံဘက်မှ မြေပေါ်မြေအောက် သယံဇာတများ ဖြစ်သည့် သစ် ရေနံနှင့် သဘာဝဓါတ်ငွေ့များကို တရုပ်နိုင်ငံသို့ ရောင်းချရန် သဘောတူညီခဲ့သည့် သမတကြီး ဦးသိန်းစိန်၏ သဘောထားမှာ ယခင် နအဖ အစိုးရလက်ထက်ကဲ့သို့ပင် မပြောင်းလဲဘဲ ရှိနေသေးသည်မှာလည်း အရိုးစွဲနေသော အာဏာရှင်ဝါဒကို ပြသရာ ရောက်နေသည်ဟု လေ့လာသုံးသပ်သူများက ဆိုပါသည်။

    နိုင်ငံတော်ကြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရမည်ဟု ကြွေးကြော်နေသော (ပထစ) အစိုးရသည် နိုင်ငံ၏ သယံဇာတများကို ဖွံ့ဖြိုးမှု မရှိသေးသော ဒေသများတွင်  အသုံးပြုရမည့်အစား ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်း  တရုပ် အိန္ဒိယတို့ကို ရောင်းစားနေခြင်းနှင့် ရောင်းချရန် ကြံစည်နေခြင်းများသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်နေသည်နှင့် မတူဘဲ ၎င်းတို့အစိုးရ အဖွဲ့အစည်းနှင့် ၎င်းတို့၏ အသိုင်းအဝိုင်းများအကြား ဖွံ့ဖြိုးတိုးတက်ရန်အတွက် လုပ်ဆောင်နေကြခြင်းသာ ဖြစ်သည်။

    ကောင်းမွန်သန့်ရှင်းသော အစိုးရအဖြစ် ရပ်တည်မည့် (ပထစ) အစိုးရသည် အမှန်တကယ် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု အေးချမ်းသာယာမှုနှင့် တရားဥပဒေ စိုးမိုးရေးကို လိုလားမည်ဆိုပါက တိုင်းရင်းသား အဖွဲ့အစည်းများ မျှော်လင့်တောင့်တနေကြသော လိုအပ်နေသော စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ပေါက်လာနိုင်ရန်အတွက် တိုင်းရင်းသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့်အတူ နိုင်ငံရေး အကျဉ်းသားများကို  (နအဖ) ဘဝမှ အသွင်ကူးပြောင်းသည့် (ပထစ) အစိုးရအဖြစ် အသိအမှတ် ပြုနိုင်ရန်အတွက် နိုင်ငံရေး ခဝါချသည့်အနေဖြင့် ပြုလုပ်ဆောင်ရွက်ပေးရန် သင့်ကြောင်းကိုလည်း မွန်ရေးရာအဖွဲ့ဝင် လူငယ်တဦးက ဆိုပါသည်။

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမှီပြုပြီး ဖြစ်ပေါ်လာသည့် (ပထစ) အစိုးရသည် (နအဖ) မှ အသွင်းပြောင်းလာသည့်အစိုးရသာ ဖြစ်ပြီး အစိုးရအဖွဲ့တွင်လည်း ၎င်းတို့ပြောသမျှ ခေါင်းငုံ့ကာ နာခံမည့် တိုင်းရင်းသား ကိုယ်စားလှယ် ဝန်ကြီးအနည်းငယ်မျှသာ ပါဝင်သောကြောင့် ၎င်းတို့ကျင့်သုံးသည့် ဒီမိုကရေစီနည်းအရ တိုင်းရေးပြည်ရာ ကိစ္စများကို မဲခွဲပြီး ဆုံးဖြတ်မည် ဆိုပါကလည်း တိုင်းရင်းသားများအရေးကို ဦးစားပေး ဆောင်ရွက်မည့် တိုင်းရင်းသား ကိုယ်စားလှယ် ဝန်ကြီးများအနေဖြင့် မဲဆန္ဒအရ အရှုံးနှင့်သာ ရင်ဆိုင်ရပြီး မိမိတို့ တိုင်းရင်းသားများအရေးကို ပြည့်ပြည့်ဝဝ ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်းကိုလည်း ၎င်းလူငယ်ကပင် ထောက်ပြ၍ ပြောဆိုသွားခဲ့သည်။

    (ပထစ) အစိုးရသည် တိုင်းပြည်ရေးရာကိစ္စများကို စွမ်းစွမ်းတမံ ဆောင်ရွက်မည်ဟု မည်မျှပင် ကြွေးကြော်နေစေကာမှု ၂၀၀၈ ဖွဲ့စည်ပုံ အခြေခံဥပဒေမှ ပေါ်ပေါက်လာသည့် အစိုးရ ဖြစ်ခြင်းကြောင့် ထောက်ခံမည် မဟုတ်ကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှငွေက ဧပြီလ (၄) ရက်နေ့တွင် ပြောဆိုခဲ့သလို ကျန်ရှိသည့် တိုင်းရင်းသားပေါင်းစုံ လက်နက်ကိုင် အဖွဲ့အစည်းများကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အကြောင်းအရာတချို့ကို ပြောင်းလဲပြုပြင်မည် မဟုတ်ပါက အစိုးရသစ်ကို လက်ခံနိုင်မည် မဟုတ်ကြောင်းကိုလည်း မွန်ပြည်သစ်ပါတီ စစ်မှု့ထမ်းဟောင်းတဦးက ဆိုပါသည်။

    လက်ရှိ (ပထစ) အစိုးရသည် နိုင်ငံတော်ကို ရေရှည် စီမံကိန်းခန့်ခွဲ အုပ်ချုပ်သွားနိုင်ရန်အတွက် အစိုးရအဖွဲ့အစည်းနှင့် ဝန်ထမ်းများအား နိုင်ငံတကာအဆင့်မီ လစာငွေများ ထောက်ပံ့ရန် ရည်ရွယ်ချက် ရှိသည့်အတိုင်း နိုင်ငံခြားငွေ ရရှိနိုင်မည့် တိုင်းပြည်၏ သယံဇာတများကို တိုင်းတပါးသို့ ရောင်းချရန် ကြံစည်နေခြင်းသာ ဖြစ်ကြောင်း၊ ထိုမျှမက ၎င်းတို့အစိုးရအဖွဲ့အစည်းအား အချိန်အခါမရွေး ဆန့်ကျင်လာနိုင်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပြည်သူလူထုတို့၏ ဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ရန်အတွက် တပ်မတော်၏ အင်အားကို တိုးချဲ့သွားရန် ရည်ရွယ်ချက်ရှိကြောင်း အမည်မဖေါ်လိုသည့် နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက ပြောပါသည်။

    ၎င်းပြင် (နအဖ) လက်ထက်မှ စ၍ ယခု (ပထစ) အစိုးရအထိ အစဉ်မပြတ် လိုအပ်နေသော ဘဏ္ဍာငွေများကို ဖြည့်ဆည်းနိုင်ရန်အတွက်လည်း ပုဂ္ဂလိက ကုမ္မဏီများကို စီးပွားရေး လုပ်ပိုင်ခွင့်များ အပြည့်အဝပေးကာ လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရန် ပြည်သူအများပိုင် ဥယျာဉ်ခြံ လယ်မြေများကို အဓမ္မသိမ်းယူခြင်းများကို ခွင့်ပြုထားခြင်း၊ ဖြစ်ပေါ်လာသည့် ပြဿနာများကိုလည်း ရရှိထားသည့် အာဏာအားကိုးဖြင့် ဥပေက္ခာပြုခြင်း စသည့်လုပ်ရပ်များများလည်း သာမာန်ကာလျှံကာမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိဖြင့် ပြည်သူအများ နာလံမထူနိုင်အောင် ပြုလုပ်နေခြင်းသာ ဖြစ်သည်ကို မိမိအနေဖြင့် ရှုမြင်သုံးသပ်မိကြောင်းကိုလည်း ထိုသူပင် ဆက်လက်၍ ပြောဆိုပါသည်။

    တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေနှင့်လည်း အစိုးရသစ်ကို လက်မခံနိုင်သည့်တိုင် မိမိတို့ တိုင်းရင်းသား မျိုးနွယ်စုများ၏ ရပိုင်ခွင့်များကို လက်နက်နှင့် ဖြေရှင်းသည့် နည်းလမ်းများ အောင်မြင်နိုင်မည် မဟုတ်ကြောင်း၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေး နည်းလမ်းဖြင့်သာ အဖြေရှာသင့်ကြောင်း လက်နက်ကိုင်စစ်ပွဲ ပဋိပက္ခ ဖြစ်ပွားမည် ဆိုပါက ရှေးဦးစွာ ရင်စည်း၍ ခံရမည်က ဒေသခံပြည်သူများသာ ဖြစ်ကြောင်း၊ အစိုးရ၏ စေတနာနှင့် လုပ်ဆောင်ချက်များသည် တိုင်းပြည်နှင့် ပြည်သူတို့အတွက် အကျိုးဖြစ်ထွန်းမှု မရှိပါက ထိုအစိုးရအဖွဲ့သည်လည်း ရေရှည်ရပ်တည်နိုင်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့် တိုင်းရင်းသား ပြည်သူလူထုတို့၏ အင်အားကို အသုံးပြုကာ မိမိတို့ လိုအပ်သည့် ပန်းတိုင်ကို ရောက်သည်အထိ နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းသွားရန်သင့်ကြောင်း အသက် (၇၀) ကျော် နိုင်ငံရေးသမားကြီး တဦးက ပြောပါသည်။

    နိုင်ငံတော် သမတကြီး ဦးသိန်းစိန်၏ ပြောဆိုခဲ့သည့် မိန့်ခွန်းများအနက်မှ မိမိတို့အစိုးရအဖွဲ့အစည်း ဝန်ကြီးများနှင့် ဝန်ထမ်းများသည် အတ္တမပါ ကိုယ်ကျိုးမဖက်ဘဲ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ရမည်ဆိုသောအချက်မှာ ဦးသိန်းစိန် သမတဖြစ်ပြီးချိန်မှစ၍ ယခုချိန်ထိ လွဲမှားနေသေးသည်ဟု ဆိုရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပြည်တွင်းနှင့် နယ်စပ်ဒေသအထိ ဝန်ထမ်းများ၏ ဘက်စုံ လာဘ်စားမှုများကား ရှိနေဆဲပင် ဖြစ်သည်။ နယ်စပ်ဒေသများတွင်လည်း တရားမဝင် စီးပွားရေးလုပ်ငန်းများ ဖြစ်သည့် လောင်းကစားမှုမျိုးစုံ၊ မှုးယစ်ဆေးဝါး ရောင်းဝယ်မှုများ၊ ပြည်ပနိုင်ငံသို့ တရားမဝင် ဝင်ရောက်သည့် လူများကို တင်သွင်းနေသည့် လူမှောင်ခိုကုန်သည်များ၊ ပြည်ပမှ မိမိတို့ နေရပ်သို့ ပြန်လာကြသည့် ပြည်တော်ပြန် ပြည်သူများထံမှ မတရားအခွန်အကောက်များကို အနုနည်းဖြင့်၎င်း ခြိမ်းခြောက်၍၎င်း တောင်းယူနေခြင်းများ ရှိနေကြဆဲပင် ဖြစ်သည်။

    တိုင်းကျိုးပြည်ကျိုးမပါဘဲ မိမိတို့ ကိုယ်ကျိုးအတွက်သာ ကြည့်ကာ လုပ်စားနေကြသော (ပထစ) အစိုးရနှင့် ၎င်းတို့၏ ဝန်ထမ်းများကို တိုင်းပြုပြည်ပြု အစိုးရဟု ခေါ်ဆိုရန်မှာ ခက်ခဲလှသလို ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး ဖြစ်ရမည်ဟု အားကောင်းမောင်းသန်ဖြင့် ယခင် (မဆလ) မှစ၍ ယခု (ပထစ) အထိ ကြွေးကျော်နေသည်မှာလည်း ပတ်ဝန်းကျင် နိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံအသီးသီးကြားတွင် ရှက်ဖွယ်လိလိပင် ဖြစ်သည်။

    “ဖွတ်မိချောင်းဖြစ် မြစ်မချမ်းသာ” ဆိုသော ရှေးလူကြီးသူမများ၏ စကားပုံတခုကို အမှတ်ရမိပေသည်၊ ယခုလက်ရှိအခြေအနေနှင့်လည်း တိုက်ဆိုင်နေသည်ဟု ဆိုလျှင်လည်း မှားမည်မထင်ပါ။ အဘယ်ကြောင့်ဆိုသော် ကြံ့ဖွတ်အသင်း၏ ဦးစီးဦးဆောင် ဦးသိန်းစိန်က ဖွတ်အသွင်မှ မိချောင်းအသွင် ပြောင်းကာ နိုင်ငံတော်သမတအဖြစ် တိုင်းပြည်အုပ်ချုပ်မည့် ကာလမှာပင် တိုင်းပြည်၏ သယံဇာတများကို ပြည်ပသို့ ရောင်းစားရန် ကြံစည်ခြင်း၊ ပြည်သူများ၏ ဥယျာဉ်ခြံလယ်မြေများကို အစိုးရအာဏာဖြင့် အဓမ္မသိမ်းယူရန် ကြံစည်ခြင်းတို့သည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်ခြင်း မဟုတ်ဘဲ တိုင်းပြည်ပျက်သုဉ်းရန်သာ ရှိသည်ကို မြင်မိပါသောကြောင့် “ဖွတ်မိချောင်းဖြစ် မြစ်မချမ်းသာ” ဆိုသလို ဦးသိန်းစိန် သမတဖြစ်မှ တိုင်းပြည်ပျက်စီးရန်အရေး ကြုံနေရပါကြောင်း တင်ပြလိုက်ရပေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts