spot_img
Tuesday, April 23, 2024
More
    spot_img
    Homeသတင်းလယ်၊ ခြံ ဧကရာကျော် မောရဝတီရေတပ်မှသိမ်း

    လယ်၊ ခြံ ဧကရာကျော် မောရဝတီရေတပ်မှသိမ်း

    -

    ကျလွန်းထော – တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ကျွဲသုံးညီမကျေးရွာရှိ လယ်မြေနှင့် ဥယျာဉ်ခြံများကို သိမ်းဆည်းရန်အတွက် မောရဝတီ ရေတပ်စခန်းမှ ဖေဖော်ဝါရီလတွင် စတင်တိုင်းတာနေပြီး  တိုင်များကို စိုက်ထူထားသည်ဟု ဒေသခံရွာသားတဦးက ပြောသည်။ 

    တပ်တည်ရန်အတွက် မွန်ပြည်နယ် ရေးမြို့နယ်အတွင်း အသိမ်းခံရသည့် ရာဘာခြံတခြံ ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )
    တပ်တည်ရန်အတွက် မွန်ပြည်နယ် ရေးမြို့နယ်အတွင်း အသိမ်းခံရသည့် ရာဘာခြံတခြံ ( ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်းအေဂျင်စီ )

    “စစ်သင်တန်းကျောင်း ဆောက်ဖို့လို့ ပြောသံ ကြားတယ်၊ ရွာသားတွေကို ဘာမှ မပြောဘူး၊ ကျနော့် ရော်ဘာခြံ ခြစ်ရပြီးသား ၈ ဧကနဲ့ သီဟိုဠ်ခြံ ၁၈ ဧက အကုန်လုံးပါသွားတယ်” ဟု အသိမ်းခံရသည့် ခြံရှင်တဦးက ပြောသည်။

    အလျား ၇ မိုင်၊ အနံ ၄ မိုင် အကျယ်ရှိ လယ်မြေနှင့် ဥယျာဉ်ခြံမြေများ သိမ်းဆည်းခံရသည်ဟု ခန့်မှန်းရကြောင်း၊ အသိမ်းခံရသူများအနေနှင့် မည်သည့်ဌာနသို့ တိုင်ကြားရမည်ကို မသိရှိကြောင်းနှင့် တိုင်ကြားရန်လည်း မဝံ့ရဲကြောင်း သူက ပြောသည်။

    “သူတို့ တပ်ကို ကြောက်နေရတော့ ဘာမှ ပြန်မပြောရဲဘူး၊ ကျနော့်ခြံဆိုရင် လက်ရှိပေါက်စျေး သိန်း (၃၀၀) ကျပ်ကျော် တန်ဖိုးရှိတယ်၊ အခုချိန်မှာ (၁၀) သိန်းတန်ကို (၃) သိန်းနဲ့ ပြန်ရောင်းတောင် ဘယ်သူမှ မဝယ်ဘူး၊ အချို့ဆိုရင် ခြံဝယ်ထားတာ တနှစ် မပြည့်သေးဘူး၊ အခုလို ဖြစ်သွားတာ လူတိုင်းက တော်တော် စိတ်ဓါတ်ကျနေကြတယ်” ဟု သူက ဆက်ပြောသည်။

    အသိမ်းခံရသည့် ကျေးရွာသားများမှာ အလုပ်လက်မဲ့ ဖြစ်နေကြသည့်အတွက် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားကြပြီး အချို့မှာ နီးစပ်သည့် ရေးမြို့သို့ ပြောင်းရွေ့သွားကြသည်ဟု ကိုယ်တိုင် မြင်တွေ့ခဲ့သည့် ရေးမြို့ခံတဦးက ပြောသည်။

    “ရေးမြို့ကို (၁၅) ဦး ထွက်လာတယ်၊ ပြီးတော့ ထိုင်းနိုင်ငံကိုလည်း ၂၀ ဦးလောက် သွားကြတယ်၊ သူတို့ကို ကျနော် မေးကြည့်တော့ လုပ်စရာမရှိလို့ ရွာကနေ ထွက်သွားရတယ်လို့ ပြောတယ်” ဟု သူက ပြောသည်။

    ၎င်းပြင် ကျေးရွာသားများအပေါ် ညှဉ်းပန်းနှိပ်စက်ခြင်း၊ အခွန်ကောက်ခံခြင်းနှင့် အနိုင်ကျင့်ခြင်းများ ပြုလုပ်လေ့ ရှိကြောင်း ဒေသခံများက ပြောသည်။

    လယ်ယာမြေပိုင်ဆိုင်သူများ အနေဖြင့် ထိုက်သင့်သည့် လျော်ကြေးငွေများ ပြန်လည်ရရန်အတွက် လက်ရှိအစိုးရသစ်ထံ ဖော်ထုတ် တိုင်ကြားသွားမည်ဟု မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်းမှသတင်းအချက်အလက် စုဆောင်း ကောက်ခံရေး တာဝန်ခံ နိုင်အွန်းမွန်က ပြောသည်။

    “အခုလို သိမ်းယူနေတာဟာ ဒါပထမဦးဆုံးအကြိမ် မဟုတ်ဘူး၊ ဒါတင်မကသေးဘူး လမ်းဖောက်၊ ဂက်စ်ပိုက်လိုင်းလုပ်ဖို့ ဆိုပြီး ဒီကျွဲသုံးညီမရွာအနီးမှာ ရှိတဲ့ မင်းသားရွာ၊ သဲချောင်းရွာနဲ့ ဟိန်းဆဲရွာတွေမှာလည်း မြေတော်တော်များများ သိမ်းထားသေးတယ်” ဟု ကိုအွန်းမွန်က ပြောသည်။

    ကျွဲသုံးညီမကျေးရွာမှာ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း အစပ်ရှိ ကျွန်းပေါ်တွင် တည်ရှိသည့် ရွာတရွာ ဖြစ်ပြီး အိမ်ခြေ ၆၀၀ ကျော်ရှိကာ လယ်လုပ်ငန်း၊ ခြံလုပ်ငန်းနှင့် ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,600SubscribersSubscribe
    spot_img

    Latest posts