spot_img
Friday, March 29, 2024
More
    spot_img
    Homeဆောင်းပါးအဆိပ်ခွက်အတွင်းမှ ပြည်သူများ

    အဆိပ်ခွက်အတွင်းမှ ပြည်သူများ

    -

    သူရိန် – ၂၀၁၀ – ၂၀၁၁ ခုနှစ်အတွင်း ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူဒေသ၏ စီးပွားရေး ဆုတ်ယုတ်မှုများမှာ ယခင် နှစ်များကနှင့် နှိုင်းယှဉ်ကြည့်လျှင် အဆမတန် လျှေ့ာနည်းသွားကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြော သည်။ စီးပွားရေးနှင့် လုပ်ငန်းကိုင်ငန်း အခြေအနေများ မည်မျှပင် ဆုတ်ယုတ်သွားသော်လည်း မြို့တွင်းရှိ ပျော်ပွဲရှင်ပွဲများနှင့် လောင်းကစားဝိုင်းများမှာ အဆက်အပြတ် စည်ကားလျက်ပင် ရှိသည်။နယ်စပ်ဒေသ၏ အဓိက စီးပွားရေးလုပ်ငန်းတခု ဖြစ်သည့် သစ်လုပ်ငန်း ပိတ်ဆို့ခံရမူကြောင့် သစ်လုပ်ငန်းကို အမှီပြုနေရသည့် လုပ်သားများနှင့် ပရိဘောဂလုပ်ငန်းများ လည်ပတ်မှု (၈၀ %) သို့ လျှော့နည်းသွားပြီး ခရီးသွားလာမှုနှင့် ကုန်စည်ကူးသန်းရောင်းဝယ်မှု လုပ်ငန်းများတွင်လည်း ကရင်အမျိုးသား အစည်းအရုံး (KNU) က လမ်းခရီး ပြေးဆွဲခွင့်ကို အချိန်နောက်ကျမှ ခွင့်ပြုခြင်းတို့ကြောင့် လျော့နည်းလာသော ကုန်စည် စီးဆင်းမှု အရှိန်အဟုန်နှင့် ကုန်စျေးနှုန်း ထိုးတက်မှုဒဏ်ကို ဒေသခံပြည်သူများက အဓိက ခံစားနေကြရပေသည်။

    လက်လုပ်လက်စား ဒေသခံပြည်သူအများစုကသာ စီးပွားရေး ဆုတ်ယုတ်မှုနှင့် ကုန်စျေးနှုန်း တိုးတက်မှုဒဏ်ကို ခံစားနေကြရသော်လည်း စီးပွားရေး ခိုင်မာတောင့်တင်းသော ငွေရှင်ကြေးရှင်များ၊ အစိုးရ အဖွဲ့အစည်းများနှင့် ပေါင်းပြီး ဥပဒေမဲ့ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နေကြသည့် လူကုံထံ အသိုင်းအဝိုင်းများ၊ လူမှောင်ခို ပွဲစားများမှာမူ ငွေကို ဖေါဖေါသီသီ သုံးဖြုန်းနိုင်ကြပေသည်။ ပျော်ပွဲရုံများနှင့် လောင်းကစားဝိုင်းများတွင်  ငွေရှင်ကြေးရှင်များသာမက လက်လုပ်စား ငွေကြေးချို့တဲ့သူများကိုလည်း တွေ့မြင်ရပေသည်။

    မိမိတို့ ကိုယ်ကျိုးအတွက်သာ မျှော်ကိုးပြီး လောင်းကစားဝိုင်းများကို (၁၂) ရာသီပတ်လုံး ဖွင့်ထားသော လောင်းကစားဝိုင်းဒိုင်များ ဖြစ်ကြသည့် အမှတ် (၄) ရပ်ကွက် တောင်ဝိုင်းလမ်း စိုးစံကဖီးနှင့် အအေးစုံ ဥဒေါင်းကန်ပတ်လမ်းရှိ ဦးမန်းသိန်းနှင့် ဦးမျိုးတို့ ဦးစီးဖွင့်ထားသည့် လောင်းကစားဝိုင်းတွင်လည်းကောင်း၊ အမှတ် (၂) ရပ်ကွက် (၁၀) လမ်းရှိ ယခင်ငြိမ်းချမ်းရေးကောင်စီမှ ဗိုလ်လက်ကိုင် ဦးစီးဖွင့်ထားသည့် လောင်းကစားဝိုင်းများတွင်လည်းကောင်း လောင်းကစားသူများနှင့် (၁၂) ရာသီပတ်လုံး ဖြည့်နှက်၍ နေပေသည်။

    မြို့အုပ်ချုပ်သူ အာဏာပိုင် အဖွဲ့အစည်းများကလည်း လောင်းကစားဒိုင်များက ရက်ရက်ရောရော ပေးကမ်း နေသည့် အခွန်အကောက်များကြောင့် မည်ကဲ့သို့သော ပြဿနာများ ပေါ်ပေါက်နေစေကာမှု မျက်စိမှိတ် နားပိတ်၍ နေကြပေသည်။ လောင်းကစားဝိုင်းများ အစဉ်မပြတ် ရှိနေခြင်းကြောင့် မြို့တွင်းဖေါက်ထွင်းမှုများ ခိုးမှုများ ဆိုင်ကယ်လုယက်မှုများ စသည့် လူသားတို့၏ အကျင့်စာရိတ္တကို ပျက်ပြားစေသော မကောင်းမှုများမှာလည်း မကြာခဏဆိုသလို ဖြစ်ပွားနေပေသည်။

    မြို့တွင်း အဆက်မပြတ်ဖွင့်ထားသော လောင်းကစားဝိုင်းများအပြင် ရံပုံငွေကို အကြောင်းပြကာ ကိုယ်ကျိုးရှာခဲ့သည့် (စကခ – ၈) ဗျူဟာမှုး ဗိုလ်မှုးကြီး သိန်းဇော်က ဖေဖော်ဝါရီလ (၂၃) ရက်နေ့မှ အစပြု၍ ဖေဖော်ဝါရီလ ကုန်သည်အထိ ရွှေတောင်ကြား ဂေါက်ကွင်းတွင် ပျော်ပွဲရွှင်ပွဲနှင့် လောင်းကစားဝိုင်းများကို အခွန်အကောက်များ ယူကာ ပြုလုပ်ခဲ့ပေသည်။

    တဆက်တည်းမှာပင် မတ်လ (၈) ရက်နေ့မှ စ၍ ဧပြီလထိ ဘုရားသုံးဆူမြို့ ရွှေဥဒေါင်းကန်ဘုရား အပြီးသတ် တည်ဆောက်ရန်ဟူသော အကြောင်းပြချက်ဖြင့် အနန်းကွင်း ဆရာတော်က ဦးစီး၍ ရွှေတောင်ကြား ဂေါက်ကွင်းတွင်လည်းကောင်း၊ ဘုရားသုံးဆူမြို့ ကရင်စု ကွက်သစ်တွင်လည်းကောင်း ပျော်ပွဲရွှင်ပွဲနှင့် လောင်းကစားဝိုင်းများကို ပြုလုပ်ကာ အခွန်အကောက်များကို ကောက်ခံခဲ့ပေသည်။

    မြို့တွင်း လောင်းကစားဝိုင်းများ ဖေါင်းပွနေခြင်းကြောင့် စားဝတ်နေရေး ကျပ်တည်းနေသော အရပ်သားများ သာမက အရွယ်မရောက်သေးသည့် လူငယ်များနှင့် အမျိုးသမီးများ အပါအဝင် သာသနာ့ဘောင်အတွင်းရှိ သင်္ကန်းဝတ်တချို့တလေပင် လောင်းကစားဝိုင်းများတွင် တွေ့မြင်ရပေသည်။

    မြို့တွင်း အချိန်ပြည့် ဖွင့်ထားသော (GAME) ခေါ် ပန်းသီးပုံးများနှင့် ဘောလုံးပွဲများတွင် သင်္ကန်းဝတ်များကို မြင်တွေ့နေရသလို ကျန်ကစားဝိုင်းများဖြစ်သည့် အနီထောင်၊ အံဂလုံနှင့် ဖဲဝိုင်းများတွင်လည်း အရွယ်မရောက် သေးသည့် လူငယ်များနှင့် အမျိုးသမီးများကို အများအပြား တွေ့မြင်ရပေသည်။

    ဘုရားသုံးဆူမြို့သည် နယ်စပ်မြို့လေး ဖြစ်သည်နှင့်အမျှ မြို့တွင်း နေထိုင်သူများမှာလည်း လူတန်းစားပေါင်းစုံ အလွှာပေါင်းစုံ ဖြစ်ပြီး စီးပွားရှာနေသူများမှာလည်း တိုင်းရင်းသားများသာမက ထိုင်းနိုင်ငံမှ လုပ်ငန်းရှင်များပင် ရှိကြပေသည်၊ (GAME) ခေါ် ပန်းသီးပုံးမှာ ထိုင်းလူမျိုး လုပ်ငန်းရှင်တဦးက ဖွင့်လှစ်ထားပြီး သေးငယ်သော မြို့လေးပင် ဖြစ်သော်ငြားလည်း ပန်းသီးပုံးပေါင်း အရေအတွက်မှာ ၃၀၀ ကျော်နှင့် ၅၀၀ ဝန်းကျင်းခန့် ရှိသည်။

    ပန်းသီးပုံး အခွန်အကောက်အဖြစ် ပိုင်ရှင်ဖြစ်သူက အာဏာပိုင် အဖွဲ့အစည်းအား ပုံးတစ်လုံးလျှင် တလ ဘတ်ငါးရာ (၅၀၀) ပေးနေရကြောင်း ပန်းသီးပုံးအား လိုက်လံစစ်ဆေး ငွေသိမ်းသည့် လုပ်သားတဦးက ပြောပါသည်။ ကျန်သည့် ကြက်ဝိုင်း၊ ဖဲဝိုင်း၊ အနီထောင်ဝိုင်းများကို ထောင်ထားကြသော လောင်းကစားဒိုင်ကြီးများကလည်း ၎င်းတို့ရရှိသော အခွန်အကောက်အပေါ်တွင် မူတည်၍ အာဏာပိုင် အဖွဲ့အစည်းများအား ပေးကမ်းနေရသည်ဟု ဒိုင်များနှင့် နီးစပ်သူတဦးက ပြောသည်။

    ပြင်ပကစားဝိုင်း ဖြစ်သည့် ပျော်ပွဲရွှင်ပွဲရှိ ကစားဝိုင်းများတွင် ပျော်ပွဲရွှင်ပွဲ တည်ထောင်သူ ကန်ထရိုက်က အနီထောင် တဝိုင်းလျှင် တည ဘတ်တစ်ထောင့်ငါးရာ၊ အံဂလုံ ခုံကြီးတခုံ တည ဘတ်တစ်ထောင့်ငါးရာ၊ အံဂလုံ ခုံသေးတခုံလျှင် ဘတ်တရာ့ငါးဆယ်နှင့် သုံးရာအကြား ကောက်ခံလျက်ရှိပြီး အကောက်အများဆုံး ရရှိသည့် ကစားဝိုင်းမှာ ဖဲဝိုင်း ဖြစ်သည်ဟု ကစားဝိုင်း အကောက်ကောက်သူတဦးက ပြောသည်။ ရရှိသော ငွေများကို ကုန်ကျစရိတ်များ နှုတ်ပြီးလျှင် ကန်ထရိုက်အဖွဲ့နှင့် အာဏာပိုင်အဖွဲ့က ဝေစားမျှစားကြသည်ဟု ထိုသူကပင် ထပ်မံ၍ ပြောဆိုသည်။

    ဒေသ၏ စီးပွားရေးကျဆင်းလာသည်နှင့်အမျှ လောင်းကစားဝိုင်းများ ဆက်လက်၍ တည်ရှိနေပါက လက်လုပ်လက်စား အခြေခံ လူတန်းစားများကြားတွင် အိမ်တွင်း ပဋိပက္ခမှအစ ရာဇဝတ်မှုကြီးများပင် ပေါ်ပေါက်လာနိုင်ဘွယ် ရှိကြောင်း ဆံသဆိုင် ဖွင့်ထားသူတဦးက ပြောသည်။ လုပ်ငန်းကိုင်ငန်း ရှားပါးမှုနှင့် လောက်ငှမှု မရှိသော ဝင်ငွေကြောင့် ငွေပိုငွေလျှံလေးများ ရရှိအောင် လောင်းကစားဝိုင်းများတွင် နစ်မျောနေမှုများကြောင့် ထိုကဲ့သို့ ဖြစ်ပွားရကြောင်း သူက ပြောသည်။

    နှစ်ပေါင်းနှစ်ဆယ်ကျော် တည်ရှိခဲ့ပြီး ဖြစ်သည့် နယ်စပ်ဒေသ ဘုရားသုံးဆူမြို့ကို အုပ်ချုပ်ခဲ့သည့် အာဏာပိုင် အဆက်ဆက် လက်ထက်တွင်လည်း ဤကဲ့သို့ပင် ဥပဒေပြင်ပမှ စီးပွားရေးလုပ်ငန်းများနှင့် လောင်းကစားဝိုင်းများကို အပိတ်အပင်မရှိ ဖွင့်လှစ်ထားခြင်းမှာ ဒေသ၏ ဖွ့ံဖြိုးတိုးတက်မှုနှင့် လူနေမှု အဆင့်အတန်းကို ဆုတ်ယုတ်စေသည်သာမက အုပ်ချုပ်သူအာဏာပိုင်တို့က ဒေသခံ ပြည်သူတို့အား ထိန်းချုပ်ကွပ်ကဲ လွယ်ကူစေရန်အတွက် ရည်ရွယ်ချက်ရှိရှိနှင့် လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူတဦးက ပြောသည်။

    “ကျနော်အမြင် ပြောရမယ်ဆိုရင်တော့ ဘုရားသုံးဆူဒေသမှာ ရှိတဲ့ ပြည်သူတွေဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ နီးစပ်မှု အများဆုံး ရှိတဲ့ တိုင်းရင်းသား လူမျိုးတွေဘဲ ဖြစ်တယ်။ အဲဒီလူတွေက လူမျိုးရေး နိုင်ငံရေးတွေမှာ စိတ်ဝင်စားမှု မရှိအောင်၊ အမြဲတမ်း စားဝတ်နေရေး ခက်ခဲကျပ်တည်းနေအောင် ရည်ရွယ်ချက်နဲ့ ကစားဝိုင်းတွေ မှုးယဝ်ဆေးဝါးတွေ မိန်းမပျက်တွေကို အပိတ်အပင်မရှိ ဖွင့်ထားတာဘဲ ဖြစ်တယ်။ လူတွေရဲ့စိတ်က အဲဒီလို မကောင်းမှုတွေဘက်ကို ရောက်နေမှ သူတို့အနေနဲ့ ထိန်းချုပ်ရ လွယ်ကူမယ်၊ ပြည်သူတွေ ငတ်ပြတ်နေလေ သူတို့ ကြိုက်လေပဲ” ဟု သူက သုံးသပ်ပြောဆိုသည်။

    လောကနိယာမတခု ဖြစ်သည့် မကောင်းမှုတွင် မွေ့လျော်တတ်သော လူတို့၏ သဘောသဘာဝကို နားလည်လက်ကိုင်ထားသည့် အုပ်ချုပ်သူ အာဏာပိုင်များက ဘုရားသုံးဆူဒေသတွင် လောင်းကစားမှုများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုများ၊ ပြည်တန်ဆာလုပ်ငန်းဖြင့် စီးပွားရှာနေမှုများ စသည့် ဥပဒေပြင်ပမှ လုပ်ငန်းများကို အပိတ်အပင် အတားအဆီး မရှိ လစ်လျူရှုထားခြင်းသည် ဒေသခံ ပြည်သူများအား အဆိပ်ခွက်အတွင်းသို့ တွန်းချခြင်းသာ ဖြစ်ပါသောကြောင့် ဘုရားသုံးဆူ ဒေသအတွင်းရှိ ပြည်သူများမှာ “အဆိပ်ခွက်အတွင်းမှ ပြည်သူများ” သာ ဖြစ်ပါကြောင်း ဖေါ်ပြလိုက်ရပေသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts