spot_img
Wednesday, April 24, 2024
More
    spot_img
    Homeသတင်းအနှစ် ၄၀ အတွင်း မွန်အမျိုးသားဝတ်စုံ ဝတ်ဆင်သူ အလွန်များပြား

    အနှစ် ၄၀ အတွင်း မွန်အမျိုးသားဝတ်စုံ ဝတ်ဆင်သူ အလွန်များပြား

    -

    ကျလွန်းထော၊ ဂျူရီချိုင်း – မွန်ပြည်နယ်နှင့် မွန်လူမျိုးများ ရောက်ရှိနေထိုင်ကြသည့် နေရာဒေသများတွင် အနှစ် ၄၀ အတွင်း မွန်အမျိုးသားဝတ်စုံ ဝတ်ဆင်မှု တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက် များပြားလာသည်ဟု မွန်အမျိုးသားရေး လှုပ်ရှားသူများနှင့် မွန်ပြည်သူများထံမှ သိရသည်။

    မွန်ဝတ်စုံ ဒီဇိုင်းသစ်ကို ကြော်ငြာရိုက်ပေးသည့် ဂီတမွန် တေးဂီတအဖွဲ့မှ အဆိုတော် ပါမောက္ခချမ်းနှင့် နဒီ (ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်း အေဂျင်စီ)
    မွန်ဝတ်စုံ ဒီဇိုင်းသစ်ကို ကြော်ငြာရိုက်ပေးသည့် ဂီတမွန် တေးဂီတအဖွဲ့မှ အဆိုတော် ပါမောက္ခချမ်းနှင့် နဒီ (ဓာတ်ပုံ - လွတ်လပ်သော မွန်သတင်း အေဂျင်စီ)

    “မွန်အမျိုးသားဝတ်စုံ သတ်မှတ်ချက်က အဖြူနဲ့ အနီဆိုတာ သက်ဆိုင်ရာ အဖွဲ့အစည်းတွေမှာ လှုပ်ရှားနေကြတဲ့ မွန်တွေအားလုံး သိကြပါတယ်၊ ရောင်စုံထုတ်လုပ်လာနိုင်တော့ လူကြိုက် ပိုများလာတယ်၊ မွန်ဂီတသုခုမ အဖွဲ့တွေကလည်း တေးသီချင်းတွေနဲ့ အမြဲတမ်း တိုက်တွန်းနှိုးဆော်နေတော့ စိတ်ဝင်စားမှု တော်တော်များလာတယ်၊ အခုဆိုရင် ဘယ်ပွဲလမ်းသဘင်မဆို မွန်ဝတ်စုံ ဝတ်စားဆင်ယဉ်တာ ပိုများလာတယ်” ဟု မော်လမြိုင်အခြေစိုက် မွန်ယဉ်ကျေးမှု အမွေအနှစ် ဖေါ်ထုတ်ရေးအဖွဲ့ ဥက္ကဌ နိုင်တင့်ခိုင်က ပြောသည်။

    ထို့အပြင် ပြည်ထောင်စုဖွား အခြားသော တိုင်းရင်သားများ ဖြစ်ကြသည့် ကချင်၊ ကရင်၊ ကယား၊ ချင်း၊ ဗမာ၊ ရခိုင်နှင့် ရှမ်းတို့ကလည်း မှာယူဝတ်ဆင်နေကြသည်ဟု နိုင်တင့်ခိုင်က ဆက်ပြောသည်။

    “ကျနော်တို့ လူငယ်တွေဆိုရင် ကိုယ့်အမျိုးသားဝတ်စုံကို တူညီဝတ်ဆင်နေကြတော့ အမြင်လည်း ကြည့်လို့ အဆင်ပြေတယ်၊ တခြားလူငယ်တွေကလည်း စိတ်ဝင်တစားနဲ့ လိုက်ပြီး ဝတ်ဆင်လာကြတယ်၊ ဒါ့ကြောင့် မွန်ဒေသတွေမှာ မွန်အမျိုးသားဝတ်စုံတွေ တနေ့ပြီးတနေ့ ပိုပြီး ပေါ်ထင်လာတယ်” ဟု မွန်လူငယ်တဦးက ပြောသည်။

    “တနင်္လာနေ့ Mon Day တိုင်း မွန်အမျိုးသားဝတ်စုံ ဝတ်ဆင်ကြစို့” ဟု မွန်လူငယ်အဖွဲ့အစည်းများမှ ပြက္ခဒိန်၊ ပိုစတာများ ဖြန့်ဝေခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

    “အမျိုးဘာသာ၊ သာသနာ၊ ယဉ်ကျေးမှု တိုးတက်ထွန်းကားဖို့ ဖေါ်ထုတ်တဲ့ လှုပ်ရှားမှုတွေမှာ မွန်အမျိုးသားဝတ်စုံ ဝတ်ဆင်မှု များပြားလာတာရယ်၊ ခေတ်ကိုလိုက်ပြီး အရောင်နဲ့ ဒီဇိုင်းမျိုးစုံ ထွင်လာပြန်တော့ ဝတ်ဆင်တဲ့သူလည်း ပိုများလာတယ်” ဟု နွေရာသီ မွန်စာပေ သင်တန်းဆရာ သံဃာတော်တပါးက မိန့်ကြားသည်။

    ယခုအခါ မွန်ပြည်နယ် ဒေသအသီးသီး၌ နွေရာသီ မွန်စာပေ သင်ကြားရေး သင်တန်းကျောင်းများ ဖွင့်လှစ်ထားရှိရာ မွန်ရဟန်းရှင် သံဃာတော်များ တိုက်တွန်းမှုကြောင့် လူငယ်များအကြား မွန်အမျိုးသားဝတ်စုံ ဝတ်စားဆင်ယဉ်မှု ပိုမိုများပြားလာသည်ကို တွေ့ရှိနေရသည်။

    ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲကာလအတွင်း မွန်အမျိုးသားဝတ်စုံ ဝတ်စားဆင်ယဉ်မှု ဒေသအနှံ့ ပိုမိုများပြားလာသည့်အတွက် မွန်ပြည်နယ် မြို့ပေါ်ရှိ အထည်ဆိုင်များ ယခင်နှစ်များထက် မွန်ဝတ်စုံကို အဓိကထား ရောင်းချရသည်ဟု အထည်ဆိုင် ပိုင်ရှင်များထံမှ သိရသည်။

    မွန်ရိုးရာ ဝတ်စုံများနှင့်အတူ တွေ့ရသည့် မွန်ယဉ်ကျေးမှု ယိမ်းအဖွဲ့ (ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ)
    မွန်ရိုးရာ ဝတ်စုံများနှင့်အတူ တွေ့ရသည့် မွန်ယဉ်ကျေးမှု ယိမ်းအဖွဲ့ (ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ)

    ၄င်းအပြင် နိုင်ငံရပ်ခြား ဖြစ်သည့် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် မွန်အခမ်းအနားများ ကျင်းပကြရာ၌ မွန်ဝတ်စုံ မလုံလောက်သည့်အတွက် ရရာစျေးနှုန်းဖြင့် မွန်ပြည်နယ်မှ မှာယူနေရကြောင်း ထိုင်းနိုင်ငံ မဟာချိုင်မြို့နေ မွန်အမျိုးသမီး ကုန်သည်တဦးက ပြောသည်။

    “ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ မွန်လူမျိုးတိုင်းက မွန်ဝတ်စုံ အကုန်ရှိရတယ်၊ မရှိလို့ မဖြစ်ဘူး” ဟု သူမက ဆက်ပြောသည်။

    အဆိုပါဝတ်စုံ ဖြစ်မြောက်ရေးအတွက် တော်လှန်ရေးကောင်စီ လက်ထက်တွင် ၁၉၇၁ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့တွင် မွန်တက္ကသိုလ် ကျောင်းသားများ အသင်းက မွန်အမျိုးသား ဝတ်စုံ ဖော်ထုတ်ရေး ကော်မတီ တရပ် ဖွဲ့စည်းခဲ့ပြီး မွန်အတတ်ပညာရှင်များထံမှ အကြံညာဏ်များ ရယူကာ မွန်အမျိုးသားဝတ်စုံကို သတ်မှတ်ဝတ်ဆင်ခဲ့ကြသည်မှာ အနှစ် ၄၀ ရှိပြီ ဖြစ်သည်။

    ထိုစဉ်က မွန်တက္ကသိုလ် ကျောင်းသားများအသင်းတွင် ရန်ကုန်တက္ကသိုလ်များ၊ မန္တလေးတက္ကသိုလ်၊ မော်လမြိုင်ကောလိပ်နှင့် တောင်ကြီးကောလိပ်များရှိ မွန်ကျောင်းသူ ကျောင်းသားများနှင့် ဆရာဆရာမများ ပါဝင်သည်ဟု မှတ်တမ်းများအရ သိရသည်။

    ဆက်စပ်သတင်း

    2 COMMENTS

    1. ခိုဟ်ဟ်လေဝ် ချူဂှ်လေဝ် ညံင်ဒုင်စသိုင်ဟွံလုပ် ပရေင် ကောန်ဂကူကွေံပုဟ် အဲနာဲဟလႝုညာတ်ကေတ်ဂှ်။

    2. လွတ်လပ်သော မွန်သတင်းအေဂျင်စီ စာမျက်နှာကို ဖတ်ပြီးမှ အနှစ်၄၀ပြည့် မွန်အမျိုးသား၀တ်ဆုံ နေ့ကို ကျွှန်တော်သိရတာပါ။ ကျွှန်တော်တို့ မွန်လူမျိုးတွေဟာ ရှေးခေတ်ကတည်းက ကိုယ့်ယဉ်ကျေးမှူနဲ့ ကိုယ့်အစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်ခဲ့တဲ့ မွန်မြတ်တဲ့ လူမျိုးပါပဲ။ အခုလို ကျွှန်တော်တို့ မွန်လူမျိုးတွေ ကိုယ့်ယဉ်ကျေးမှုကို တနှစ်ထက်တနှစ် များပြားလာအောင် ၀တ်ဆင်သွားရန် ကျွှန်တော် တိုက်တွန်းချင်ပါတယ်။ မွန်လူမျိုး မှန်ခဲ့ရင် မွန်စကါး ပြောရဲ ရမည် ၊ မွန်စာ တတ်ရမည် ၊ မွန် ယဉ်ကျေးမှု ကို ထိန်းသိမ်း ရမည်။ ကိုယ့် မွန် နိုင်ငံကို ပြန်လည်ထူထောင်နိုင်ရန် မွန် လူမျိုးတိုင်း တာ၀န်ရှိရမည်ဟု ကျွှန်တော် ထပ်မံ တိုက်တွန်းလိုက်ပါတယ်။ ယခုလို မွန် လူမျိုးတို့ရဲ့ အစဉ်အလာကို တင်ပေးထာသော လွတ်လပ်သော မွန်သတင်း အေဂျင်စီကိုလည်း ကျေးဇူးတင်ကြောင်း ၊ ထပ်မံ တင်ပြပေးရန် တောင်ခံအပ်ပါတယ်

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,600SubscribersSubscribe
    spot_img

    Latest posts