spot_img
Thursday, March 28, 2024
More
    spot_img
    Homeမေးမြန်းချက်ထူးမခြားနား အစိုးရသစ်

    ထူးမခြားနား အစိုးရသစ်

    -

    (မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာနှင့် တွေ့ဆုံ မေးမြန်းချက်)

    ရှမ်းပြည်တပ်မတော် မြောက်ပိုင်းကို ထိုးစစ်ဆင်နေသည့် အစိုးရသစ်က မွန်ပြည်သစ်ပါတီအပေါ် ထားရှိလာနိုင်မည့် သဘောထားနှင့် လက်ရှိ အစိုးရသစ်အပေါ် မွန်ပြည်သစ်ပါတီ၏ သဘောထားကို သိရှိနိုင်ရန်အတွက် မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာကို လွတ်လပ်သော မွန်သတင်း အေဂျင်စီမှ တွေ့ဆုံ မေးမြန်းထားပါသည်။

    မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ (ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ)
    မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ (ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ)

    မေး ။ ။ အပစ်ရပ်အဖွဲ့တွေနဲ့ စစ်အစိုးရဟာ အပစ်ခတ်ရပ်စဲရေး ပျက်ပြားသွားတဲ့နောက်မှာ ရှမ်းပြည် မြောက်ပိုင်းဘက်မှာ ထိုးစစ်တွေ ဖြစ်ပေါ်နေတယ်၊ မွန်ပြည်သစ်ပါတီဘက်မှာရော ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ။

    ဖြေ ။ ။ ဒီကျတော်တို့ အပစ်ရပ်ထားတဲ့ အဖွဲ့တွေနဲ့ စစ်အစိုးရနဲ့က အပစ်ခတ်ရပ်စဲရေး ပျက်ပျယ်သွားပါပြီ။ သူတို့လိုချင်တဲ့ နယ်ခြားစောင့်တပ်တို့ ပြည်သူ့စစ်တို့ ဆိုတဲ့ဟာကိုလည်း ကျတော်တို့ လက်မခံနိုင်ဘူး၊ နောက်ဆုံး သူတို့က လက်နက်ချဖို့ထိကိုလည်း ပြောလာတယ်။ ဒါကိုလည်း ကျတော်တို့ လက်မခံနိုင်ဘူး။ ကျတော်တို့ တောင်းဆိုတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ သုံးပွင့်ဆိုင်ပြီး ဖြေရှင်းဖို့ရယ်၊ နောက်ကျတော်တို့ လိုချင်တဲ့ ဒီစစ်မှန်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ ဆိုတဲ့ဟာကိုလည်း သူတို့ လက်မခံနိုင်ဘူး။ အဲဒီတော့ ကျတော်တို့နဲ့ သူတို့နဲ့က ညှိနှိုင်းလို့ ရနိုင်တဲ့ အနေအထား မရှိဘူး၊ အဲဒီအပေါ်မှာ အခုမြောက်ပိုင်းမှာ တိုက်သလို ကျတော်တို့ကိုလည်း တစ်ချိန်ချိန်မှာပေါ့ တိုက်လိမ့်မယ်လို့လည်း ကျတော် ယုံကြည်တယ်။ အဲဒီအတွက်ကိုလည်း ကျတော်တို့က ခုခံနိုင်ဖို့ ဒီကနေ့ဆိုရင်တော့ ညီညွှတ်တဲ့ တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ ဆိုပြီးတော့မှ တပ်ပေါင်းစုအသစ်ကို ကျတော်တို့ ဖွဲ့စည်းထားတယ်၊ အဲဒီတပ်ပေါင်းစုနဲ့ ကျတော်တို့အားလုံး စုပေါင်းပြီးတော့မှ ခုခံသွားနိုင်ဖို့ ကျတော်တို့ ပြင်ဆင်ထားပါတယ်။

    မေး ။ ။ လက်ရှိအစိုးရက နောက်ထပ်တဖန် အပစ်ရပ်ဖို့ ဆွေးနွေးလာမယ်၊ ကမ်းလှမ်းလာမယ် ဆိုရင်ရော မွန်ပြည်သစ်ပါတီအနေနဲ့ ဘယ်လို ဆွေးနွေးသွားဖို့ ရှိပါသလဲ။

    ဖြေ ။ ။ တကယ်လို့ အပစ်ရပ်ဖို့ ကမ်းလှမ်းလာမယ်ဆိုရင် အပစ်ရပ်ဖို့သက်သက် ဆိုတဲ့ဟာကို ကျတော်တို့ လက်မခံချင်ဘူး၊ မကြိုဆိုဘူး။ တကယ်လို့ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့ ဆိုတဲ့ဟာကို ဦးတည်မယ်ဆိုရင် ဒါကို ကျတော်တို့ ကြိုဆိုတယ်၊ လက်ခံတယ်။ ဒါပေမဲ့ ကျတော်တို့ အတွေ့အကြုံအရ တဖွဲ့ချင်းစီ ကျတော်တို့ မဆွေးနွေးဘူး၊ အခု ကျတော်တို့ ညှိနှိုင်းထားတယ် ကျတော်တို့ ဒီတပ်ပေါင်းစုထဲမှာ။ တပ်ပေါင်းစု အနေနဲ့ပဲ ဆွေးနွေးမယ်၊ ဒီတိုင်းရင်းသားတွေ အင်အားစုတွေဘက်က ကျတော်တို့ တစုတစည်းအနေနဲ့ပေါ့နော်။ စစ်အစိုးရနဲ့ ဆွေးနွေးမယ်ဆိုရင် တစုတစည်း ဖြစ်တယ်ဆိုတဲ့အပေါ်မှာ ဆွေးနွေးရတာ ပိုပြီးတော့ လွယ်ကူမယ်၊ ပိုပြီးတော့ မြန်ဆန်မယ်။ ကျတော်တို့အတွက်လည်း အလားအလာ ပိုကောင်းမယ်လို့ ကျတော်တို့ အဲလို ခံယူပါတယ်။

    မေး ။ ။ ပြီးခဲ့တဲ့ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီအစည်းအဝေးမှာ လက်ရှိအစိုးရသစ်အပေါ် မွန်ပြည်သစ်ပါတီအနေနဲ့ ဘယ်လို သဘောထား ဆွေးနွေးခဲ့ပါသလဲ။

    ဖြေ ။ ။ ဒီအခု သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရသစ်အပေါ်မှာ ကျတော်တို့ မြင်တာက အရင် ဒီနိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဆိုတဲ့ စစ်အစိုးရကနေ စစ်ယူနီဖောင်းကို ချွတ်ပြီးတော့မှ အရပ်ဝတ်နဲ့ တက်လာတဲ့ အရပ်သား အမည်ခံ စစ်အစိုးရပဲလို့ ကျတော်တို့ အဲလို ခံယူတယ်၊ အခု ဒီစစ်အစိုးရသစ်ထဲမှာ ပြန်ကြည့်မယ် ဆိုရင်တော့ လူဟောင်းတွေပဲ ပြန်ပါပါတယ်။ အများစုပေါ့နော် အဲဒီထဲမှာ ပြန်စိစစ်လိုက်ရင် အရပ်သား စစ်စစ်ဆို သုံးဦးလောက်ပဲပါမယ်။ နောက်ပြီးတော့ ဒီအစိုးရက အရင်စစ်အစိုးရ အလိုကျ ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွေကိုပဲ ပြန်လည်ပြီးတော့ အကောင်အထည်ဖော်မှာ ဖြစ်တယ်၊ နောက် သူတို့ ဖွဲ့စည်းထားတဲ့ ကနေ့ပါလီမာန်တို့ လွှတ်တော်တို့ဟာလည်း ဒါက ဟန်ပြပါပဲ။ ဘာမှ အာဏာမရှိပါဘူး၊ အဲဒီတော့ သူတို့ အရင်ပုံစံအတိုင်း နီးနီးလောက်ကိုပဲ သွားမှာဖြစ်တယ်။ ဒါကြောင့် ဒီစစ်အစိုးရ ပုံစံအနေနဲ့ ဆိုရင် ကျတော်တို့ လက်ရှိနိုင်ငံမှာ ဖြစ်နေတဲ့ နိုင်ငံရေး အထွေထွေ ပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ကျတော်တို့ မယုံကြည်ဘူး။

    မေး ။ ။ အတွင်းရေးမှူးအနေနဲ့ လက်ရှိ မွန်ပြည်နယ် အစိုးရသစ် အပေါ်မှာ ဘယ်လိုမြင်သလဲ။ ဘယ်လို သုံးသပ်ပါသလဲ။

    ဖြေ ။ ။ မွန်ပြည်နယ်မှာ မွန်ပြည်နယ် အစိုးရ ဆိုပြီးတော့ ပေါ်လာပြီပေါ့ဗျာ၊ ဒါပေမဲ့ အဲဒီအထဲမှာ ကြည့်မယ် ဆိုရင်တော့ ဒီအစိုးရကလည်း ဟိုအစိုးရရဲ့ ချုပ်ကိုင်မှုပေါ်မှာပဲ လှုပ်ရှားနေရတယ်။ နောက်ပြီးတော့ ၂၀၀၈ ဖွဲ့စည်းပုံအရလည်း အဲဒီအပေါ်မှာပဲ သူတို့က လှုပ်ရှားခွင့် ရှိတယ်၊ နောက်အများစုကလည်း ကြံ့ဖွံ့အဖွဲ့ဝင်တွေကပဲ ဦးဆောင် နေရာရထားတယ်၊ အဲဒီအပေါ်မှာ ဘာမှ မထူးခြားဘူးလို့ ကျတော်မြင်တယ်။ ဒါဟန်ပြပါပဲလို ကျတော်တို့ သုံးသပ်တယ်။

    မေး ။ ။ တက်လာတဲ့ အစိုးရသစ်နဲ့ ပတ်သက်ပြီးတော့ ပြည်သူတွေကို ဘာများ ထပ်ဖြည့် ပြောချင်ပါသေးလဲ။

    ဖြေ ။ ။ ကျတော်တို့ ပြည်သူတွေအနေနဲ့ အခုလို အစိုးရသစ် ဖြစ်ပေါ်လာတဲ့အပေါ်မှာ သိပ်အယုံမလွယ်ပါနဲ့ စောင့်ကြည့်ပါ၊ နောက် မိမိလုပ်ဆောင်နိုင်တဲ့ အနေအထားပေါ်မှာ တကယ်စစ်မှန်တဲ့ ပြည်သူလူထု အစိုးရ ဖြစ်ပေါ်လာဖို့ရယ်။ နောက် ဒီမိုကရေစီ အခွင့်အရေးတွေ ရရှိလာဖို့ရယ်၊ နောက် တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ကျတော်တို့နိုင်ငံမှာ တကယ့်တိုင်းရင်းသားတွေရဲ့ အခွင့်အရေး မပေါ်ဘူးဆိုရင် စစ်မှန်တဲ့ ပြည်ထောင်စု ပုံသဏ္ဍာန် မဆောင်ဘူးဆိုရင် ကျတော်တို့နိုင်ငံဟာ ဖွံ့ဖြိုး တိုးတက်နိုင်မှာ မဟုတ်ဘူး။ အဲဒါကို နားလည် လက်ခံနိုင်ပြီးတော့ ဘယ်လိုပုံစံမျိုးဖြစ်အောင် ကျတော်တို့အားလုံး ဝိုင်းလုပ်သွားကြဖို့ ပြည်သူတွေကို မှာကြားချင်ပါတယ်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,500SubscribersSubscribe
    spot_img

    Latest posts