spot_img
Tuesday, April 16, 2024
More
    spot_img
    Homeသတင်းPost-Ten အထက်တန်းလွန် မွန်အမျိုးသား စာသင်ကျောင်းများ ဖွင့်လှစ်မည်

    Post-Ten အထက်တန်းလွန် မွန်အမျိုးသား စာသင်ကျောင်းများ ဖွင့်လှစ်မည်

    -

    ဂျူရီချိုင်း – လာမည့်ဇွန်လဆန်းပိုင်း စာသင်နှစ်မှ စတင်၌ Post-Ten အထက်တန်းလွန် မွန်အမျိုးသား စာသင်ကျောင်း ၃ ကျောင်း ဖွင့်လှစ်သွားမည်ဟု မွန်အမျိုးသား ပညာရေး ကော်မတီမှ သိရှိရသည်။

    မွန်ပြည်နယ် ရေးမြို့နယ် တောင်ပိုင်းရှိ မွန်အမျိုးသား အလယ်တန်းကျောင်းမှ ကျောင်းသူ ကျောင်းသားများ
    မွန်ပြည်နယ် ရေးမြို့နယ် တောင်ပိုင်းရှိ မွန်အမျိုးသား အလယ်တန်းကျောင်းမှ ကျောင်းသူ ကျောင်းသားများ

    မွန်အမျိုးသား စာသင်ကျောင်းများ မပျောက်ပျက်စေရန်နှင့် ရေရှည်တည်တံ့နိုင်ရေးအတွက် အဆိုပါစာသင်ကျောင်းများ ဖွင့်လှစ်ရခြင်း ဖြစ်သည်ဟု အထက်ပါ ပညာရေး ကော်မတီက ဆိုသည်။

    ပြီးခဲ့သည့် ဧပြီလ ၃-၄-၅ ရက်ပိုင်းများ၌ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေရှိ “ညီစားစခန်း” ၌ မွန်အမျိုးသား ပညာရေး ကော်မတီ အစည်းအဝေးကို ကျင်းပခဲ့ပြီး မွန်အထက်တန်းကျောင်းများ ဖွင့်လှစ်ထားရာ ညီစားစခန်း၊ မွန်ပြည်နယ် ရေးမြို့နယ် အင်ဒင်ကျေးရွာ၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်္ကဘာကျေးရွာ အသီသီးတို့တွင် ကျောင်းသား ၂၀ ဦးစီ လက်ခံပြီး ဖွင့်လှစ်သွားရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။

    “ပြီးခဲ့တဲ့နှစ်တွေက ညီစားစခန်း တခုတည်းမှာပဲ ဒီလိုကျောင်းမျိုးကို ဖွင့်နိုင်ခဲ့တယ်၊ အခုဆို မွန်အမျိုးသား ပညာရေး မြှင့်တင်နိုင်ဖို့ ရည်ရွယ်ပြီး နောက်နှစ်နေရာ ထပ်ပြီး ဖွင့်လှစ်တာ ဖြစ်တယ်။ ဒီလိုကျောင်းမျိုးတွေ နှစ်တိုင်း ဖွင့်နိုင်အောင် အစီအစဉ် ချမှတ်ထားပါတယ်” ဟု မွန်အမျိုးသား ပညာရေး ကော်မတီ အဖွဲ့ဝင် နိုင်အိုင်းကွန်း က ပြောသည်။

    ပြီးခဲ့သည့် ၂၀၀၀-၂၀၀၁ ပညာသင်နှစ်မှ စတင်၍ ညီစားစခန်း တခုတည်း၌သာ Post Ten အထက်တန်းလွန်ကျောင်းကို နှစ်စဉ် ဇွန်လမှ မတ်လကုန်ထိ တနှစ်လျှင် ၁၀ လတိုင်တိုင် ဖွင့်လှစ်လာခဲ့သည်။

    Post Ten ပထမနှစ် ပြီးဆုံးသော ကျောင်းသားများကို ပြန်လည်စိစစ်ရွေးချယ်ပြီး ထိုင်းနိုင်ငံ စံခလပူရီမြို့ရှိ မွန်အမျိုးသား ပညာရေးဌာနခွဲတွင် ဒုတိယနှစ် ကျောင်းသားအဖြစ် ဆက်လက်ပညာသင်ကြားစေသည်။

    ကျောင်းပြီးသူများသည် မွန်အမျိုးသား ပညာရေးဌာန၌ ၂ နှစ် တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။

    Post Ten ကျောင်း မဖွင့်လှစ်မီ မေလဆန်းပိုင်း၌ ကျောင်းဆရာ/မ အင်္ဂလိပ်စာ အရည်အသွေးမြှင့် တလသင်တန်းကို ဖွင့်လှစ်မည်ဟု သိရသည်။

    ၁၉၇၂ ခုနှစ်မှ စ၌ မွန်အမျိုးသား ပညာရေးဌာနကို စတင်ဖွဲ့စည်းခဲ့ရာ မွန်စာပေကို အတန်းပညာရေးစနစ်ဖြင့် အဓိကထား သင်ကြားပေးခဲ့ပြီး ၁၉၈၄-၈၅ ခုနှစ်တွင် ဗဟို ပညာရေး အဖွဲ့ငယ်ကို ဆက်လက်ဖွဲ့စည်းနိုင်ခဲ့သည်။

    ၂၀၁၀ ခုနှစ် မွန်အမျိုးသား ပညာရေးဌာနမှ ထုတ်ပြန်သောစာရင်းအရ မွန်အမျိုးသားကျောင်း ၁၅၆ ကျောင်းနှင့် အစိုးရကျောင်းတွင် တွဲဖက်သင်ကြားသည့်ကျောင်း ၁၁၆ ကျောင်း ရှိပြီး စုစုပေါင်း မွန်စာပေသင်ကျောင်း ၂၇၂ ကျောင်း ရှိကြောင်း သိရသည်။

    မွန်အမျိုးသားကျောင်းတွင် ကျောင်းသားဦးရေ တစ်သောင်းခွဲခန့် ရှိပြီး အစိုးရနှင့် တွဲဖက်ပညာသင်ကြားသည့်ကျောင်း၌ ကျောင်းသားဦးရေ နှစ်သောင်းကျော် ရှိသည်။

    မွန်ပြည်သစ်ပါတီနှင့် စစ်အစိုးရတို့ အပစ်ရပ် ပျက်ပြယ်ခဲ့သော်လည်း ပြည်တွင်းရှိ မွန်အမျိုးသားကျောင်းများကို မွန်အမျိုးသား ပညာရေး ကော်မတီလက်အောက်တွင် ဆက်လက်ထားရှိမည်ဟု ပြီးခဲ့သည့် မွန်အမျိုးသား ပညာရေး ကော်မတီ အစည်းအဝေးမှ ဆုံးဖြတ်ချက် ချခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,300SubscribersSubscribe
    spot_img

    Latest posts