မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / အစိုးရသစ် စစ်ရေး ပစ်မှတ်ထဲ မွန်ပြည်သစ် ရောက်လာနိုင်

အစိုးရသစ် စစ်ရေး ပစ်မှတ်ထဲ မွန်ပြည်သစ် ရောက်လာနိုင်

ရေးသားသူ:

ရိုင်မရော့-ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ကို စစ်ရေးဖြင့် ပစ်မှတ်ထား ဖြေရှင်းသည့်နောက်တွင် အစိုးရသစ်က မွန်ပြည်သစ်ပါတီအား စစ်ရေးအရ ပစ်မှတ်ထားလာနိုင်ကြောင်း မွန်ပြည်သစ်ပါတီက ယူဆသည်။

မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ အစည်းအဝေးကို ပါတီ ဗဟိုဌာနချုပ်တည်ရာ ရေးချောင်းဖျားဒေသတွင် မတ်လ (၃၀) ရက်မှ ဧပြီလ (၇) ရက်အထိ ကျင်းပခဲ့ပြီး ပါတီ၏ ရပ်တည်ချက်နှင့် အစိုးရသစ်၏ အနေအထားကို အဓိကဆွေးနွေးခဲ့ကြောင်း သိရသည်။

မွန်ပြည်သစ် ဗဟိုဝန်းကျင်ဒေသတွင် ပြုလုပ်သည့် မွန်အမျိုးသားနေ့ အခမ်းအနား
မွန်ပြည်သစ် ဗဟိုဝန်းကျင်ဒေသတွင် ပြုလုပ်သည့် မွန်အမျိုးသားနေ့ အခမ်းအနား

“ကျနော်တို့ ရပ်တည်ချက်က မပြောင်းဘူး။ ၂၀၀၈ ခု အခြေခံဥပဒေကို လက်မခံဘူး။ လက်ရှိ အစိုးရသစ်ကိုလည်း အသိအမှတ် မပြုဘူး။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ဆိုရင် ပါတီက စိတ်ဝင်စားတယ်။ ဒါပေမဲ့ တဖွဲ့ချင်း ကမ်းလှမ်းတာကို လက်မခံဘူး။ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီ အနေနဲ့ပဲ လက်ခံမယ်” ဟု ဗဟိုအလုပ် အ မှုဆောင် ကော်မတီဝင် နိုင်ရွှေသိန်းက ပြောသည်။

နိုင်ငံရေး၊ စစ်ရေး မဟာမိတ် ပြုရန်အတွက် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီ (CEFU) ကို (၂၀၁၀) ခုနှစ် နိုဝင်ဘာလ (၄) ရက်နေ့တွင် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ ချင်းအမျိုးသား တပ်ဦး (CNF)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSA-N) တို့ဖြင့် ဖွဲ့စည်းခဲ့သည်။

CEFU ၏ အင်အားနှင့် စည်းလုံးမှုကို သွေးတိုးစမ်းသည့်အနေဖြင့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) ကို အစိုးရတပ်က ထိုးစစ်ဆင်ခဲ့ရာ နိုင်ငံရေးကို စစ်ရေးအရ မဖြေရှင်းရန် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီက သတိပေးခဲ့သည်။

“ကျတော်တို့ရဲ့ ရပ်တည်ချက်ကြောင့် ကျွန်တော်တို့လည်း သူတို့ရဲ့ ပစ်မှတ် ဖြစ်လာမှာပဲ။ မကြာခင် ကျတော်တို့ကို လာတိုက်မယ်လို့ သတင်းရထားတယ်။ အဲဒါကို ရင်ဆိုင်ဖို့ ကျနော်တို့ပါတီမှာ ရာထူးအပြောင်းအလဲတချို့ လုပ်ပြီး ပြင်ဆင်ထားတာ ရှိပါတယ်” ဟု နိုင်ရွှေသိန်းက ပြောသည်။

ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် နိုင်ရွှေသိန်းကို ပြင်ပရေးရာဌာန တာဝန်ခံ၊ ဗဟိုအလုပ်မှုဆောင် နိုင်တလညီကို ဗဟိုအုပ်ချုပ်ရေးဌာနကြီးမှူး၊ ဗဟိုကော်မတီဝင် နိုင်အေးမွန်ကို ဗဟိုရုံးအုပ်နှင့် စည်းရုံးရေးဌာန တာဝန်ခံ၊ ဗဟိုကော်မတီဝင် နိုင်အောင်မငေးကို သထုံခရိုင် အတွင်းရေးမှူးအဖြစ် အသီးသီး တာဝန်ပြောင်းလဲပေးအပ်ခဲ့သည်။

ဖွဲ့စည်းပုံအရ မွန်ပြည်သစ်ပါတီတွင် ဗဟိုကော်မတီဝင် (၂၇) ဦး၊ အရန် (၅) ဦး ရှိသော်လည်း ယုတ်လျော့နေခြင်းကြောင့် (၂၄) ဦးသာ ကျန်ရှိသည်။

ပါတီမှ လာသော သတင်းအရ ယခုရက်ပိုင်းများတွင် မွန်ပြည်သစ်ပါတီ နယ်မြေ အနီးတဝိုက်၌ အစိုးရတပ်၏ လှုပ်ရှားမှုများ ရှိသော်လည်း အပြန်အလှန် ပစ်ခတ်မှုများ မရှိသေးကြောင်း သိရသည်။

ပါတီညီလာခံကို သုံးနှစ်တကြိမ် ကျင်းပမြဲ ဖြစ်သည်။ ယခုနှစ်ကုန်ပိုင်းတွင် အဋ္ဌမအကြိမ် ညီလာခံကို ကျင်းပရန် ရှိပြီး ယုတ်လျော့နေသည့် ဗဟိုကော်မတီဝင်များကို အစားထိုးခန့်အပ်ရန် ရှိသည်။

About မွန်သတင်းအေဂျင်စီ

Check Also

အစိုးရနှင့် UNFC ၉ ကြိမ်မြောက်ဆွေးနွေးပွဲ သတ်မှတ်ရက်တွင်မဖြစ်မြောက်

မြန်မာအစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာညှိနှိုင်း ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ DPN တို့ ကြိုတင်သတ်မှတ်ထားသည့် ရန်ကုန်မြို့၌ နိုဝင်ဘာ ၁၆ ရက်နေ့တွင် နဝမအကြိမ်တွေ့ဆုံဆွေးနွေးမည့်အစီအစဉ် မဖြစ်မြောက်ကြောင်း သိရသည်။ …

%d bloggers like this: