spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းမိုးဖျက်ပြီး ဆားစျေး ၂ ဆကျော် တက်

    မိုးဖျက်ပြီး ဆားစျေး ၂ ဆကျော် တက်

    -

    ရိုင်မရော့ – မိုးဖျက်ဆီးပြီး ဆားအထွက် နည်းခြင်းနှင့် စျေးကွက်အတွင်း ဆားဝယ်လိုအား များခြင်းကြောင့် ဆားစျေး ၂ ဆကျော် တက်သွားခဲ့ကြောင်း မွန်ပြည်နယ်မှ ဆားလုပ်ငန်းရှင်များက ပြောသည်။

    ယခင်ဆားကြမ်း တပိဿာ ၄၀ ကျပ် ရှိရာမှ ၁၀၀ ကျပ်ထိ တက်သွားပြီး ဆားချော တအိပ် (၃၀ ပိဿာ) ၂၈၀၀ ကျပ်မှ ၆၅၀၀ ကျပ်ထိ ခုန်တက်သွားခဲ့သည်။

    မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပငဆားကွင်းမှ အလုပ်သမတဦး ဒလိမ့်လှိမ့်နေစဉ် (ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စ႘)

    “စျေးတက်တာ သုံးရက်လောက်ပဲ ရှိသေးတယ်။ ဒီနှစ်မှာ မိုးက ခဏခဏ ရွာနေတော့ တခါခါမှ ဆားကောင်းကောင်း မရသေးဘူး၊ မနှစ်က လှောင်ထားတဲ့ဆားကိုပဲ ထုတ်ရောင်းနေရတယ်” ဟု မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပငဆားကွင်းမှ နိုင်တင်အောင်က ပြောသည်။

    စျေးကွက်အတွင်းတွင်လည်း ဆားပြတ်လပ်မှုနှင့် ကြုံတွေ့နေရပြီး ဝယ်လိုသူများခြင်းကြောင့် ရှိသမျှကိုသာ ထုတ်ရောင်းနေရကြောင်း မော်လမြိုင်မြို့ရှိ ဌေးဌေးမွန် အိုင်အိုဒင်းဆားထုတ် လုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

    ၂၀၁၀ ခုနှစ် ဒီဇင်ဘာလလည်ခန့်က ၃ ရက်ဆက်တိုက် တကြိမ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် တကြိမ်၊ ယခုလလည်တွင် ၂ ရက်ဆက်တိုက် တကြိမ် မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်းကြောင့် မွန်ပြည်နယ်ရှိ ဆားကွင်းအားလုံးနီးပါး ပျက်စီးခဲ့ပြီး ဆားစျေးတက်သော်လည်း အရှုံးနှင့် ရင်ဆိုင်နေရတော့မည် ဖြစ်ကြောင်း ဆားလုပ်ငန်းရှင်များက ပြောသည်။

    “ရာသီဥတု ကောင်းတယ်ဆိုရင် ကျနော်တို့မှာ ပိဿာ ၅ သိန်းလောက် ထွက်မယ်၊ မကောင်းရင် ၄ သိန်းလောက် ထွက်မယ်၊ နေလှမ်းဆားရာသီလည်း ကုန်တော့မယ် ဆိုတော့ ဒီနှစ်မှာ ပိဿာ ၂ သိန်း ရဖို့တောင် မလွယ်တော့ဘူး၊ ဆားစျေးတက်လည်း တဝက်လောက်တော့ အရှုံးပေါ်ပြီးသားပဲ” ဟု ဧက ၃၀ ကျော်ပိုင် ဆားလုပ်ငန်းရှင် နိုင်တင်အောင်က ပြောသည်။

    သူ့အနေနှင့် ဧက ၃၀ အတွက် ကျပ်သိန်း ၂၀၀ ခန့် ရင်းထားရပြီး လောလောဆယ်တွင် သိန်း ၄၀ သာ ပြန်လည် ရရှိသေးကြောင်း ပြောသည်။

    ၂ဝဝ၈ နာဂစ်မုန်တိုင်းကြောင့် ဆားကွင်းအများအပြား ပျက်စီးခဲ့ပြီး မွန်ပြည်နယ်တွင် ဆားစျေး ၁၀ ဆနီးပါး ထိုးတက်ခဲ့သည်။ နောက်ပိုင်းတွင် ထိုင်းနိုင်ငံ မဟာချိုင်မှ ဆားများ ပြည်တွင်းသို့ လှိမ့်ဝင်နေခြင်းကြောင့် ဆားစျေး ပြန်ကျခဲ့သည်။

    မွန်ပြည်နယ်အတွင်း ဆားအများဆုံး ထုတ်လုပ်သောဒေသမှာ သံဖြူဇရပ်မြို့နယ် ဖြစ်ပြီး ရေးမြို့နယ်၊ ပေါင်မြို့နယ်နှင့် သထုံမြို့နယ်တို့တွင်လည်း ထုတ်လုပ်ကြသည်။

    မြန်မာနိုင်ငံတွင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်၌ နေလှမ်းဆား ထုတ်လုပ်ကြပြီး ဧရာဝတီတိုင်းတွင် အများဆုံး ထွက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,500SubscribersSubscribe
    spot_img

    Latest posts