spot_img
Friday, March 29, 2024
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်ရုပ်သေးအစိုးရနှင့် ရုပ်သေးလွှတ်တော်အောက်တွင် အမှောင်ချခံနေသည့် မြန်မာပြည် ဒီမိုကရေစီ တိုက်ပွဲသစ်

    ရုပ်သေးအစိုးရနှင့် ရုပ်သေးလွှတ်တော်အောက်တွင် အမှောင်ချခံနေသည့် မြန်မာပြည် ဒီမိုကရေစီ တိုက်ပွဲသစ်

    -

    မင်းကိုမွန် (ဝါခရူ)– အခြေခံဥပဒေဖြင့်သာ ဒီမိုကရေစီ ရနိုင်သည် ဟူသော ဆောင်ပုဒ်ကို နှစ်ပေါင်းနှစ်ဆယ်ကျော် ဝါဒဖြန့်ခဲ့သော တပ်မတော် စစ်အာဏာရှင် အစိုးရက ၂၀၁၀ ရုပ်သေးအစိုးရ ရုပ်သေးလွှတ်တော်ကို သိက္ခာမဲ့စွာ ဖွဲ့စည်းခဲ့ပြီး စစ်အာဏာရှင်စနစ် တည်တန့်ခိုင်မြဲရေးအတွက် နှစ်ပေါင်းနှစ်ဆယ်ကျော် အုတ်မြစ်ချခဲ့ပြီး လက်တွေ့တွင် ကမ္ဘာ့အသိအမှတ်မပြုသော အစိုးရနှင့် လွှတ်တော်ကို တပ်မတော်၏ စစ်အာဏာအောက်တွင် သွတ်သွင်းခဲ့သည်။စစ်အာဏာစနစ် တည်တန့်ခိုင်မြဲရေးအတွက် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ငံတော် အထွတ်အထိပ် ကောင်စီကို ဗိုလ်ချုပ်မှုးသန်းရွှေက ဦးဆောင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော် ပါလီမန်နှင့် ပြည်နယ်များ တိုင်းဒေသများ၏ ပါလီမန် (လွှတ်တော်) အစုစုကို ချုပ်ကိုင်ခဲ့သည်။ သမ္မတ ဦးသိန်းစိန်က သူ၏ ဝန်ကြီးအဖွဲ့ဝင် သုံးဆယ်ဦးကို ရွေးချယ်ခန့်အပ်ပြီး နိုင်ငံတော်၏ အမြင့်ဆုံးအာဏာကို ချုပ်ကိုင်ရန် ဤကောင်စီကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ ဘောင်ပြင်ပတွင် ဖွဲ့စည်းခဲ့သည်။

    နိုင်ငံတော် အစိုးရအဖွဲ့ဝင် ဝန်ကြီး ၃၀ အနက် စစ်မှုဝန်ထမ်း (စစ်သားဟောင်း) များက ၂၆ ဦး ပါဝင်ပြီး ရရှိပြီး အရပ်သားလွှတ်တော် ကိုယ်စားလှယ် ၄ ဦး ပါဝင်သည်။ ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်ရာထူး ၁၄ နေရာအနက် ၁၃ နေရာကို တပ်မတော်မှ ကျောထောက်နောက်ခံထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရယူထားပြီး ကျန်တနေရာကို တပ်မတော်မှ စစ်မှုဝန်ထမ်း (စစ်သား) က ရယူထားသည်။

    တပ်မတော်မှ ပေါက်ဖွားလာသော စစ်မှုဝန်ထမ်း (စစ်သားဟောင်း) များက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ် တိုင်းဒေသကြီး လွှတ်တော်များကို တိုက်ရိုက် ချုပ်ကိုင်ထားသောကြောင့် ယခုဖွဲ့စည်းထားသော အစိုးရသည် ရုပ်သေးအစိုးရသာ ဖြစ်ပြီး ရွေးချယ်တင်မြှောက်ခံထားသော လွှတ်တော် ကိုယ်စားလှယ်များလည်း ရုပ်သေး ပါလီမန်ကို တာဝန်ယူ နေကြခြင်းသာ ဖြစ်သည်။ ၎င်းပြင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌကိုလည်း ဗိုလ်ချုပ်မှုးကြီး (စစ်အာဏာရှင်အလိုကျ) အကြိုက်ပေးနေသော ဒု-ဗိုလ်ချုပ်ကြီးဟောင်း တင်အေးကို ခန့်အပ်ခဲ့ခြင်းကို သက်သေပြခြင်းအားဖြင့် စစ်အစိုးရက ဥပဒေ၏ အကာအကွယ်ကို ရယူနေခြင်းသာ ဖြစ်သည်။

    ဤအခြေအနေအောက်တွင် မြန်မာပြည် ထွက်ရပ်ပေါက်နှင့် ဒီမိုကရေစီစနစ် တိုးတက် ထွန်းကားရေး ပေါ်ပေါက်ရေး လက်တွေ့ကျကျ ကျင့်သုံးရေးအတွက် မည်သည့်အင်အားစုတို့က ဦးဆောင်ဦးရွက်ပြုပြီး တိုက်ပွဲဝင်သွားမည်နည်း။

    • မြန်မာပြည်တွင် ကြီးမားသော အင်အားစုနှင့် ပြည်သူများ ထောက်ခံသော ခေါင်းဆောင်များ ရှိခဲ့ပြီ၊
    • မြန်မာပြည် တိုင်းရင်းသား ခေါင်းဆောင်များကြားတွင် အသစ်ဖွဲ့စည်းခဲ့သော “ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ” လည်း ပေါ်ပေါက်ခဲ့ပြီ။
    • လွှတ်တော် ကိုယ်စားလှယ် အချို့တွင် ယခုဖွဲ့စည်းထားသည့် အစိုးရနှင့် လွှတ်တော်ဖွဲ့စည်းပုံကို သဘောမတူ မထောက်ခံပဲ ဆန့်ကျင်ရန်လည်း အသံတွေ ထွက်လာခဲ့ပြီ။

    ဤအရေးပါသော နိုင်ငံရေး အင်အားစု နိုင်ငံရေး ခေါင်းဆောင်တို့၏ အကင်းပါးမှုကို အခြေခံပြီး တပ်မတော်၏ ရုပ်သေးအစိုးရကို ဖြိုချရန် မည်သူက ဦးဆောင်မည်နည်း၊

    တပ်မတော်၏ ရုပ်သေးအစိုးရကို ဖြိုချရန် အတော်ပင် ခက်ခဲသော နိုင်ငံရေး အရေးတော်ပုံ ဖြစ်လာခဲ့ပြီ၊ ဘာ့ကြောင့်လဲ

    • ၂၀၀၀ – ၂၀၁၀ တိုင်အောင် စျေးကွက် စီးပွားရေးစနစ်ကို အခြေခံပြီး တရုတ်၊ စင်ကာပူ၊ အိန္ဒိယ၊ ကိုရီးယား၊ ထိုင်း စသောနိုင်ငံများမှ စီးပွားရင်းနှီးမြှုပ်နှံမှုကို တပ်မတော် စစ်အာဏာရှင် အစိုးရက သဘောတူလက်မှတ် ထိုးထားပြီး ယခုနှစ် ဇန်နဝါရီလတွင် အမေရိကန်ဒေါ်လာ ကုဋေပေါင်း ၅.၅၆ မြှုပ်နှံထားခြင်း။
    • အရှေတောင်အာရှနိုင်ငံများကြားတွင် အချင်းချင်း စီးပွားရေး လက်ဦးရယူမှုကို အာရုံထားပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ဘေးဖယ်ထားခြင်း၊
    • အမရိက၊ ဥရောပ ဦးဆောင်သော ဖိအားပေးမှုသည် လက်တွေ့တွင် ထိရောက်မှုမရှိပဲ တရုတ်နှင် အရှေ့တောင်အာရှနိုင်ငံများ၏ ကြားကန်မှုကို မကျော်နိုင်ခြင်း၊
    • အသစ်ဖွဲ့စည်းထားသော ပြည်နယ်နှင့် တိုင်းဒေသကြီးလွှတ်တော်တွင် ဒေသခံ ပြည်တွင်း တိုင်းရင်းသားခေါင်းဆောင် လွှတ်တော် ကိုယ်စားလှယ် အချို့က တပ်မတော်၏ စစ်အာဏာရှင် အစိုးရနှင့် ပူးပေါင်းရန် သဘောတူနေခဲ့ခြင်း၊
    • တိုင်းရင်းသား တော်လှန်ရေး အင်အားစု (ပြည်ထောင်စု ကောင်စီ) အတွင်းတွင် ပြတ်သားသော ထိရောက်သော သြဇာကြီးသော ခေါင်းဆောင်များ ကမ္ဘာ့ထောက်ခံမှု ပြတ်ပြတ်သားသား မရနိုင်သေးခြင်း၊

    စသော အခြေအနေအရပ်ရပ်ကြောင့် စစ်အာဏာရှင်ကို တိုက်ရိုက်ဖြိုချရန် အဟန့်အတား ဖြစ်လျက် ရှိသည်။

    မကြာသေးသည့် သီတင်းပတ်က ဧရာဝတီမဂ္ဂဇင်းတွင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေက ရာဇဝတ််မှု မြောက်မြားစွာကို ကျူးလွန်ခဲ့ကြောင်း တပ်မတော် ထောက်လှမ်းရေး အရာရှိဟောင်း အောင်လင်းထွတ်က သက်သေမှု ပြုပြီး ရေးသားခဲ့သည်။

    • ၁၉၉၃ ခုနှစ် ဧပြီလတွင် ဘူးသီးတောင် မောင်တောမြို့နယ်တွင် ဂိုဟင်ဂျာလူမျိုးစု ၄၀၀ ကို အမိန့်ပေးပြီး လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း။
    • ထောက်လှမ်းရေး အရာရှိဟောင်း အောင်လင်းထွတ်၏ မျက်မြင်သက်သေအရ ခရစ်တိုင်ကျွန်းစုတွင် အရပ်သား ၈၁ ဦးကို အပြစ်မဲ့ လုပ်ကြံသတ်ဖြတ်ခြင်း (နေ့ရက်မဖေါ်ပြခဲ့ချေ)
    • ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံသတ်ဖြတ်ရန် ဗိုလ်ချုပ်စိုုးဝင်နှင့် ဦးအောင်သောင်း (အမှတ် ၁ စွမ်းအင်ဝန်ကြီး) ကို အမိန့်ပေးခဲ့ခြင်း။

    ၂၀၁၁ တွင် စစ်အာဏာရှင် အစိုးရကို အရေးယူရန်နှင့် လူအခွင့်အရေးနှင့်အတူ ရာဇဝတ်မှုများကို လေ့လာဖေါ်ထုတ်ရန် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တော် သောမတ် ကင်တာနား၏ တိုက်တွန်းအချက်အရ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ရန် တောင်းဆိုခဲ့မှုကို နိုင်ငံရေးတိုက်ပွဲအဖြစ် ပြည်တွင်းနှင့် ပြည်ပ (နယ်စပ်ဒေသ) အပါအဝင် နိုင်ငံရေးခေါင်းဆောင်နှင့် ဒီမိုကရေစီ တိုက်ပွဲဝင်သမားများ သတ်မှတ်ရန် အရေးကြီး၏။

    စစ်အာဏာရှင်အုပ်စုနှင့် ရာဇဝတ် ကျူးလွန်ခဲ့သော ဗိုလ်ချုပ်မှုးကြီး၊ ဗိုလ်ချုပ်များကို တရားဥပဒေ၏ အဆုံးအဖြတ်တွင် သိက္ခာရှိရှိ တရားစီရင်ရန်အတွက် တိုက်ပွဲပုံစံသစ် ခင်းရန် အထူးပင် လိုအပ်သည်။

    မြန်မာပြည် အသွင်းကူးပြောင်းရေးကာလကို လက်တွေ့ကျကျ အကောင်အထည် ဖေါ်ရာတွင် တရားမျှတမှုနှင့် တရားဥပဒေ စိုးမိုးမှုသည် သော့ချက် အခြေခံအုတ်မြစ် ဖြစ်သောကြောင့် တိုင်းသူပြည်သားများက မိမိတို့ အဖိနှိပ်ခံခဲ့ရမှု၊ မတရားသော စစ်အာဏာရှင်တို့၏ အမိန့်ကြောင့် မြေယာအသိမ်းခံရမှု၊ အခမဲ့လုပ်အားပေး စေခိုင်းမှု၊ တပ်တွင်း ပေါ်တာဆွဲမှု၊ ဒေသခံ တိုင်းရင်းသူ အမျိုးသမီးများကို မုဒိမ်းကျင့်မှု၊ သတ်ဖြတ်မှုနှင့်အတူ မတရားသော အကောက်အခွန်များ ကောက်ယူမှု စသော တရားဥပဒေနှင့် မညီညွတ်သော တပ်မတော်၏ လုပ်ရပ်များကို အတိအကျ ဖေါ်ထုတ်ရန် အထူးပင် အရေးကြီးသည်။

    မြန်မာပြည်တွင် တရားမျှတပြီး အခြေခံကျသော ဒီမိုကရေစီစနစ် ထွန်းကားရေးသည် မြန်မာနိုင်ငံသားတို့၏ မူလသမိုင်းပေးတာဝန် ဖြစ်သည်။ ထို့ကြောင့် မြန်မာပြည်တွင် အောက်ပါ အဖွဲ့အစည်းများ ပေါ်ပေါက်ရန် အရေးကြီးသည်။

    • မြန်မာပြည် အလုပ်သမား သမဂ္ဂ
    • မြန်မာပြည် ကျောင်းသားနှင့် လူငယ် သမဂ္ဂ
    • မြန်မာပြည် သတင်းနှင့် ဇာနယ်ဇင်း သမဂ္ဂ
    • မြန်မာပြည် လူ့အခွင့်အရေး ကောင်စီ
    • မြန်မာပြည် အမျိုးသား သွေးစည်းရေး ကော်မရှင်
    • မြန်မာပြည် လုံခြုံရေးနှင့် ပြည်ထောင်စု ကောင်စီ

    စသော တရားဝင်သော၊ တရားဥပဒေအရ အသိအမှတ်ပြုသော၊ ပါလီမန်မှ အသိအမှတ်ပြုသော၊ ဒီမိုကရေစီ အခြေခံ အုတ်မြစ်ဖြစ်သော လုပ်ငန်းကြီးများကို ကမ္ဘာ့အသိအမှတ်ပြုထိတိုင်အောင် ဆက်လက် တိုက်ပွဲဝင်ရန် လိုအပ်သည်။

    စစ်အာဏာရှင်စနစ်ကို တရားဥပဒေစနစ်နှင့်အတူ ဒီမိုကရေစီ သဘောတရားဖြင့် ဖြိုချရန် မြန်မာပြည်တွင် တိုက်ပွဲသစ် ခင်းရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts