spot_img
Saturday, April 20, 2024
More
    spot_img
    Homeသတင်းအလုပ်သမား ၂ သိန်းကျော် အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းမတိုး

    အလုပ်သမား ၂ သိန်းကျော် အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းမတိုး

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ – ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့်လက်မှတ် (work permit) သက်တမ်းတိုးရန် လျှောက်လွှာတင်ထားသည့် ရွှေ့ပြောင်းအလုပ်သမား ၉ သိန်းကျော်အနက် ၂ သိန်းကျော် သက်တမ်းတိုးရန် ပျက်ကွက်ခဲ့ကြောင်း ယမန်နေ့တွင် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာခဲ့သည်။ 

    မဟာချိုင်းမြို့ရှိမြန်မာ ရွှေ့ပြောင်းအလုပ်သမားများ (ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ )

    ၂၀၁၀ ခုနှစ်တွင် သက်တမ်းတိုးရန် အလုပ်သမား ၉၃၂ ၂၅၅ ဦး လျှောက်လွှာတင်ထားသော်လည်း ယခုနှစ် ဖေဖေါ်ဝါရီလ ၂၈ ရက် သက်တမ်းတိုး ကုန်ဆုံးချိန်ထိ ၇၀၆ ၄၄၅ ဦးသာ သက်တမ်းတိုးခဲ့ပြီး ၂၂၅ ၈၁၀ ဦး ပျက်ကွက်ခဲ့သည်။

    “ကျနော်တို့ ခန့်မှန်းချက်အရဆိုရင် work permit သက်တမ်းတိုးဘို့ ပျက်ကွက်တဲ့အထဲမှာ မြန်မာအလုပ်သမား ၈၀-၉၀ ရာခိုင်နှုန်းလောက် ရှိမယ်” ဟု ဘန်ကောက်အခြေစိုက် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (HRDF) မှ အတိုင်ပင်ခံ Andy Hall က ပြောသည်။

    ဖေဖော်ဝါရီလ တလအတွင်းသာ သက်တမ်းတိုးကာလအဖြစ် သတ်မှတ်ခဲ့ပြီး တနှစ်သက်တမ်း တိုးပေးကာ ထိုင်းဘတ်ငွေ ၃၈၀၀ ကုန်ကျသည်ဟု သက်တမ်းတိုးခဲ့သူ မြန်မာရွှေ့ပြောင်း အလုပ်သမားတဦးက ပြောသည်။

    ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ သန်းခန့် ရှိကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက ခန့်မှန်းကြသည်။ အများစုမှာ တရားမဝင် နေထိုင်ကြပြီး အနည်းစုသာ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ကြသည်။

    သက်တမ်းတိုးရန် ပျက်ကွက်ခြင်းမှာ အလုပ်သမားအချို့ နေရပ်ပြန်သွားကြခြင်း၊ တာဝန်ရှိသူများကို အသိမပေးဘဲ ပြောင်းရွှေ့သွားကြခြင်း၊ အလုပ်လုပ်ခွင့်လက်မှတ် အသစ်ထုတ်ပေးမည်ဟု ကောလာဟာလ ထွက်နေခြင်းနှင့် သက်တမ်းတိုးရန် ငွေမလုံလောက်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း Andy Hall က သုံးသပ်သည်။

    အလုပ်သမားများ သက်တမ်းတိုးရန် ပျက်ကွက်ခြင်းသည် မှာယွင်းမှုတခု ဖြစ်ကြောင်း၊ အလုပ်လုပ်ခွင့် သက်တမ်းတိုးပြီးမှသာလျှင် နိုင်ငံကူးလက်မှတ် လုပ်နိုင်ကြောင်း ထိုင်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

    “အလုပ်သမား အများစုက သက်တမ်းမတိုးလိုကြဘူး၊ သက်တမ်းတိုးပြီးရင် နိုင်ငံကူးလက်မှတ် လုပ်ရမှာ ကြောက်တယ်။ နိုင်ငံကူးလက်မှတ်အကြောင်းလည်း သူတို့ နားမလည်ကြဘူး၊ နောက်တော့ နိုင်ငံကူးလက်မှတ်က အကုန်အကျလည်း များတယ်” ဟု Andy Hall က ဆက်ပြောသည်။

    သက်တမ်းတိုးရန် ပျက်ကွက်သည့် အလုပ်သမားများကို ဖမ်းဆီးရန်အတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာနက လူဝင်မှုကြီးကြပ်ရေးဌာနကို အကြောင်းကြားထားပြီး ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖေါ်ပြပါရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts