မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / အလုပ်သမား ၂ သိန်းကျော် အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းမတိုး

အလုပ်သမား ၂ သိန်းကျော် အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းမတိုး

ရေးသားသူ:

လွတ်လပ်သော မွန်သတင်းအေဂျင်စီ – ထိုင်းနိုင်ငံတွင် အလုပ်လုပ်ခွင့်လက်မှတ် (work permit) သက်တမ်းတိုးရန် လျှောက်လွှာတင်ထားသည့် ရွှေ့ပြောင်းအလုပ်သမား ၉ သိန်းကျော်အနက် ၂ သိန်းကျော် သက်တမ်းတိုးရန် ပျက်ကွက်ခဲ့ကြောင်း ယမန်နေ့တွင် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာခဲ့သည်။ 

မဟာချိုင်းမြို့ရှိမြန်မာ ရွှေ့ပြောင်းအလုပ်သမားများ (ဓာတ်ပုံ-လွတ်လပ်သော မွန်သတင်းအေဂျင်စီ )

၂၀၁၀ ခုနှစ်တွင် သက်တမ်းတိုးရန် အလုပ်သမား ၉၃၂ ၂၅၅ ဦး လျှောက်လွှာတင်ထားသော်လည်း ယခုနှစ် ဖေဖေါ်ဝါရီလ ၂၈ ရက် သက်တမ်းတိုး ကုန်ဆုံးချိန်ထိ ၇၀၆ ၄၄၅ ဦးသာ သက်တမ်းတိုးခဲ့ပြီး ၂၂၅ ၈၁၀ ဦး ပျက်ကွက်ခဲ့သည်။

“ကျနော်တို့ ခန့်မှန်းချက်အရဆိုရင် work permit သက်တမ်းတိုးဘို့ ပျက်ကွက်တဲ့အထဲမှာ မြန်မာအလုပ်သမား ၈၀-၉၀ ရာခိုင်နှုန်းလောက် ရှိမယ်” ဟု ဘန်ကောက်အခြေစိုက် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (HRDF) မှ အတိုင်ပင်ခံ Andy Hall က ပြောသည်။

ဖေဖော်ဝါရီလ တလအတွင်းသာ သက်တမ်းတိုးကာလအဖြစ် သတ်မှတ်ခဲ့ပြီး တနှစ်သက်တမ်း တိုးပေးကာ ထိုင်းဘတ်ငွေ ၃၈၀၀ ကုန်ကျသည်ဟု သက်တမ်းတိုးခဲ့သူ မြန်မာရွှေ့ပြောင်း အလုပ်သမားတဦးက ပြောသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ သန်းခန့် ရှိကြောင်း အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက ခန့်မှန်းကြသည်။ အများစုမှာ တရားမဝင် နေထိုင်ကြပြီး အနည်းစုသာ နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ကြသည်။

သက်တမ်းတိုးရန် ပျက်ကွက်ခြင်းမှာ အလုပ်သမားအချို့ နေရပ်ပြန်သွားကြခြင်း၊ တာဝန်ရှိသူများကို အသိမပေးဘဲ ပြောင်းရွှေ့သွားကြခြင်း၊ အလုပ်လုပ်ခွင့်လက်မှတ် အသစ်ထုတ်ပေးမည်ဟု ကောလာဟာလ ထွက်နေခြင်းနှင့် သက်တမ်းတိုးရန် ငွေမလုံလောက်ခြင်းကြောင့် ဖြစ်နိုင်ကြောင်း Andy Hall က သုံးသပ်သည်။

အလုပ်သမားများ သက်တမ်းတိုးရန် ပျက်ကွက်ခြင်းသည် မှာယွင်းမှုတခု ဖြစ်ကြောင်း၊ အလုပ်လုပ်ခွင့် သက်တမ်းတိုးပြီးမှသာလျှင် နိုင်ငံကူးလက်မှတ် လုပ်နိုင်ကြောင်း ထိုင်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

“အလုပ်သမား အများစုက သက်တမ်းမတိုးလိုကြဘူး၊ သက်တမ်းတိုးပြီးရင် နိုင်ငံကူးလက်မှတ် လုပ်ရမှာ ကြောက်တယ်။ နိုင်ငံကူးလက်မှတ်အကြောင်းလည်း သူတို့ နားမလည်ကြဘူး၊ နောက်တော့ နိုင်ငံကူးလက်မှတ်က အကုန်အကျလည်း များတယ်” ဟု Andy Hall က ဆက်ပြောသည်။

သက်တမ်းတိုးရန် ပျက်ကွက်သည့် အလုပ်သမားများကို ဖမ်းဆီးရန်အတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာနက လူဝင်မှုကြီးကြပ်ရေးဌာနကို အကြောင်းကြားထားပြီး ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖေါ်ပြပါရှိသည်။

About မွန်သတင်းအေဂျင်စီ

Check Also

ကမာကေး-တော်ပကောက် လမ်းပြုပြင်မည့်ဘတ်ဂျက်ငွေမလုံလောက်

မွန်ပြည်နယ်၊ ဘီလူးကျွန်းရှိ ကမာကေး-တော်ပကောက်လမ်းအမြန်ဆုံးပြုပြင်နိုင်ရန် ၂၀၁၇-၁၈ ခုနှစ် ကျေးလက်ဦးစီးဌာနများ၏ ဘတ်ဂျက်ငွေများ လျှော့ချလိုက်သည့်အတွက် ဘတ်ဂျက်ငွေ မလုံလောက်ဖြစ်နေကြောင်း ချောင်းဆုံမြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။ Related

%d bloggers like this: