spot_img
Friday, March 29, 2024
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်ပြည်ထောင်စုကောင်စီ၊ ပြည်ထောင်စုတပ်မတော်နှင့် ပြည်ထောင်စုနိုင်ငံတော်သစ် တည်ဆောက်ရေး

    ပြည်ထောင်စုကောင်စီ၊ ပြည်ထောင်စုတပ်မတော်နှင့် ပြည်ထောင်စုနိုင်ငံတော်သစ် တည်ဆောက်ရေး

    -

    ဗညာဟံသာ ရေးသည်

    မြန်မာ့သမိုင်းတွင် တခါမျှ မပေါ်ပေါက်ခဲ့သော ပြည်ထောင်စုကောင်စီနှင့် ပြည်ထောင်စုတပ်မတော်ကို တိုင်းပြည်ကို အမြတ်တနိုး တန်ဖိုးထားသော တိုင်းရင်းသား ခေါင်းဆောင်တို့က ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်း ပြောင်းလဲမှုနှင့်အတူ တိုးတက်ထွန်းကားသော ဒီမိုကရေစီ နိုင်ငံတော်ကြီး တည်တန့်ခိုင်မာရေးအတွက် ယခုလတွင် ဖွဲ့စည်းခဲ့ကြောင်း ကမ္ဘာ့တဝန်းတွင် ထုတ်ပြန်ကြေညာခဲ့သည်။

    နိုင်ဗညာဟံသာ

    မြန်မာနိုင်ငံ၏ အနာဂတ်နိုင်ငံရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးတွင် အကူးအပြောင်းနှင့်အတူ လက်တွေ့ရင်ဆိုင်ရသော စစ်အစိုးရ အုပ်ချုပ်ရေးစနစ်မှ အရပ်သားအစိုးရ ပေါ်ထွန်းစေပြီး တန်းတူညီမျှသော ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ဤပြည်ထောင်စုကောင်စီ ဖွဲ့စည်းခဲ့ကြောင်းဟု တိုင်းရင်းသားခေါင်းဆောင်းများက ပွင့်ပွင့်လင်းလင်း ကြေညာခဲ့သည်။

    ဤအကွေ့အပြောင်းကို လက်လမ်းမှီသမျှ လေ့လာသုံးသပ်ပြီး လက်တွေ့တွင် အဘယ်မျှလောက် နိုင်ငံရေး စိန်ခေါ်မှု ပေါ်ပေါက်လာပြီး မြန်မာပြည်စစ်အစိုးရနှင့် ထိပ်တိုက်ရင်ဆိုင်မှု ပေါ်ပေါက်မည့် အခြေအနေကို လက်တွေ့ကျကျ စဉ်းစားကြပါစို့။

    မြန်မာပြည် စစ်အစိုးရ ဦးဆောင်သော ရုပ်သေးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များက မိမိတို့၏ အသက်ရှုပေါက် ရေရှည်ရပ်တည်နိုင်ငံရေးအတွက် ပရိယာယ်ပေါင်း ထောင်သောင်းများစွာ ကျင့်သုံးမည်မှာ မြေကြီးလက်ခတ် မလွဲချေ။ ယခုလက်ရှိ စစ်အုပ်စုများက မိမိတို့၏ အာဏာတည်မြဲရေးနှင့် နိုင်ငံတော်ကို “ ခွ” ထားပြီး စီးပွားရေး အသက်ရှုချောင်မှုအတွက် တိုင်းပြည်၏ သယံဇာတကို စျေးပေါပေါနှင့် ရောင်းချခဲ့သည်မှာ မျက်မြင်သက်သေဖြစ်သည်။

    နှစ်ပေါင်း ၂၀ ကျော် အာဏာသိမ်းပြီးနောက် စစ်အုပ်စုက အောက်ပါအရေးကြီးသော စီမံကိန်းများကို ဆုပ်ကိုင်ခဲ့သည်။

    (က) သဘာဝဓာတ်ငွေ့နှင့် ရေနံတူးဖေါ်ရေး စီမံကိန်း

    (ခ) ထားဝယ် ဆိပ်ကမ်း တည်ဆောက်ရေး စီမံကိန်း

    (ဂ) နယ်စပ်ဒေသ ဖွံ့ဖြိုးရေး စီမံကိန်း

    (ဃ) တရုတ်၊ စင်ကာပူမှ လုပ်ငန်းရှင်များနှင့်အတူ ထိုင်းအစိုးရနှင့် စီးပွားရေး၊ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း

    (င) တပ်မတော်၏ လျှို့ဝှက် နျူကလီယား လက်နက်တည်ဆောက်ရေး စီမံကိန်း

    ဤအရေးကြီးသော စီမံကိန်းကြီးများကို စစ်အုပ်စု၏ နိုင်ငံရေး၊ စီးပွားရေးနှင့် အပစ်အခတ် ရပ်စဲထားသော အချို့တိုင်းရင်းသား ခေါင်းဆောင်များနှင့် ပူးပေါင်းပြီး အနောက်နိုင်ငံ၏ စီးပွားရေး ပိတ်ဆို့မှုအောက်မှ အသက်ရှုပေါက် ချောင်အောင် အကင်းပါးပါနှင့် နိုင်ငံတကာကို မျက်လှည့်ခဲ့သည်။

    တိုင်းရင်းသား ခေါင်းဆောင်များနှင့် တော်လှန်ရေး ခေါင်းဆောင်များ ဖွဲ့စည်းခဲ့သော ပြည်ထောင်စုကောင်စီသည် လက်တွေ့တွင်မူ ကြီးမားသော အခက်အခဲနှင့် မြန်မာပြည် ပြဿနာကို ရင်ဆိုင်ရမည် ဖြစ်သည်။ ထိုင်း၊ တရုတ်အစိုးရနှင့်အတူ အိန္ဒိယ၊ စင်ကာပူ စသော ယနေ့လက်ရှိအစိုးရများက မိမိတို့ ရင်းနှီးမြုပ်နှံထားသော စီးပွားရးဇုံကွက်များ အမြတ်ပေါ်ရေးနှင့် မပျောက်ပျက်ရေးအတွက် စစ်အုပ်စု အစိုးရကို ကပ်ဖား နေမည်သာ ဖြစ်သည်။ ကုဋေပေါင်းများစွာ ရင်းနှီးမြှုပ်ပ်နှံထားသော သဘာဝဓာတ်ငွေ့စီမံကိန်းနှင့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနှစ်ခုကို ထောက်ရှုခြင်းအားဖြင့် စစ်အုပ်စု အစိုးရကို မကြိုက်သော်လည်း ရေငုံနှုတ်ပိတ် ဆက်ဆံမည်သာ ဖြစ်သည်။

    ပြည်ထောင်စုကောင်စီမှ တိုင်းရင်းသားခေါင်းဆောင်များသည် မိမိတို့၏ အထွဋ်အထိပ်ဆုံး နိုင်ငံရေး ပန်းတိုင်နှင့်အတူ ဒေသခံ အိမ်နီးချင်းအစိုးရ ကိုယ်စားလှယ်များ၏ သဘောထားအမြင်ကို သုံးသပ်ပြီး ၂၀၁၁-၂၀၁၂ အတွင်း မည်ကဲ့သို့သော နိုင်ငံရေးအပြောင်းအလဲ အပြုသဘော ဆောင်သော နိုင်ငံတကာရေးရာ မူဝါဒတွေကို မလွဲမသွေ ဆက်စပ်ရမည် ဖြစ်သောကြောင့် လက်တွေ့တွင် မိမိတို့ကောင်စီ၏ နိုင်ငံတကာရေးရာ မူဝါဒကို အတိအလင်း ထုတ်ပြန်ရပေလိမ့်မည်။

    အရှေ့တောင်အာရှအသင်း (အာဆီယံ) နှင့် ဥရောပ၊ အမေရိက ဦးဆောင်သော အနောက်နိုင်ငံ အစိုးရခေါင်းဆောင်များသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရတရပ် ပေါ်ပေါက်ဖို့ နှစ်ပေါင်း ၂၀ ကျော် မျှော်လင့်ခဲ့သော်လည်း လက်တွေ့တွင် စစ်အုပ်စုကသာ အပေါ်စီး ရယူထားခဲ့သည်။ နိုင်ငံတကာဆက်ဆံရေးတွင် စစ်အစိုးရက မျက်နှာမကြီးသော်လည်း မိမိတို့၏ အကင်းပါးမှုကို အခြေခံပြီး ဝေဖန်မှုနှင့် အပြုသဘောဆောင် ဆွေးနွေးပွဲများကို နားစွင့်မျက်ကန်း လုပ်လာခဲ့သည်။

    တိုင်းရင်းသားခေါင်းဆောင်များ၏ ပြည်ထောင်စုကောင်စီက ပြည်တွင်းထောက်ခံမှုနှင့်အတူ ဒေသဆိုင်ရာထောက်ခံမှု၊ နိုင်ငံတကာထောက်ခံမှုနှင့် လက်တွေ့တွင် တရုတ်၊ ထိုင်းနှင့် အိန္ဒိယအစိုးရမှ ခေါင်းဆောင်တို့၏ ထောက်ခံမှုကို လက်ဦးရယူရန် အလွန်ပင် အရေးကြီးပေသည်။ နိုင်ငံတကာ ဆက်ဆံရေးစံနှုန်းတွင် အဆင့်အတန်း မြင့်မားရေးနှင့် သံတမန်ရေးရာတွင် အကင်းပါးသော ကိုယ်စားလှယ်များ ခန့်အပ်ရန်လည်း အထူးပင် လိုအပ်သည်။ မြန်မာပြည် အသွင်းကူးပြောင်းရေးကာလတွင် ပြည်ထောင်စုကောင်စီ၏ တက်ကြွသော တိုးတက်သော နိုင်ငံတကာ ဆက်ဆံရေးမူဝါဒများ လက်တွေ့ကျကျ ချမှတ်ပြီး အပြုသဘောဆောင်သော “စကား” များ ပြောထုတ်ရန် လိုအပ်ပေမည်။

    စစ်မှန်သော ပြည်ထောင်စု (ဖက်ဒရယ်ပြည်ထောင်စု) အသစ်တရပ် ဖွဲ့စည်းမည်ဟု ဤကောင်စီက ကြွေးကြော်ခဲ့သည့်အတွက် လက်တွေ့တွင် အသစ်ဖွဲ့ထားသော စစ်အုပ်စု၏ လွှတ်တော်နှင့် တိုက်ခိုက် စိန်ခေါ်ရမည် ဖြစ်သောကြောင့် မိမိတို့ကောင်စီ၏ ပြည်ထောင်စုစနစ် တိုးတက်အောင်မြင်နိုင်ဖွယ် ရှိသည်ကို တိုင်းသိပြည်သိ ကမ္ဘာ့ခေါင်းဆောင်များ သိပြီး ထောက်ခံမှုရအောင် လက်မနှေးသင့်ချေ။

    မြန်မာနိုင်ငံ၏ အပြောင်းအလဲကို ကမ္ဘာ့ရေစီးကြောင်း ဒီမိုကရေစီ သဘောတရားနှင့်အတူ လက်တွေ့တွင် မြန်မာပြည်၏ သွေးသားချင်း တိုင်းရင်းသားတို့အကြား လေးစားမှုနှင့် အသိအမှတ်ပြုမှုသည် နိုင်ငံရေး အုတ်မြစ် ဖြစ်သည်။ ရင့်ကျက်သော နိုင်ငံရေးအဆောက်အအုံ ပေါ်ထွန်းရေးအတွက် ပြည်ထောင်စုကောင်စီတွင် အသိညာဏ်နှင့် ကမ္ဘာ့တရပ်၏ အပြောင်းအလဲကို နားလည်သော ခေါင်းဆောင်များ ဦးဆောင်မှုနေရာတွင် ခန့်အပ်ရန် လိုအပ်ပေမည်။

    ယနေ့ခေတ်တွင် တော်လှန်ရေးမှ ပေါက်ပွားခဲ့သော တိုင်ရင်းသားခေါင်းဆောင်များသည် တောကြိုတောင်ကြား နွားကျောင်းသားများ မဟုတ်ချေ။ ဤခေါင်းဆောင်များသည် မိမိတို့ ဒေသမှ ကောလိပ် တက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်မှ မွေးဖွားပေးခဲ့သော ခေတ်သစ်ခေါင်းဆောင်များ ဖြစ်သောကြောင့် စစ်အုပ်စု၏ ကောက်ကျစ်စဉ်းလဲမှုကို အငိုက်မမိစေဘဲ လက်တွေ့ကျကျ ဆက်ဆံမှုပြုရန် လိုအပ်ပေမည်။

    ပြည်ထောင်စုကောင်စီ၏ နိုင်ငံရေးအားပြိုင်မှုကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ပြည်တွင်းခေါင်းဆောင်များက အချိန်ကိုက်နှင့် ဆက်စပ်မှုရှိအောင် စစ်အုပ်စုအစိုးရကို ဇာတ်ခုံပေါ်သို့ ရောက်အောင် အကျပ်ကိုင်ရမည့်အချိန် ဖြစ်သည်။ ဤတွင် ပြည်ထောင်စုတပ်မတော် (တိုင်းရင်းသားတပ်မတော်) သည် ဤကောင်စီ၏ အသက်သွေးကြော ဖြစ်သည်။ ဤအသက်သွေးကြောကို ယနေ့တိုင်းရင်းသားများအနေနှင့် ဆက်လက်ပံ့ပိုးရန် လက်မနှေးသင့်ချေ။ ။

    ၂၅၊ ၀၂၊ ၂၀၁၁

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts