spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းအမျိုးသား လွတ်မြောက်သည်အထိ လက်နက်ကိုင်လမ်းစဉ်ကို မွန်ပြည်သစ် မစွန့်လွှတ်

    အမျိုးသား လွတ်မြောက်သည်အထိ လက်နက်ကိုင်လမ်းစဉ်ကို မွန်ပြည်သစ် မစွန့်လွှတ်

    -

    မွန်ပြည်သစ်ပါတီ ဗဟိုဒေသအနီးတွင် ကျင်းပသည့် ၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား

    လွတ်လပ်သော မွန်သတင်း အေဂျင်စီ-စစ်အစိုးရနှင့် ယခင်အပစ်အခတ်ရပ်စဲ ထားသည့် မွန်ပြည်သစ်ပါတီက အမျိုးသားလွတ်မြောက်ရေး ရသည်အထိ လက်နက်လမ်းစဉ်ကို စွန့်လွှတ်လိမ့်မည် မဟုတ်ကြောင်း ပါတီခေါင်းဆောင်များက စနေနေ့တွင် ကျရောက် သည့် မွန်အမျိုးသားနေ့တွင် ပြောကြားခဲ့သည်။

    “နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာနဲ့ ဖြေရှင်းချင်လို့ ကျနော်တို့ပါတီက စစ်အစိုးရနဲ့ အပစ်ရပ်ခဲ့တယ်။ ဒါပေမဲ့ အဲဒါကို ဖြေရှင်းဖို့အတွက် အခွင့်အရေး ကျနော်တို့ မရခဲ့ပါဘူး” ဟု ပါတီဒု-ဥက္ကဌ နိုင်ရဿ က ပါတီဗဟိုအနီး ပနန်းပိန်ကျေးရွာတွင် ကျင်းပသည့် ၆၄ ကြိမ်မြောက် မွန်အမျိုးသားနေ့တွင် ပြောကြားခဲ့သည်။

    “သူတို့ (စစ်အစိုးရ) က ကျနော်တို့ကို သူတို့ဆီမှာ လက်နက်အပ်ခိုင်းတယ်။ ကျနော်တို့ ဘယ်တော့မှ အဲဒီလို လုပ်လိမ့်မယ် မဟုတ်ဘူး။ ကျနော်တို့ ပြည်သူတွေနဲ့ ကျနော်တို့ ပူးပေါင်းပြီး ကျနော်တို့ လက်နက်နဲ့ လွတ်လပ်ရေးရတဲ့အထိ တိုက်ပွဲဝင်သွားမယ်” ဟု နိုင်ရဿက ဆက်ပြောသည်။

    ၁၉၉၅ ခုနှစ်တွင် မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့သော်လည်း စက်တင်ဘာလ (၁) ရက်နေ့ နောက်ဆုံးထား၍ လက်နက်စွန့်လွှတ်ရမည် ဖြစ်ကြောင်း၊ လက်နက် မစွန့်လွှတ်ပါက ယခင်လက်နက်ကိုင် သောင်းကျန်းသူအဖြစ် သတ်မှတ်ပြီး ဥပဒေအရ တရားဝင် ဆက်ဆံခြင်း ပြုမည် မဟုတ်ကြောင်း စစ်အစိုးရ နောက်ဆုံးဖိအားပေး တောင်းဆိုချက်ကို မွန်ပြည်သစ်က လက်မခံကြောင်း အကြောင်းပြန်ခဲ့ပြီး နောက်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူချက် ပျက်ပြားခဲ့သည်။

    စစ်ရေး၊ နိုင်ငံရေးလမ်းစဉ်ဖြင့် စစ်အစိုးရကို ရင်ဆိုင်ရန်အတွက် မွန်ပြည်သစ်ပါတီက ပြင်ဆင်ထားပြီး၊ တိုက်ရည်ခိုက်ရည် ရှိသည့် စစ်မှုထမ်းဟောင်းများကိုလည်း ပြန်လည် ခေါ်ယူထားပြီ ဖြစ်သည်။

    အပစ်ရပ်ပြီးနောက်ပိုင်း စစ်မှုထမ်းဟောင်း တရာခန့် ပါတီထံသို့ ပြန်လည်ရောက်ရှိလာကြောင်း ပါတီနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ဆိုပါသည်။

    “တကယ်လို့ ကျနော်တို့ တိုက်ရင် ဒီတခါ ကျနော်တို့ ကောင်းကောင်းလုပ်ထားဖို့ လိုတယ်။ တကယ်လို့ အဲဒီလို ကျနော်တို့ မလုပ်နိုင်ရင် ဒီပွဲမှာ ကျနော်တို့ အထိနာနိုင်တယ်” ဟု ပါတီသို့ ပြန်လည်ရောက်ရှိလာသည့် စစ်မှုထမ်းဟောင်း ကိုစိုးဝင်း က ပြောသည်။

    မွန်ပြည်သစ်ပါတီဝင်တဦးက “ကျနော်တို့မှာ စစ်သား ၁၀၀၀ လောက် ရှိတယ်။ အဲဒီအထဲက ၂၀၀ ကို ပြောက်ကျားတပ်ဖွဲ့အတွက် ရွေးချယ်နိုင်တယ်” ဟု ပြောသည်။

    တပ်ဖွဲ့ဝင်များကို ပြောက်ကျားစစ်၊ အမြောက်နှင့် လက်ဖြောင့်သေနတ်ပစ် သင်တန်းများကို ပေးထားပြီး ပါတီနယ်မြေအတွင်း ဝင်ရောက်လာသည့် စစ်အစိုးရတပ်များကို ပစ်ခတ်ရန်အတွက် ပါတီခေါင်းဆောင်များက အမိန့်ပေးထားသည်။

    မွန်အမျိုးသားနေ့ မိန့်ခွန်းတွင်လည်း ပါတီခေါင်းဆောင်တို့က အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် ကာလအတွင်း ကြုံတွေ့ခဲ့ရသည့် နိုင်ငံရေး အခက်အခဲများကို ပြင်းထန်စွာ ဝေဖန်ပြောဆိုခဲ့သည်။

    “တကယ်လို့ စစ်အစိုးရက လက်နက်နဲ့ ကျနော်တို့ကို ဖယ်ရှားမယ်ဆိုရင် ကျနော်တို့ကလည်း တိုက်ဖို့ အဆင်သင့်ပါပဲ” ဟု ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

    တိုင်းရင်းသားပြဿနာများကို တဖွဲ့ချင်းအလိုက် ဖြေရှင်းမည် မဟုတ်ပဲ၊ ယခုလ ၁၆ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ဖြင့် နိုင်ငံရေး၊ စစ်ရေး မဟာမိတ်ပြုကာ ဖွဲ့စည်းထားသည့် “ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ” ဖြင့် ဖြေရှင်းသွားမည်ဟုလည်း ပါတီခေါင်းဆောင်များက ရှင်းပြသည်။

    ပါတီအနေနှင့် ယခုတက်လာသည့် အစိုးရသစ်ကို လက်မခံသည့်ပြင် ပြည်သူများက လွတ်လပ်ပြီး တရားမျှတစွာ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရမဟုတ်သည့်အတွက် တိုင်းရင်းသားပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ကြောင်း ပါတီခေါင်းဆောင်များက ယုံကြည်ကြသည်။

    သို့သော်လည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် ဒုတိယပင်လုံညီလာခံ ခေါ်ယူရေး ကြိုးပမ်းမှုကို ထောက်ခံသွားမည်ဟု ပါတီခေါင်းဆောင်တို့က ပြောသည်။

    ဒုတိယပင်လုံညီလာခံသည် တိုင်းရင်းသားလူမျိုးများကြား သွေးစည်းညီညွတ်ရေးကို ဦးတည်ပြီး ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်လိမ့်မည်ဟု ပါတီဝင်ခေါင်းဆောင်အများစုက ယုံကြည်ကြသည်။

    တပို့တွဲ လပြည့်ကျော် ၁ ရက် (ဖေဖေါ်ဝါရီ ၁၉ ) တွင် ကျရောက်သည့် မွန်အမျိုးသားနေ့တွင် မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ တပ်သား ၁၅၀ ခန့် စစ်ရေးပြ အခမ်းအနားဖြင့် သရုပ်ပြကြပြီး ဒေသအသီးသီးမှ ပြည်သူ ၃၀၀၀ ကျော်တက်ရောက်ခဲ့သည်။

    အထူးသဖြင့် ထိုင်းနိုင်ငံမှ မွန်လူမျိုးများ၊ ထိုင်းလူမျိုးများနှင့် ထိုင်းသတင်းထောက်များက ဖိုးဝီးကား ၄၈ စီးနှင့်အတူ ထိုင်းနယ်စပ်မှ ကီလိုမီတာ ၁၀၀ ခန့် ဝေးသည့် တောင်ချောက်ကမ်းပါးများကို ကျော်ဖြတ်ကာ အခမ်းအနားကို တက်ရောက်ခဲ့ကြသည်၊

    သမလ၊ ဝိမလ မင်းညီနောင် ၂ ပါးက ဟံသာဝတီ မွန်နေပြည်တော်ကို တည်ထောင်သည့် သာသနာသက္ကရာဇ် ၁၁၁၆ ခု တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ကို အစွဲပြု၍ မွန်အမျိုးသားနေ့အဖြစ် နှစ်စဉ်ကျင်းပခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts