spot_img
Friday, March 29, 2024
More
    spot_img
    Homeဆောင်းပါးဓမ္မစေတီမင်းအကြောင်း တစေ့တစောင်း (၁)

    ဓမ္မစေတီမင်းအကြောင်း တစေ့တစောင်း (၁)

    -

    ရာမညရာဝိက – (၆၄) ကြိမ်မြောက် မွန်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ကလျာဏီသိမ်ကို သတ်မှတ်လိုက်သည် ဆိုစဉ်က ဓမ္မစေတီမင်းနှင့် ပတ်သက်၍ သုတေသန လုပ်နေသူ စာရေးသူက အထူးတလည် စိတ်ဝင်စားမိသည်။၂၀၀၅-ခု၊ ဇန္နဝါရီလ (၁၅) ရက်နေ့တွင် သီရိလကာင်္နိုင်ငံသို့ ပညာတော်သင် ကြွရောက်ခဲ့ရာ ကလျာဏီတက္ကသိုလ်၌ ကျောင်းသားအဖြစ် မှတ်ပုံတင်ခဲ့သည်။ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဆိုင်ရာ မဟာဝိဇ္ဇာဘွဲ့ ရပြီး ဖြစ်သော်လည်း မိမိ၏ အင်္ဂလိပ်စာ အရည်အချင်းကို အားမရသောကြောင့် ယင်းတက္ကသိုလ်၌ မဟာဝိဇ္ဇာတန်းကိုပင် ဆက်လက်လေ့လာရန် ရည်ရွယ်ခဲ့သည်။

    ထိုတွင် ကလျာဏီတက္ကသိုလ်၌ ဒေါက်တာဘွဲ့အတွက် ဋီကာကျော်ကျမ်း အမှားတော်ပုံကို သုတေသန လုပ်နေသော အရှင်ပဏ္ဍိတကို တိုင်ပင်ရာ အရှင်ဘုရား၏ အင်္ဂလိပ်စာ အရည်အချင်းကို တပည့်တော် သံသယမရှိပါ၊ အရှင်ဘုရား ကိုယ့်ကိုယ်ကို ယုံကြည်မှုအပေါ်မှာပင် မူတည်ပါသည်ဟု စာရေးသူအား မိန့်ခဲ့သည်။ သို့နှင့် ဒေါက်တာဘွဲ့အတွက် ခရီးတစ်ထောက် ဖြစ်သော M.Phil တန်းကို ဝင်ခွင့်ဖြေဖို့ ဆုံးဖြတ်ခဲ့သည်။ သို့နှင့် ပဲခူးမြို့ရှိ ကလျာဏီ ပါဠိကျောက်စာ လေ့လာချက် ခေါင်းစဉ်ဖြင့် Synopsis တင်လိုက်သည်။ ကလျာဏီကျောက်စာကို လက်ရှိသုတေသန လုပ်ဆဲ (၃) ဦးရှိပြီ ဖြစ်သော်လည်း တင်သည့် Synopsis ကို တက္ကသိုလ်ဘုတ်အဖွဲ့က စိစစ်ပြီး ဒေါက်တာဘွဲ့အကြို ကျောင်းသားအဖြစ် စာရေးသူကို လက်ခံခဲ့သည်။

    သို့ဖြစ်၍ ကျမ်းကိစ္စအတွက် မြန်မာနိုင်ငံကို ပြန်လာရသည်။ လိုအပ်သည့် ကျမ်းကိုးများ၊ မှတ်တမ်းမှတ်ရာများ၊ အထောက်အထားများကို ရှာဖွေစုဆောင်းရသည်။ ရဟန်းအမ၊ ရဟန်းမယ်တော်၏ ပြောပြချက်အရ စာရေးသူ၏ ရည်ရွယ်ချက်ကို သိရသောအခါ စာရေးဆရာကြီး ပါရဂူက မဂ္ဂဇင်းတခု၌ စာရေးသူကို ထောက်ခံချီးမွှမ်းသည့် ဆောင်းပါးတပုဒ်ကို ရေးခဲ့သေးသည်။ သို့သော် ဤအချိန်အထိ သည်းထိတ်ရင်ဖို မဖြစ်သေးပါ။

    သုတေသနကျောင်းသားတဦး လုပ်သင့်လုပ်ထိုက်သည့် သာမန်လုပ်ရိုးလုပ်စဉ်များကိုသာ တွဲဖက်ကျမ်း ကြီးကြပ်သူ ဆရာဒေါက်တာနိုင်ပန်းလှနှင့် တိုင်ပင်၍ လုပ်နေခဲ့သည်။ အမျိုးသား စာကြည့်တိုက်၌သာ စာအုပ်များငှားရမ်းခြင်း၊ မိတ္တူကူးခြင်း၊ ဖလင်ရိုက်ခြင်းများ ပြုလုပ်ခဲ့သည်။ ကမ္ဘာအေး ဘဲဥကန် စာကြည့်တိုက်၌လည်း အနည်းငယ် အချိန်ပေးခဲ့သည်။

    တနေ့တွင် ဆရာနိုင်မောင်တိုးထံတွင် အဘိဓာန်ကောင်းများ ရှိသည်ဟု ကြားမိရာ သူ့အိမ်သို့ အကြောင်းမကြားဘဲ ရောက်သွားသည်။ မွန်အဘိဓာန်ကောင်းများကို ရ၍ အားရမိသည်။ မိမိ၏ သုတေသနအကြောင်းကို ဆရာက မေးမြန်းရာ ကလျာဏီကျောက်စာကို လေ့လာမည် ဖြစ်ကြောင်း ပြောပြမိသည်။ ဆရာနိုင်မောင်တိုးက မိမိကို သေချာကြည့်ပြီး လေးနက်စွာ ပြောလာသည်။ ဖြစ်နိုင်လျှင် ဤကျောက်စာကို မလုပ်စေချင်ကြောင်း၊ ကျိန်စာသင့်သော ကျောက်စာဖြစ်၍ ဤကျောက်စာနှင့်ပင် ဖြစ်ဖြစ်၊ ဤကျောက်စာပါ အကြောင်းအရာနှင့်ပင် ဖြစ်ဖြစ် ပတ်သက်မိသော မိသားစုများ ဒုက္ခရောက်ရတတ်ကြောင်း၊ အရှင်ဘုရားကိုလည်း ဒုက္ခမရောက်စေချင်ကြောင်း သတိပေးသည်။

    စာရေးသူက သန့်ရှင်းသော ဗုဒ္ဓဝါဒ အယူအဆကို သင်ယူလေ့လာခဲ့ပြီ ဖြစ်၍ အယူသည်းမှုကို လက်မခံသော်လည်း သူ့စကားကိုကား လေးစားစွာ နားထောင်ပါသည်။ ဆရာက ဓမ္မစေတီ ခေါင်းလောင်းကို ဆယ်ဖို့ ကြိုးစားသည့် မန္တလေးက အရာရှိတဦး၊ ဆရာချစ်စံဝင်းမိသားစု၊ နိုင်ငံတော် ဝန်ကြီးချုပ် ခင်ညွန့်တို့ အကြောင်းကို ပြောပြသည်။ မန္တလေးက အရာရှိက ချက်ချင်း ရာထူးပြုတ်ရပုံ၊ ဆရာချစ်စံဝင်း သားကြီး ခွေးရူးပြန် ရောဂါဖြင့် ဆုံးရပုံ၊ ဒုတိယ ဗိုလ်ချျပ်ကြီး ခင်ညွန့် ကံဆိုးရပုံတို့ကို စိတ်ဝင်စားဖွယ် အကျယ်တဝင့် ရှင်းပြ သည်။  တက္ကသိုလ်ဘုတ်အဖွဲ့တွင် ခေါင်းစဉ်ပြောင်းဖို့ လွယ်ကူမှာ မဟုတ် သည့်အတွက် ဤကျောက်စာကိုပင် သတိထားပြီး လေ့လာသွားမည်ဟုသာ ဆရာကြီးကို ပြောရသည်။

    သုတေသနအတွက် ပဲခူးကိုလည်း သွားရန် လို၍ ပဲခူးကို နှစ်ညအိပ်ခရီး ထွက်ခဲ့သည်။ ဓမ္မစေတီမင်းကြီး၏ ဗုဒ္ဓဂါယာကို ရောက်ခဲ့သည်။ အဟောင်းကို ဖြိုပြီး အသစ်ကို တည်ဆောက်နေကြသည်။ အဟောင်းနှင့် အသစ် တန်ဖိုးချင်း တူမည် မဟုတ်သဖြင့် စိတ်မကောင်း ဖြစ်မိပါသည်။ စိတ်မကောင်းခြင်းဖြင့်သာ ဆက်လက်လေ့လာရာ ထူးခြားသည့် အဖြစ်အပျက်များကို မထင်မှတ်ဘဲ တွေ့ရသည်။ စေတီပုထိုးများကို လေ့လာနေစဉ် ကြက်သီးမွေးညှင်းထခြင်း၊ အနားတွင် ထူးဆန်းသည့် မြွေသတ္တဝါတို့ကို တွေ့ရခြင်း၊ လျှို့ဝှက်ဆန်းကြယ် ဖြစ်ရပ်ဆန်းများ ရှိသည်ဟု ခံစားမိခြင်းများ ဖြစ်ပေါ်ခဲ့သည်ဟု ရိုးသားစွာ ဝန်ခံရပါမည်။

    ထိုသို့ ဆန်းပြားသည့် စိတ်ခံစားမှုများ၊ ဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ခြင်းသည်ပင် စာရေးသူ၏ လေ့လာချင်စိတ်ကို အားသန်စေသည်။ စာရေးသူသည် အိပ်မက်များကို မြင်မက်စဉ် လန့်နိုးလျှင် ရာခိုင်နှုန်းတရာ မှန်လေ့ရှိသည်။ ရှစ်လေးလုံးအရေးအခင်း၊ မိခင်ဆုံးခြင်း၊ လက်ရှိ ထိုင်းနိုင်ငံရေး ပဋိပက္ခ စသည်တို့ကို အိပ်မက်မှတဆင့် ကြိုတင်သိခဲ့သည်။ ပဲခူးလေ့လာရေးခရီး ထွက်စဉ်ကလည်း အဆင်မပြေသည့် အိပ်မက်များ မက်ခဲ့သည်။ ထိုအိပ်မက်များတွင် စာရေးသူ၏ သုတေသနသည် လွယ်လွယ်ဖြင့် စောစောစီးစီး ပြီးဆုံးမည် မဟုတ်သည်ကိုလည်းကောင်း၊ သမိုင်းဖြစ်ရပ်မှန်များကို ထုတ်ဖော်ရန် အချိန်စောနေသေးသည်ကိုလည်းကောင်း ညွှန်းပြနေသည်ချည်းပင် ဖြစ်သည်။ အကြောင်းသင့်လျှင် ထိုအိပ်မက်များအကြောင်းကို အကျယ်ဆွေးနွေးပါဦးမည်။

    ဤနေရာ၌ တခုကို ဝန်ခံရပါမည်။ ကျိန်စာနှင့် အိပ်မက် မှန်တတ်သော်လည်း ယနေ့အထိ မယုံသေးပါ။ ထိုသို့ မယုံရင်းဖြင့်ပင် စာရေးသူ၏ ဘဝသည် ကလျာဏီကျောက်စာ လေ့လာသည့် အချိန်မှစပြီး ယနေ့အထိ (၆) နှစ်လုံးလုံး ဘာတခုကိုမျှ မည်မည်ရရ လုပ်ပြနိုင်ခဲ့သည် မရှိချေ။ ဘဝခရီးလမ်းသည်လည်း ကြမ်းတမ်းခက်ထန်လှပေသည်။ ဘဝတွင် မလိုလားအပ်သည့်၊ လိုတာထက် ပိုလုပ်မိသည့်၊ အဆင်ခြင်နည်း၍ ဆုံးဖြတ်ချက် မှားခဲ့သည့်၊ နားလည်မှု လွဲမှား၍ တရားခံ ဖြစ်ရသည့် အဖြစ်အပျက်များ ဖြစ်ပေါ်ခဲ့သည်။ ဤတိုက်ဆိုင်မှုများသည် ကလျာဏီကျောက်စာနှင့် တစုံတရာ ပတ်သက်မှု ရှိနိုင်သည်ဟု မထင်သော်လည်း ပတ်သက်များ ပတ်သက်နေမည်လားဟု တွေးတတ်လာပြီ ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် စာရေးသူ၏ တွဲဖက်ကျမ်း ကြီးကြပ်သူ ဆရာဒေါက်တာနိုင်ပန်းလှသည်လည်း မနှစ်က ကွယ်လွန်ခဲ့ချေပြီ။

    ယခုစာရေးနေသည့် အချိန်၌ပင် ၂၀၀၆-ခု သီရိလကာင်္နိုင်ငံတွင် ရှိစဉ် ကုရုနေဂလမြို့နေ သူဌေးတယောက်၏ အဖြစ်အပျက်ကို သတိရမိသည်။ ထိုသူဌေးက သူ့နေအိမ်၌ နာနာဘာဝများ သောင်းကျန်းနေပါသဖြင့် ပရိတ်ရွတ်စေချင်ကြောင်း သူ့သားမှတဆင့် လျှောက်လာသည်။ ထိုသူဌေးသားမှာ ရန်ကုန်နာယကဟောင်း အရှင်ဝဏ္ဏသိရီနှင့် ရင်းနှီးရာ သူ့ကို အဓိကပင့်လျှောက်ခြင်း ဖြစ်သည်။ အရှင်ဝဏ္ဏသိရီက ကမ္ဘာအေးကုန်းမြေ၌ သီတင်းသုံးစဉ် မိမိ၏ လက်ထောက်အဆောင်မှူး လုပ်ခဲ့ဖူးသဖြင့် ယင်းကိစ္စကို မိမိနှင့် တိုင်ပင်ပါသည်။ လက်ရှိ ရန်ကုန်နာယကသစ် ဦးခေမိန္ဒ အပါအဝင် ကုရုနေဂလမြို့ကို ကြွရောက်ကြသည်။ တစ္ဆေခြောက်သည်ဟု ဆိုသော အိမ်မှာ ကုရုနေဂလ လူကုံထန် ရပ်ကွက်မှာ ရှိပါသည်။ အလွန်သာယာလှသည့် ခြံကြီးထဲမှ ထယ်ဝါလှသည့် အိမ်ကြီးရခိုင်ပင် ဖြစ်သည်။

    ဧည့်ခန်းတွင် အနားယူစဉ် ဤအိမ်၌ မည်သူမှ အိပ်၍ မရကြောင်း၊ တစ္ဆေမက လူကို ကုတင်ပေါ်မှ ဆွဲချပြီး ရန်မူကြောင်း၊ အထူးသဖြင့် အမျိုးသားတွေကို ရန်ရှာကြောင်း အိမ်ရှင်တို့က ရှင်းပြသည်။ အိမ်စောင့်တယောက်က တခါတလေ အပေါ်ထပ်တက်သည့် လှေခါး၏ အလယ်မှာ ကိုယ်ထင်ပြသည်ကို မြင်ဖူးကြောင်း ပြောပြသည်။ ယခုတွင် ဤအိမ်၌ မည်သူမျှ မနေဝံ့တော့ကြောင်းလည်း လျှောက်ထားကြသည်။ လူသူမနေသည်မှာ ကြာ၍လည်း အိမ်မှာ ဖုန်ထူနေခြင်း ဖြစ်ပါလိမ့်မည်။ စာရေးသူက မည်သို့မျှ မလုပ်သေးဘဲ အခြားသံဃာများနှင့်အတူ အနားယူသည်။ နာရီဝက်မျှ ကြာသောအခါ အိမ်ပေါ်ထပ်သို့ တက်ကြည့်၍ ရမရ အိမ်ရှင်တို့ကို မေးသည်။ တက်၍ ရကြောင်း လျှောက်သောအခါ တစ္ဆေမက ကိုယ်ထင်ပြလေ့ ရှိသည်ဟု ပြောသည့် လှေခါးအတိုင်း အပေါ်ထပ်သို့ တက်သည်။ လှေခါးထိပ်သို့ အရောက်တွင်လည်းကောင်း၊ တခုတည်းသော ထွက်ပေါက်ဖြစ်သော ပြတင်းပေါက်တခုနား အရောက်တွင်လည်းကောင်း ကြက်သီးမွေးညင်း ထမိသည်။

    လေ့လာသင့်သည်များကို လေ့လာပြီး အောက်ထပ်ကို ရောက်သောအခါ ဘယ်သူမှ အိပ်၍ မရဟု ဆိုသည့် အခန်းကို ဝင်သည်။ ဤအခန်းမှာ သိပ်မခန်းနားလှပါ။ အိမ်စေအိမ်စောင့်အခန်း ဖြစ်ရန်သာ ရှိသည်။ သံဃာတော်များသည် သီလပေးခြင်း၊ ပရိတ်တရားတော် ချီးမြှင့်ခြင်း၊ ကမ္မဝါစာ ဖတ်ခြင်းများကို ဆောင်ရွက်ကြသည်။ ထို့နောက် အပေါ်ထပ်ရှိ ဘုရားခန်း၌ အရေးကြီးသည့် စကားများကို အိမ်ရှင်တို့နှင့် ပြောဆိုဆွေးနွေးသည်။ စာရေးသူက ဤအိမ်၌ အိမ်စေမတယောက် ဆုံးခဲ့ဖူးကြောင်း၊ အိမ်စေက အောက်ထပ်က အခန်းတွင် နေပြီး အိပ်ပျော်နေသည့် အချိန်တွင် သူ့အပေါ် အန္တရာယ် ကျရောက်ခဲ့ကြောင်း၊ လုပ်ကြံသူက အောက်ထပ်တံခါးတွေကို အသေပိတ်ထားပြီး ဖြစ်သည့်အတွက် လွတ်ရာလွတ်ကြောင်း အပေါ်ထပ်ကို ပြေးတက်ခဲ့ကြောင်း၊ အပေါ်ထပ် ပြတင်းပေါက်နား အရောက်မှာ ပြန်မိခဲ့ကြောင်း၊ ယင်းနေရာတွင်သာ အသက်ပျောက်ခဲ့ကြောင်း၊ တစ္ဆေမသည် လက်ရှိအိမ်ရှင်ကို အန္တရာယ် ပြုလိုခြင်း မဟုတ်ဘဲ မတရားမှုတခုအတွက် အကူအညီ တောင်းလိုခြင်းသာ ဖြစ်ကြောင်း၊ ဤအမှုကို ဖော်ထုတ်နိုင်မည်ဆိုလျှင် ဤအိမ်၌ တစ္ဆေခြောက်တော့မည်မှာ မဟုတ်ကြောင်း အာမခံသည်ဟု စာရေးက ဘွင်ဘွင်ပင် ပြောသည်။

    အိမ်ရှင်တို့သည် မျက်စိမျက်နှာပျက်လျက် ဤအိမ်၌ အရင်က သူဌေးနှစ်ဆက် နေခဲ့ဖူးကြောင်း၊ ပထမသူဌေးလက်ထက်တွင် သီရိလကာင်္နိုင်ငံ၌ နိုင်ငံရေး မတည်မငြိမ် ဖြစ်နေသည့်အချိန် ဖြစ်ပြီး လုပ်ကြံမှု များစွာ ရှိခဲ့ကြောင်း၊ ပထမအိမ်ရှင် လက်ထက်၌ အိမ်စေမတယောက် မတော်တဆ သေဆုံးခဲ့ပြီး သူ့မိသားစုကို အကြောင်းမကြားတော့ဘဲ သင်္ဂြိုဟ်ခဲ့ကြောင်း၊ ပထမအိမ်ရှင်က ပြောင်းသွားပြီး ဒုတိယအိမ်ရှင်ကလည်း စီးပွားရေးကျလို့ အိမ်ကို စျေးလျှော့ပြီး ရောင်း၍ မိမိတို့ ဝယ်ယူခဲ့မိကြောင်း ပြောပြပါသည်။

    စာရေးသူသည် ကလျာဏီသိမ်ကို ၂၀၁၁-ခု မွန်အမျိုးသားနေ့အတွက် အထိမ်းအမှတ်အဖြစ် သုံးမည်ဟု သိရသောအခါ အထက်ဖော်ပြပါ နေအိမ်၌ ခံစားမိသည့် ခံစားချက်အတိုင်း ခံစားရပါသည်။ ကလျာဏီသိမ်အစ ဒေါပုံမြစ်အတွင်း နစ်မြုပ်နေသည့် ကမ္ဘာ့အကြီးဆုံး ခေါင်းလောင်းအဆုံး ဓမ္မစေတီမင်းတရားကြီးနှင့် ပတ်သက်သမျှ ရှေးဟောင်းပစ္စည်းများသည် လျှို့ဝှက်ချက်ကိုယ်စီ ရှိနေသည်ဟု ထင်မြင်နေမိသည်။ အထက်ပါနေအိမ်၌ ဖြစ်ပျက်ခဲ့သကဲ့သို့ ရာမညတိုင်း၌ မတရားမှုများစွာ ဖြစ်ပေါ်ခဲ့သည်ဟု ပြောပြနေသယောင် ဖြစ်သည်။ ရာမညတိုင်း ဟံသာဝတီ နေပြည်တော် ပဲခူးမြို့၌ ဖြစ်ပွားခဲ့သည့် စစ်၏ အနိဋ္ဌာရုံများ၊ ညှဉ်းပန်းနှိပ်စက်မှုများ၊ လုပ်ကြံသတ်ဖြတ်မှုများ၊ ယုတ်မာပက်စက်မှုများကို တရားသဖြင့် ဖြစ်အောင် အကူအညီ တောင်းနေကြခြင်းလော။ သို့မဟုတ် အောက်ပြည်အောက်ရွာမှ အောက်သူအောက်သားများသည် မိမိတို့၏ မျိုးနွယ်အစစ်အမှန်ကို မေ့လျက် နှစ်ပေါင်းထောင်ချီ တည်ရှိခဲ့သော ရာမညသားတို့၏ အမွေအနှစ်ကို ပစ်ပယ်မိ၍ သတိပေးလိုခြင်းလော။ သို့မဟုတ် ရှေ့ဆက်နှစ်များ၌ ရာမညတိုင်းသားတို့အတွက် ကျိန်စာကုန်၍ ဘုန်းကံထွန်းတောက်မည့်ကိန်း ဆိုက်မည်လော။

    ဓမ္မစေတီမင်းကြီးသည် သူ၏ ပရိဘောဂနှင့် ရှေးဟောင်းပစ္စည်းများကို ထိပါးသူများ လက်မှ ကာကွယ်နေခြင်းမှာ မည်သည့်အကြောင်းကြောင့်နည်း။ သူ၏ ရာမညတိုင်းသားတို့အား မည်သည့်အတိတ်နိမိတ်ကို ဆောင်ကျဉ်းပေးချင်သနည်း။ ကောင်းသော အတိတ်နိမိတ်လော။ မကောင်းသော အတိတ်နိမိတ်လော။ သေချာသည်မှာ ဓမ္မစေတီမင်း ကြီးသည် မွန်-မြန်မာ ချစ်ကြည်ရေးကို တည်ဆောက်နိုင်ခဲ့သူ ဖြစ်ပြီး မြန်မာကျောက်စာကို ရေးထိုးခဲ့သည့် တပါးတည်းသော မွန်ဘုရင် ဖြစ်သည်။

    ဤမျှ သဘောထားကြီးခဲ့သော ဘုရင်နှင့် ဆက်စပ်သည့် ပရိဘောဂများ၊ ရှေးဟောင်းပစ္စည်းများ ကျိန်စာမိနေခြင်း၏ နောက်၌ ကြီးမားသော အကြောင်းတရားတခု ရှိနေမည်မှာ မုချဖြစ်သည်။ ပို၍ သေချာသည်မှာ ယင်းအကြောင်းတရားများသည် ဓမ္မစေတီ မင်းတရားကြီး၏ ဘဝဖြစ်စဉ်၌ အကျုံးဝင်နေမည် ဆိုသည့်အချက် ဖြစ်သည်။ ယင်းအကြောင်းတရားကို ဖော်ထုတ်ရမည်မှာ ရာမညတိုင်းသား အောက်သူအောက်သားများ၏ တာဝန် ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts