မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / စောင့်မျှော်ကာ နေပါ့မယ်

စောင့်မျှော်ကာ နေပါ့မယ်

ရေးသားသူ:

မင်းတော်လ၀ီ – ဥပုသ်နေ့မို့ ကျိုက္မရောမြို့နယ် နိတုံရွာသားများ ဥပုသ်သီလဆောက်တည်ရန်နှင့် ရွေး ကောက်ပွဲအနိုင်ရရှိထားသည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအမတ်များ မိမိတို့ ၀င်ရောက်အရွေးခံသည့်မဲဆန္ဒနယ်များမှ ပြည်သူများကို လာရောက်တွေ့မည့်ရက်လည်း ဖြစ်၍ ရွာလယ်ရှိ ဘုန်တော်ကြီးကျောင်းမှာ ပရိသတ်များနှင့် ပြည့်နေသည်။ရွေးကောက်ပွဲအနိုင်ရရှိထားသည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအမတ်များသည် မိမိတို့ ၀င်ရောက်အရွေးခံသည့်မဲဆန္ဒနယ်များတွင် ကွင်းဆင်းကာ ပြည်သူ့ဆန္ဒကို လိုက်လံကောက်ခံပြီး လယ်ယာမြေအသိမ်းခံရမှုကို အရေးဆိုပေးရန်နှင့် မြေယာပိုင်ဆိုင်ခွင့် ရရေးအတွက် တင်ပြတောင်းဆိုပေးရန် ပြည်သူများက တင်ပြခဲ့ကြသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေနှင့် တင်ပြလာသည့်မွန်ပြည်သူ့ဆန္ဒများအနက် လယ်ယာအသိမ်းခံရမှုကို လွှတ်တော်တွင် အဓိက အဆိုပြုသွားမည်ဖြစ်ပြီး မွန်ပြည်သူလိုလားသည့် ပညာရေး စီးပွားရေးကဏ္ဍကိုလည်း တင်ပြသွားမည်ဟု ဂတိပေး ပြောကြားသွားသည်။

တကယ်တော့ ကျိုက္မရောမြို့နယ် နိတုံ၊ ကော့ဒွန်း၊ ကော့ပနော၊ ကွမ်ငန်း စသည့်ကျေးရွာရှိ တောင်သူလယ်သမားများသည် အာဏာရှိလူတစုနှင့် ဓနအင်အားကိုနောက်ခံပြုထား သည့်ကုမ္ပဏီများက ၄င်းတို့ကိုယ်ကျိုး စီးပွားသက်သက် ဘိလပ်မြေစက်ရုံအတွက် လယ်သ မားများလုပ်ခွင့်ရ လယ်မြေများကို သိမ်းပြီး၊ သိမ်းဆဲ ပြုလုပ်နေချိန်လည်းဖြစ်သည်။

လယ်သမားများ အားကိုးရာမဲ့၀မ်းနည်းပက်လက်ဖြစ်နေသည့်အချိန်မှာ မွန်ဒေသ လုံးဆိုင်ရာ ဒီမိုကရေစီပါတီအမတ်များသည် ပြည်သူများ တွေ့ကြုံခံစားနေရသည့် ဒုက္ခကို ၀ုိင်း၀န်းဖြေရှင်းပေးရန် ယခုကဲ့သို့ကွင်းဆင်းလာခြင်းသည် မျက်ဖြူဆိုက်နေသည်လူနာကို အသက်ကယ်ဆေး တိုက်ကျွေးပေးလိုက်သလိုပါဟု နိတုံရွာသားများက ပြောသည်။

မွန်ပြည်နယ် ကျိုက္မရောမြို့နယ် နိတုံရွာမှာဘိလပ်မြေစက်ရုံမြေနေရာ၊ ၀န်ထမ်းအိမ်ယာ၊ သို လှောင်ရုံနှင့် ကားရပ်မည့်နေရာအတွက် မြေဧက လေးရာခန့်ကို သိမ်းယူဖို့ ဇေကမ္ဘာကုမ္ပဏီ နှင့် လယ်သမားတွေ နိတုံရွာတိုက်ကျောင်းကြီးမှာ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဆွေးနွေးပြီး လျှော်ကြေးငွေပေးရေးကိစ္စ ညှိနှိုင်းကြသည်။ လယ်မြေအတွက် လျှော်ကြေးငွေကိုလက်ခံသည့် လယ်သမားကနည်းပြီး လက်မခံသည့် လယ်သမားက များသည်ဟု နိတုံရွာသားတစ်ဦးက ပြောသည်။

“ငွေယူတဲ့လယ်သမားတွေ ပညာဗဟုသုတနည်းတော့ ကုမ္ပဏီကလူတွေကိုကြောက်နေ ကြတယ်၊ လယ်သိမ်းရင် လယ်သမားဘက်ကခုခံကာကွယ်ဖို့ ဥပဒေရှိတယ်၊ လယ်မြေဟာ လယ်သမားတွေအတွက် လယ်လုပ်ဖို့အဓိကပဲ အခြားနည်းသုံးတာမှမဟုတ်ဘဲ” ဟု ၄င်းရွာ သားက ဆက်ပြောသည်။

ဘိုးဘွားလက်ထက်အဆက်ဆက်က အမွေဆက်ခံလုပ်ကိုင်လာသည့် လယ်မြေတန်ဖို့ကိုသိသည့် လယ်အသိမ်းခံရသည့် နိတုံရွာသားတစ်ဦးက “မျိုးရိုးစဉ်ဆက် နှစ်ပေါင်းရာချီ လက်ဆင့်ကမ်းလုပ်ကိုင်လာတာ ဘယ်လိုလုပ်ပြီး တစ်ဧကကို ငွေသုံးသိန်းခွဲနဲ့လဲပြီ ဒီလယ်ကို ထိုးအပ်ပေးရမှာလဲ။ ငွေသုံးသိန်းခွဲမပြောနဲ့ သိန်းသုံးရာလည်း မပေးနိုင်ဘူး”။

သို့ပေမယ့် “အစိုးရနဲ့ညှိလာပြီးပြီ အစိုးရပိုင်တဲ့မြေကို အစိုးရကယူရင် ပေးရမယ်တဲ့၊ အစိုးရက သနားလို့လျှော်ကြေးပေးရင် တစ်သောင်းနှစ်သောင်းပဲရ မယ်၊ အခု ကုမ္ပဏီက သုံးသိန်းခွဲတောင်ပေးတယ်ဆိုတာ အလွန့်အလွန်တန်ပါတယ်၊ အစိုးရက အတင်းသိမ်းသွားရင် တစ်ပြားမှမရဘဲ ဖြစ်သွားမယ်” ဟု ဇေကမ္ဘာကုမ္ပဏီက ပြောသည်။

လယ်မြေ၏တန်ဖိုးကို လယ်သမားမှလွဲ၍ မည်သူမှမသိနိုင်။ မြေ၏တန်ဖိုးကြီးမားပုံကိုကြည့်ရင် မြေကြီး၏ကြီးမြတ်သည့်ဂုဏ်နှင့်တွဲပြီး လူ့ဂုဏ်၏တန်ဖိုးကကြီးမြင့်လာသည်။ မြေကြီး သနင်းမင်းတဲ့၊ မြေထုပမာမေတ္တာ၊ မြေကြီးကရွှေသီး၊ မဟာပထ၀ီမြေကြီးကိုသက်သေတည်၊ မြေရှင်ကြီး စသည့်မြေကြီး၏ဂုဏ်ပုဒ်နှင့်တွဲပြီး လူ့ဂုဏ်ကို မြင့်စေသည်ဟု အသက် ၈၀ အရွယ်ရှိ နိတုံရွာ အဖိုးအိုတစ်ဦးက ပြောသည်။

သို့သော် မြေကြီးနှင့်ရင်းပြီး ပြည့်ရိက္ခာကို ထုတ်လုပ်ပေးနေသူ၊ မြေကြီးက ရွှေသီးလာအောင် လုပ်ပေးနေသူ လယ်သမားများမှာတော့ မြေရဲ့ဂုဏ်နှင့်တွဲပြီး ၄င်းတို့ဂုဏ်ကိုတင့်ဖို့၊ မြင့်ဖို့ ခေတ်အဆက်ဆက်ကလည်း အခွင့်အရေး မရရှိခဲ့ကြပါဘူး။ ချီးမြှင့်ပေးမည့်သူလည်း မရှိကြပါဘူး။ မြေရှင်ကြီး၊ လယ်ပိုင်ကြီးလိုဘွဲ့မျိုးကိုမဆိုထားနှင့်၊ လယ်လုပ်ခွင့်ကိုတောင် မနည်းကြိုးပမ်းလုပ် ဆောင်နေကြရတဲ့သူတွေပါ၊ ကံမကောင်းအကြောင်းမလှလျှင် အချုပ်ထဲကိုတောင် ရောက်ပြီး လယ်လုပ်ခွင့်ပါ အဆုံးရှုံးခံလိုက်ရသည့် လယ်သမားများ ဒုနှင့်ဒေးပါ ဟု မဆလခေတ် န၀တ၊ နအဖ ခေတ်အထိ တာ၀န်ကျေစပါးပေးသွင်းခဲ့ရသည့် လယ်သမားတစ်ဦးက ပြောသည်။

လယ်သမားများအနေဖြင့် လယ်ရှင်၊ မြေရှင်ဘ၀အဖြစ် အမည်မခံခဲ့ရသော်လည်း ဗြိတိသျှကိုလိုနီစနစ်အောက်တွင် လယ်ယာမဲ့ဘ၀၊ ချစ်တီးကုလား၏လယ်ကူလီဘ၀ဖြစ်ခဲ့ရသလို စစ်အာဏာရှင်အုပ်စိုးသည့် ၁၉၆၂ ခုနှစ်မှ ယခုအချိန်ထိ ၁၉၆၃ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးဥပဒေ၊ လယ်ယာမြေ သီးစားချဥပဒေ စသည့် ဥပဒေကြောင့် လယ်သမားများပိုင်ဆိုင်သည့်လယ်မြေသည် နိုင်ငံတော်မှပိုင်ပြီး လယ်သမားက လယ်လုပ်ခွင့်သာရ၍ လယ်စာရင်းငှားဘ၀သို့ ရောက်သွားရသည်။

၄င်းအပြင် ၁၉၈၈ ခုနှစ်မှာတက်လာသည့် စစ်အစိုးရလည်း ၂၀၀၃ ခုနှစ်အထိကို စပါးဒိုင်သို့ တာ၀န်ကျေစပါး သွင်းစေခဲ့သည်။ ၂၀၀၃ နောက်ပိုင်း နိုင်ငံတော်က စပါးမ၀ယ်တော့ဟု စစ်အစိုးရက ကြေညာခဲ့သည်။ သို့သော် စစ်တပ်မှ စေတနာစပါး တပ်ရိက္ခာစပါးဟု အမည်အမျိုးမျိုးတပ်ပြီး လယ်သမားထံမှ စပါး ကောက်ခံနေပြန်သည်။

၄င်းအပြင် စိုက်ဧကတိုးချဲ့ရေး၊ လယ်ယာထုတ်ကုန် မြင့်မားရေး၊ မြေသယံဇာတ မြေလွတ်မြေလပ် မြေရိုင်းဖေါ်ထုတ်ရေး၊ ခေတ်မီလယ်ယာစနစ်ကူးပြောင်းရေး စသည့်လုပ်ငန်းများကို ဗိုလ်ချုုပ်ကြီးများ၊ ၄င်းတို့နှင့်နီးစပ်သည့်အသိုင်းအ၀ုိင်းတို့က တိုင်းရင်းသားလုပ်ငန်းရှင် အမည်ခံကာ လုပ်ကိုင်ခွင့်ရရှိကြသည်။ ၄င်းတို့စီမံကိန်းဧရိယာအတွင်းရှိ လယ်သမားများပိုင် မြေများပါ အနိုင်ကျင့်သိမ်းယူခြင်း များစွာရှိခဲ့သည်။

“လယ်ယာမြေကို လယ်သမားများပိုင်ခွင့်မရှိအောင် ဥပဒေပြုထားတယ်၊ နောက်ပြီး စစ်အစိုးရက မျက်နှာသာပေးထားတဲ့ လုပ်ငန်းရှင်တွေကနေ လယ်ယာစိုက်ပျိုး ထုတ်လုပ်ကူးသန်း ရောင်း၀ယ်ရေးမှာ လက်၀ါးကြီးအုပ်ထားတော့ လယ်သမားစစ်စစ်က ဘာအခွင့်အရေမှ မရဘူး၊ အခုမှ လယ်ကျွန်ဘ၀လုံးလုံးဖြစ်ရပြီ” ဟု ကျိုက္မရောမြို့နယ် ခရုံဂူကွင်း၌ လယ်ဧကတစ်ထောင် တိုးချဲ့စဉ် လယ်ဧက ၂၀ အသိမ်းခံရသည့် ဘာဘူကုန်းရွာ လယ်သမားတစ်ဦးက ပြောသည်။

၁၉၉၅ ခုနှစ်နောက်ပိုင်းကာလများတွင် မွန်ပြည်နယ် ရေးမြို့နယ်ဒေသများ၌ မြန်မာစစ်တပ်အခြေစိုက်နေရာယူလာကာ ၁၉၉၈ – ၂၀၀၂ ခုနှစ်များတွင် မွန်ဒေသအတွင်းရှိ စပါး၊ ရော်ဘာ၊ ကွမ်းသီးခြံနှင့် အခြားဥယျာဉ်ခြံအမျိုးမျိုးမှ ဧကပေါင်း ရှစ်ထောင်ကျော် သိမ်းယူပြီး မြေပိုင်ရှင်များကိုမူ လျှော်ကြေးတစုံတရာ မပေးခဲ့ပ။ ၂၀၁၀ ခုနှစ်အထိ မြေဧကစုစုပေါင်း ၁၂၀၀၀ ကျော် သိမ်းထားပြီဖြစ်သည်။ ၄င်းအပြင် စစ်အစိုးရ၏ စီးပွားရေးထောက်တိုင်ကုမ္ပဏီများသည် တရား၀င်လယ်လုပ်ခွင့်ရရှိထားသည့် လယ်သမားများ၏လယ်ကိုတောင် ၄င်းတို့ကုမ္ပဏီအကျိုးအတွက် ကျိုက္မရောမြို့နယ် နိတုံရွာလယ်သမားများထံမှ လယ်မြေကိုသိမ်းယူရန် သိမ်းယူဖို့စည်းရုံးရေးနည်းလမ်းနှင့်တမျိုး ခြိမ်းခြောက်မှုနည်းလမ်းနှင့်တသွယ် ဇေကမ္ဘာကုမ္ပဏီက လုပ်နေတယ်ဟု မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ၀င်ဟောင်းတစ်ဦးက ပြောသည်။

ဇေကမ္ဘာကုမ္ပဏီနည်းတူ အခြားကုမ္ပဏီတစ်ခုကလည်း ပျားတောင်ဘိလပ်မြေစက်ရုံစီမံကိန်း အတွက် မြေနေရာရယူရန် လူဆယ်ဦးပါ၀င်သည့်အဖွဲ့က ကော့ဒွန်း၊ ကော့ပနော၊ ပေါက်တောနှင့် ကွမ်ငန်းရွာ အနီးအနားရှိ လယ်မြေခြံမြေများကိုလိုက်လံတိုင်းတာနေသည်။ ဘာအတွက်တိုင်းတာလဲဟု မေးသည့်အခါ အထက်ကခိုင်းသည်ဟု ကော့ဒွန်းရွာသားတစ်ဦးက ပြောပါသည်။

တကယ်တော့ လယ်သမားဘ၀က ခေတ်အဆက်ဆက် အဖိနှိပ်ခံဘ၀နှင့် ရှင်သန် ရပ်တည်လာခဲ့ရသည်။ လယ်သမားအကျိုးကိုု တောင်းဆိုတိုက်ပွဲ၀င်ပေးခဲ့သည့် လယ်သမား ခေါင်းဆောင် ဆရာစံခေတ် ပြီးခဲ့သည့်နောက် လယ်သမားအခွင့်အရေးအတွက် ထူးခြားပြောင်မြောက်စွာ ဆောင််ရွက်ပေးသူူမပေါ်ပေါက်တော့ပါ။ ၁၉၆၂ ခုနှစ်မှစပြီ ယနေ့အထိ စစ်အာဏာရှင်အောက် ကျရောက်ခဲ့သည့် လယ်သမားများဘ၀ကား ပြည်သူလူထုဘ၀ နည်းတူပင် ဖြစ်သည်။

သို့သော် လယ်လုပ်သူူလယ်ပိုင်ခွင့် ဥပဒေတရပ် ပေါ်ပေါက်ရေးအတွက် ကျင်းပမည့်လွှတ်တော်သစ်မှာ အဓိကအချက်အဖြစ် မွန်အမတ်များက တင်ပြတောင်းခံသွားမည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်းက ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ပြောခဲ့သည်။

ဤကဲ့သို့တောင်းရခြင်းမှာ “မွန်ပြည်နယ်တွင်းက လယ်သမားများအကျိုးအတွက်သာမဟုတ်ဘူး၊ တစ်နိုင်ငံလုံးက တောင်သူလယ်သမားတွေအတွက်ပါပဲ” ဟု နိုင်ငွေသိန်းက ဆက်ပြောသည်။ နိုင်ငွေသိန်း ပြောကြားသည့်အကြောင်းသည် လယ်သမားများ အထူးလိုလားတောင့်တနေသည့် အခွင့်အရေးလည်းဖြစ်သည်။ အထူးသဖြင့် ရေး၊ မုဒုံ၊ သံဖြူဇရပ်၊ ချောင်းဆုံ၊ ပေါင် နှင့် ကျိုက္မရောမြို့နယ်များမှ လယ်သမားထုက လှိုက်လှိုက်လှဲုလှဲု ထောက်ခံနေကြသည်ဟု ပေါင်မြို့နယ် ဇင်းကျိုက်ရွာက လယ်လုပ်နေသူ အငြိမ်းစားစိုက်ပျိုးရေး၀န်ထမ်းတစ်ဦးက ပြောသည်။

လယ်လုပ်သူလယ်ပိုင်ခွင့်ဥပဒေတရပ် ပေါ်ပေါက်လာရေးအတွက် လွှတ်တော်မှာတောင်း ဆိုမည်ဟု နိုင်ငွေသိန်ပြောဆိုမှုအပေါ် “၂၀၀၈ ဖွဲ့စည်းပုံမှာ အတည်ပြုထားတဲ့ မြေသယံဇာတကို နိုင်ငံတော်ကပိုင်တဲ့အချက် တောင်းရင် ရဖို့ကလွယ်သေးဘူး၊ လွှတ်တော်မှာတောင်းမဲ့အကြောင်းကို ကြိုတင်ရဦးမယ်၊ တောင်းပြီးရင် ကိုယ့်ဘက်က အများ စုထောက်ခံဖို့လိုတယ်’’ ဟု လယ်သမားအရေး ကူညီဆောင်ရွက်ပေးနေသည့် ပဲခူးမြို့ လမ်းပြကြယ်အဖွဲ့မှ ရှေ့နေ ဦးအေးမြင့်က ပြောသည်။

မည်သို့ပင်ဖြစ်စေ လွှတ်တော်ကိုယ်စားလှယ်များ တောင်းဆိုပေးသည့်အခွင့်အရေးများကို အပြည့်အ၀ မရသည့်တိုင် အတိုင်းအတာတခုအထိ ရရှိလာလျှင်ပင် လယ်သမားထုအနေဖြင့် စောင့်မျှော်ကာ နေပ့ါမည်။

About မွန်သတင်းအေဂျင်စီ

Check Also

အခင်းအကျင်းအသစ်အတွက် အစပျိုးမှုတည့်မှန်ရေး

မွန်ပါတီများပေါင်းစည်းရေး ကြိုးပမ်းမှုဖြစ်မလာတော့တဲ့ အနေအထားမှာ နှစ်ပါတီပေါင်းစည်းရေး ကိုလိုလားတဲ့ နှစ်ဘက်ပါတီက နှုတ်ထွက်တဲ့ ပါတီဝင်အချို့တွေ၊ အမျိုးသားရေး စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်တချို့တွေ၊ ကနဦး ဦးဆောင်ပြီးတော့ “ရာမညအင်အားစု” ဆိုတဲ့ …

%d bloggers like this: