spot_img
Thursday, March 28, 2024
More
    spot_img
    Homeသတင်းမွန်ပြည်သစ်ကို သောင်းကျန်းသူဟု စစ်အစိုးရ ပြန်သုံး

    မွန်ပြည်သစ်ကို သောင်းကျန်းသူဟု စစ်အစိုးရ ပြန်သုံး

    -

    လွတ်လပ်သော မွန်သတင်း အေဂျင်စီ – လွှတ်တော်အစည်းအဝေးများ ခေါ်ယူနေစဉ် ဖေဖေါ်ဝါရီလ ၄ ရက်နေ့တွင် စစ်အစိုးရ မြန်မာ့အလင်းသတင်းစာ၌ မွန်ပြည်သစ်ပါတီအား လက်နက်ကိုင် သောင်းကျန်းသူဟု ၁၉၉၅ ခု အပစ်ရပ်ပြီးနောက်ပိုင်း ၁၆ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် ပြန်လည်သုံးနှုန်းရေးသားသည်။

    မွန်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ဓာတ်ပုံ- လွတ်လပ်သောမွန်သတင်းအေဂျင်စီ)

    “မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ မယ်တရိုကျေးရွာ၌ ဇန်နဝါရီလ ၃၁ ရက် ညပိုင်းတွင် မွန်သောင်းကျန်းသူအဖွဲ့ နှစ်ဖွဲ့ ပစ်ခတ်မှု ဖြစ်ပွားရာ အပြစ်မဲ့ ပြည်သူတစ်ဦး သေဆုံးသွားခဲ့ကြောင်း” သတင်းစာတွင် ရေးသားထားသည်။

    ပစ်ခတ်မှုအတွင်း ကျေးရွာဥက္ကဌ၏ ဖခင် သေဆုံးခဲ့သည်မှာ မှန်ကန်ကြောင်း သို့သော် မည်သည့်အဖွဲ့မှ ပစ်ခတ်၍ သေဆုံးခဲ့သည်ကို မသိရှိသေးကြောင်း မွန်ပြည်သစ်ပါတီက ပြောသည်။

    သတင်းစာတွင် တဖွဲ့မှာ မွန်ပြည်သစ်ပါတီမှ တပ်ခွဲမှူးအဆင့်ရှိ ဘကျော် ဦးစီးသည့်အဖွဲ့ဟု ဖေါ်ပြထားပြီး ကျန်တဖွဲ့မှာ တပ်စုမှူးအဆင့်ရှိ ကိုရင်လေး (ခ) ကွန်ဟပွေး ဦးစီးအဖွဲ့ဟုသာ ဖေါ်ပြထားပြီး မည်သည့်အဖွဲ့ ဖြစ်သည်ကို ဖေါ်ပြထားခြင်း မရှိပေ။

    “မထူးဆန်းပါဘူး၊ သူတို့ ဒီလိုပြောလာလိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ထားပြီးသားပဲ၊ ဒါပေမဲ့ နည်းပရိယာယ်တခုအနေနဲ့ ပေါ်ပေါ်လွင်လွင် သူတို့ မပြောခဲ့ဘူး။ ဒီနေ့တော့ သူတို့ရဲ့ ရင်ထဲက စကားလုံးတွေ ပေါ်လွင်လာပြီ” ဟု မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။ အပစ်ရပ်စဉ် ကာလအတွင်းတွင် မွန်ပြည်သစ်အား ငြိမ်းချမ်းရေးအဖွဲ့ဟု သုံးနှုန်းခဲ့သည်။

    ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ စ၌ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပျက်ပြားခဲ့ပြီ ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ လက်ခံထားသည်။

    ယခင် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သက်နိုင်ဝင်းက မွန်ပြည်သစ်ပါတီအား စက်တင်ဘာလ ၁ ရက်နေ့ နောက်ဆုံးထား၍ လက်နက်စွန့်လွှတ်ရမည် ဖြစ်ကြောင်း၊ လက်နက်မစွန့်လွှတ်ပါက ယခင်လက်နက်ကိုင် သောင်းကျန်းသူအဖြစ် သတ်မှတ်ပြီး ဥပဒေအရ တရားဝင် ဆက်ဆံခြင်း ပြုမည် မဟုတ်ကြောင်း ပြောကြားခဲ့ပြီး ထိုရက်တွင်ပင် မွန်ပြည်သစ်ပါတီကလည်း လက်နက်မစွန့်လွှတ်နိုင်ကြောင်း ပြန်လည်အကြောင်းကြားခဲ့သည်။

    စစ်အစိုးရက မမှန်သတင်းများ ထုတ်ကာ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များကို အပုပ်ချပြီး နိုင်ငံရေး အမြတ်ထုတ်တတ်ကြောင်း နိုင်ဟံသာက ပြောသည်။

    မွန်ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့ စစ်အစိုးရထံ ဒုတိယအကြိမ် လက်နက်အပ်သည့် သတင်းကို “လက်နက်ကိုင်လမ်းစဉ်အပေါ် အယုံအကြည် မရှိသော မွန်ပြည်သစ်ပါတီမှ တပ်ဖွဲ့ဝင်အချို့  နိုင်ရှောင် ဦးဆောင်သည့် မွန်ငြိမ်းချမ်း ကာကွယ်ရေးတပ်ဖွဲ့ထံ ပူးပေါင်းပြီး ဒီဇင်ဘာလ ၁ ရက်နေ့တွင် တပ်ဖွဲ့ဝင် ၁၀၁ ဦး လက်နက်ငယ်မျိုးစုံ ၂၂ လက်နှင့်အတူ ပူးပေါင်းလာကြောင်း” ၂၀၁၀ ခု ဒီဇင်ဘာလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ရေးသားခဲ့သည်။

    ထိုစဉ်ကလည်း မွန်ပြည်သစ်ပါတီက သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး သတင်းစာပါ အကြောင်းအရာများ မမှန်ကန်ကြောင်း ငြင်းဆိုခဲ့သေးသည်။

    အလားတူ ယခင်အပစ်ရပ်အဖွဲ့ တခု ဖြစ်သည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) ၏ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သော ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ကိုလည်း ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ထုတ် စစ်အစိုးရသတင်းစာတွင် သောင်းကျန်းသူအဖွဲ့ဟု သုံးနှုန်းရေးသားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,500SubscribersSubscribe
    spot_img

    Latest posts