မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / အမြင်နှင့်သုံးသပ်ချက် / ပင်လုံတဖန် ရှင်သန်လာခြင်း

ပင်လုံတဖန် ရှင်သန်လာခြင်း

ရေးသားသူ:

ရွှေဟင်္သာ – ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းကို တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးအင်အားစုခေါင်းဆောင်များ၊ ဒီမိုကရေစီ ရရှိရေးအတွက် လှုပ်ရှားသူများ စုပေါင်းပြီး ၂ဝ၁ဝ ခု၊ အောက်တိုဘာလ (၂၄) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုသို့ထုတ်ပြန်လိုက်သည့်အချိန်က စပြီး ပင်လုံညီလာခံ၊ ပင်လုံသဘောတူညီချက်၊ ပင်လုံစိတ်ဓာတ် စသည်ဖြင့် ပင်လုံသည် မြန်မာ့နိုင်ငံရေးလောကတွင် တဖန်ရှင်သန်ထင်ရှားလာသည်။

ပင်လုံဟူသော ဝေါဟာရသည် အမှန်အားဖြင့် မြို့ငယ်လေးတမြို့၏ နာမည်မျှသာ ဖြစ်သည်။ ၁၉၄၇ ခု၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် မြေပြန့်ဒေသ ကိုယ်စားပြုသူ ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသများကို ကိုယ်စားပြုသူ ချင်း၊ ကချင်၊ ရှမ်း ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေး၍ အတူတကွ လွတ်လပ်ရေး ရယူပြီး ပြည်ထောင်စုအသွင်ဖြင့် နိုင်ငံတခု ထူထောင်ရန် သဘောတူလက်မှတ် ရေးထိုးခဲ့ကြသော နေရာမြို့ကလေး ဖြစ်သည်။

ထိုအဖြစ်အပျက်ကို အခြေခံပြီး ပင်လုံသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ စည်လုံးညီညွတ်ရေးကို ကိုယ်စားပြုသည့် မှတ်တိုင်တခု ဖြစ်လာသည်။ ထိုတိုင်းရင်းသား စည်းလုံးညီညွတ်ရေးမှ ပြည်ထောင်စုကို တည်ဆောက်နိုင်ခဲ့သဖြင့် ပြည်ထောင်စု၏ အမြုတေလည်း ဖြစ်သည်။ ထို့ကြောင့်လည်း မြန်မာ့နိုင်ငံရေးတွင် အလွန်အရေးပါသော နေရာတခု ဖြစ်ခဲ့သည်။

သို့သော် ပင်လုံသည် ဂုဏ်သိက္ခာ အရှိန်အဝါဖြင့် ရှင်သန်ခွင့်မရခဲ့။ ၁၉၄၇၊ ဇူလိုင်လ (၁၉) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံခံရပြီးနောက် အရိပ်အာဝါသ ကောင်းသည့် သစ်ပင်ကြီးတပင် သင်းသတ်ခံရသလို ခံလိုက်ရသည်။

လူများစု ဖြစ်သည့် ဗမာလူမျိုးစု အသိုင်းအဝိုင်းကို ကိုယ်စားပြု လက်မှတ်ရေးထိုးခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း မရှိတော့သည့်နောက် ဗိုလ်ချုပ်အောင်ဆန်း တာဝန်ယူ ကတိပြုခဲ့သော သဘောထားများကို အခြားသော ဗမာခေါင်းဆောင်များက ချောင်ထိုး ဖျောက်ဖျက်ခဲ့ကြသည်။ ထို့ကြောင့် ပင်လုံသည် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ နာမည်သာ ကျန်ပြီး အရိပ်အာဝါသ မရှိသော သစ်ခြောက်ပင်ကဲ့သို့ ဖြစ်ခဲ့ရသည်။

ယနေ့သည် ပင်လုံဟူသော သစ်ခြောက်ပင်၏ လက်ကျန်ငုတ်တို ခြေရင်းမှ အစို့အညှောက်တခု ပေါက်ထွက်လာပြီး အားကောင်းမောင်းသန်ဖြင့် ကြီးပြင်းရန် တာစူလာနေပြီ။ ဤသည်ကို ဒုတိယပင်လုံ ခေါ်ယူရေး ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းက စတင်လိုက်သည်။ ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းသည် တိုတိုနှင့်ကျဉ်းကျဉ်း လိုရင်းကိုသာ ရေးထားပြီး အဓိပ္ပါယ်ပြည့်စုံသည်။ ၄င်းကို မတွေ့ရသေးသူများ သိရှိရန် ထပ်မံဖော်ပြလိုက်ပါသည်။

ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်း

ရက်စွဲ။                      ။ ၂၄၊ ၁ဝ၊ ၂ဝ၁ဝ

ကလေးမြို့၊ ဇိုမီးအမျိုးသား ကွန်ဂရက် (၂၂) နှစ်မြောက် အခမ်းအနားတွင် တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေး အင်အားစု ခေါင်းဆောင်များ၊ ဒီမိုကရေစီ ရရှိရေး လှုပ်ရှားသူများ ပေါင်းစည်း၍ အောက်ပါဆုံးဖြတ်ချက်ကို သဘောတူလက်မှတ် ရေးထိုးကြပါသည်။

၁။ တိုင်းရင်းသား ပြည်သူတရပ်လုံး လိုလားတောင့်တသော အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ရည်မှန်းချက်များကို မှန်ကန်သော ဦးဆောင်မှု၊ ညီညွတ်သော အင်အားဖြင့် ဆက်လက်ဆောင်ရွက်သွားကြမည်။

၂။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ကျင်းပသော ၂ဝ၁ဝ ရွေးကောက်ပွဲ၏ နိုင်ငံရေး အခင်းအကျင်းနှင့် ရလဒ်သည် ပြည်သူလူထု လိုလားသော ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အပြောင်းအလဲတစ်ရပ် ဖြစ်ပေါ်လာမည် မဟုတ်ပေ။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုဖြင့် ဒီမိုကရေစီလိုလားသော တိုင်းရင်းသား ပြည်သူအားလုံး ညီညွတ်ရေးမှ အမျိုးသား ပြန်လည်သင့်မြတ်ရေးသို့ ဦးတည်သော တွေ့ဆုံဆွေးနွေးရေးကို ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်သည်။

၃။ တိုင်းရင်းသား ပြည်သူလူထုအားလုံး မှီတင်းနေထိုင်သော မြန်မာနိုင်ငံကို တစ်ပြည်ထောင်စနစ်လည်း မဟုတ်၊ ခွဲထွက်ရေးစနစ်လည်း မဟုတ်၊ ဒီမိုကရေစီနှင့် လူမျိုးတိုင်း တန်းတူအခွင့်အရေးကို အခြေခံသော ဖက်ဒရယ် ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်ရန် တိုင်းရင်းသား ပြည်သူအားလုံး အတူတကွ လက်တွဲပြီး ဒုတိယပင်လုံညီလာခံ ခေါ်ယူကျင်းပသွားကြရမည်။ ထိုညီလာခံကြီးကို အမြန်ဆုံး ကျင်းပရန်လည်း တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက အစဉ်ကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်သည်။

အထက်ပါ ဆုံးဖြတ်ချက်ကို တညီတညွတ်တည်း စုပေါင်းကြိုးပမ်းကြရန် သံဓိဌာန်ပြုပါသည်။

ပါဝင်လက်မှတ်ရေးထိုးထားသူများမှာ (NLD) မှ ဦးတင်ဦး၊ ဦးဝင်းတင်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့မှ နိုင်ထွန်းသိန်း၊ နိုင်ငွေသိမ်း၊ ကရင်အမျိုးသား ကွန်ဂရက်မှ စောဟာရီ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ စိုင်းရွှေကြူး၊ ဝါရင့်နိုင်ငံရေးသမားကြီးများအဖွဲ့မှ ရွှေတောင်ဦးအုန်းမောင်၊ သခင်သိန်းမောင်နှင့် ဦးညွန့်သိန်း၊ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (UNLD) မှ ဦးထောင်ကိုထန်း၊ ဒေါက်တာအောင်တင်ဦးတို့ ပါဝင်သည်။ စာတမ်းတခုတွင် လူ (၁ဝ၉) ဦး ပါဝင်လက်မှတ်ထိုးထားသည်ဟု ဖော်ပြထားပါသည်။

နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်လာသည်။ (၁၄) ရက်နေ့ ပြည်သူလူထုအား စကားပြောရာတွင် အမျိုးသား ရင်ကြားစေ့ရေး သဘောထားကို အနာဂတ် အစီအစဉ်အတွက် အလေးထားပြီး ပြောကြားလာသည်။

အမျိုးသား ရင်ကြားစေ့ရေး ဆိုသည်မှာ ဗမာအပါအဝင် တိုင်းရင်းသား လူမျိုးအချင်းချင်းအကြား၊ အုပ်စိုးသူနှင့် အုပ်စိုးခံ ပြည်သူများအကြား၊ ကိုးကွယ်ယုံကြည်မှု ဘာသာမတူ ကွဲပြားသူများအကြား၊ လူတန်းစား လူ့အလွှာများအကြား အချင်းချင်း အထင်မှား အမြင်မှား ပြဿနာအဖြစ် အပြစ်မြင်နေသည်များကို ဖြေလျှော့၍ ပြန်လည်သင့်မြတ်လာရေးကို ဆိုလိုရင်း ဖြစ်သည်။ ဤသည်မှာ မတိုင်ပင်ရပဲနှင့် ကလေးမြို့ ကြေညာချက်နှင့် ဦးတည်ချက်ခြင်း တူညီနေခြင်း ဖြစ်သည်။ ထိုသို့တူညီနေခြင်းမှာ သာမာန်တိုက်ဆိုင်မှု မဟုတ်၊ အမြင်တူ စေတနာခြင်းတူနေသောကြောင့် ဦးတည်ချက်ခြင်း တူညီရခြင်း ဖြစ်သည်။

(၁၆) ရက်နေ့တွင် ဒေါ်စုနှင့် လွှတ်တော်ကိုယ်စားပြု ကော်မီတီ (CRPP) အဖွဲ့ဝင်များ တွေ့ဆုံကြသောအခါ အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပျက်ပြားနေခြင်းကြောင့် ပြည်တွင်းစစ် ဖြစ်နေရသည့်အရေးကို ဦးစားပေးဖြေရှင်းရန် အမြင်တူညီခဲ့ကြသည်။

ထို့ကြောင့် (၂ဝ) ရက်နေ့ ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေ နေအိမ်တွင် အဖွဲ့ပေါင်းစုံ ပြန်လည်တွေ့ဆုံကြသောအခါ မူလပင်လုံ သဘောထားကို ပြန်လည်အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်တွင် ဒေါ်စုကို ဦးဆောင်စေရန် တာဝန်လွှဲအပ်ခဲ့ကြသည်။

ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး ဆိုသည်မှာ အပေါ်ယံ အဓိပ္ပါယ်အားဖြင့် ပင်လုံမြို့တွင် လူမျိုးပေါင်းစုံ ကိုယ်စားလှယ်များ ပြန်လည်တွေ့ဆုံညှိနှိုင်းရန် ဖြစ်သော်လည်း အရင်းအမြစ် အနှစ်သာရမှာ ပင်လုံတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ကချင်၊ ချင်း၊ ရှမ်းခေါင်းဆောင်တို့ သဘောတူခဲ့ကြသော မူကို အခြေပြုပြီး တိုင်းရင်းသားများအကြား အမြင်လွဲ ရန်ပွားနေမှုကို ဖြေရှင်းသွားရန်နှင့် ပြန်လည် စည်းလုံးကြရန် ဖြစ်သည်။

လက်နက်ကိုင် တိုင်းရင်းသား အင်အားစုများဘက်ကလည်း ဤနှစ်တွင် ပင်လုံသဘောတူညီချက်ကို ထုတ်ဖော် တောင်းဆိုလာသည်။ အဖွဲ့များစွာသည် ယခင်စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော ကာလ၌ ၄င်းတို့ အခွင့်အရေးအတွက် အမျိုးသား ညီလာခံတွင် တင်ပြတောင်းဆိုခဲ့သော်လည်း မည်သို့မျှ မထူးခြားခဲ့။ နောက်ဆုံးတွင် နယ်ခြားစောင့်တပ်နှင့် ဒေသပြည်သူ့စစ် အသွင်တို့ဖြင့် ၄င်းတို့၏ တပ်ကို ဖျက်ဆီးရန် စီစဉ်လာသောအခါ အများစုက လက်မခံနိုင်တော့ပါ။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က ပင်လုံသဘောတူညီချက်အတိုင်း အကောင်ထည်ဖော်ပေးမည် ဆိုပါက မိမိတို့လက်နက်ကို ဆက်ကို်င်ထားရန် လိုအပ်မည် မဟုတ်ကြောင်း စစ်အစိုးရအား ပြောလာသည်။ သို့သော် စစ်အစိုးရဘက်မှ လက်မခံခဲ့။ ထို့ကြောင့် နောက်ဆုံးတွင် တပ်အသွင်ပြောင်းလဲရေးကို လက်မခံကြသည့် အပစ်ရပ်အဖွဲ့များနှင့် အပစ်ရပ်ခြင်း မရှိခဲ့သည့်အဖွဲ့များ စုပေါင်းလက်တွဲပြီး ပင်လုံမူအပေါ်အခြေပြုသည့် “ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မီတီ ” တရပ်ကို ဖွဲ့စည်းလာခဲ့ကြသည်။

၄င်းတို့သည် ပင်လုံမူအရ အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရှိသော ဖက်ဒရယ်ပြည်ထောင်စုကို တည််ဆောက်နိုင်ရန် လုပ်ငန်းအစီအစဉ်များ ချမှတ်ပြီး လုပ်ဆောင်သွားကြမည်ဟု ကြားသိရသည်။ ၄င်းတို့သည် နိုင်ငံရေးအရရော၊ စစ်ရေးအရပါ ကြိုးပမ်းသွားကြရန် ရှိသည်။ ဤဖြစ်ရပ်သည်လည်း ပင်လုံစိတ်ဓာတ်၊ ပင်လုံသဘောတူညီချက်အပေါ် အခြေခံနေပြန်သည်။

စစ်အစိုးရ၏ လမ်းပြမြေပုံ နောက်ကို မလိုက်နိုင်သည့် ပြည်တွင်းရှိ နိုင်ငံရေးအင်အားစုများက ပင်လုံမူကို တောင်းဆိုလာသလို နယ်စပ်နှင့် ပြည်နယ်များရှိ တိုင်ရင်းသား လက်နက်ကိုင် အင်အားစုများကလည်း ပင်လုံမူကို နှုတ်ဖြင့်လည်းကောင်း၊ အလုပ်ဖြင့်လည်းကောင်း တောင်းဆိုလာနေကြပြီ။ အဘယ့်ကြောင့် ဤသို့ဖြစ်ပေါ်လာရသနည်း။ ပင်လုံမူသည် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံလိုက်ရသည့် အချိန်မှစ၍ သင်းသတ်ခံထားရသော သစ်ပင်နှင့် တူသည်။

၁၉၆၂ ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော စစ်တပ်မှ အာဏာသိမ်းလိုက်သောအခါ ပင်လုံသဘောတူညီချက်အပေါ် အခြေပြုသည့် ဖက်ဒရယ်မူကို ခွဲထွက်ရေး၊ ပြည်ထောင်စု ဖြိုခွဲရေးဟု စွပ်စွဲပြီး ခြောက်သေနေသည့်အပင်ကို လှဲ၍ မီးရှို့ဖျက်ဆီးသလို အမျိုးမျိုး စွပ်စွဲသိက္ခာချ ပြန်မထနိုင်အောင် လုပ်ခဲ့သည်။

ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော တော်လှန်ရေးကောင်စီခေတ်နှင့် ဖဆပလခေတ်တလျှောက်တွင် ဖက်ဒရယ်ကို အန္တရာယ်ကောင်အဖြစ် စစ်တပ်၊ ကျောင်းသားနှင့် ပြည်သူများအကြား အမြင်များ ရိုက်သွင်းလာခဲ့သောကြောင့် (၈) လေးလုံး အရေးအခင်းကာလ တော်လှန်ရေးနယ်မြေသို့ ရောက်လာကြသော ကျောင်းသားနှင့် လူငယ်များသည် ဖက်ဒရယ်ကို ကြားမိသည်နှင့် လန့်ဖြန့်နားခါးနေကြသည်။ အချိန်အတန်ကြာအောင် တိုင်းရင်းသား တော်လှန်ရေး ခေါင်းဆောင်များ ဆွေးနွေးရှင်းပြပြီးခါမှ ဖက်ဒရယ် ပြည်ထောင်စုမူကို လက်ခံလာကြသည်။ ထိုအရှိန်ကြောင့် ယနေ့စစ်တပ်နှင့် ဝန်ထမ်းအချို့အတွင်း ဖက်ဒရယ်ကို တစ္ဆေသရဲကဲ့သို့ ကြောက်လန့်နေကြဆဲ ဖြစ်သည်။

မည်သို့ပင် သိက္ခာချ ဖျောက်ဖျက် အရှက်ခွဲ ခံခဲ့ရသော်လည်း ပတ္တမြားမှန်လျှင် နွံမှာနစ်သော်လည်း အရောင်မညစ် ဆိုစကားကဲ့သို့လည်းကောင်း၊ တရုတ်ခေါင်းဆောင် တန်ရှောင်ပင်း စကားအရ တန်ဘိုးရှိသော အရာကို ရေရှည် စွန့်ပစ်ထား၍ မရ ဆိုသကဲ့သို့လည်းကောင်း ပင်လုံသည် အခြေအနေ၏ တောင်းဆိုမှုအရ ပြန်လည်၍ နိုးထလာခြင်းဖြစ်သည်။ အဘယ့်ကြောင့် သတ်၍မသေ၊ ရေမျှော၍လည်း မပျောက် အနှစ် (၆ဝ) ကျော်ပြီ ဖြစ်သော်လည်း ပင်လုံမူကို တောင်းဆိုလာပြန်သနည်း။ အမှန်တရားကို အာဏာဖြင့် ဖုံးကွယ်ဖျောက်ဖျက်၍ မရ၊ ယာယီအားဖြင့် ရကောင်းရမည် ဖြစ်သော်လည်း အချိန်အခါတရပ်တွင် ပြန်လည်ပေါ်ထွက်လာသည့်သဘော ဖြစ်သည်။

ပင်လုံမူသဘောထားကို ဖျောက်ဖျက်၍ မရနိုင်ခြင်း၏ အကြောင်းရင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ မကြာသေးမီက ပြောခဲ့သော စကားတွင် ပေါ်လွင်နေပါသည်။ ဒေါ်အောင်ဆန်းစုကြည်က “ တိုင်းပြည်ကို ထူထောင်မယ်ဆိုရင် တိုင်းရင်းသား အခန်းကဏ္ဍကို မေ့ထားလို့ မရဘူး။ အင်မတန် အရေးကြီးတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံဆိုတာက တိုင်းရင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံ ဖြစ်တယ် ” ဟူ၍ ပြောဆိုခဲ့ပါသည်။

ဤအချက်သည် အဓိကအကြောင်းရင်း ဖြစ်သည်။ တိုင်းရင်းသား လူမျိုးပေါင်းစုံနှင့် စုစည်းထားသော နိုင်ငံတခုတွင် လူမျိုးတမျိုးတည်းအား ဦးစားပေးနေပါက တရားမျှတမှု ရှိနိုင်မည် မဟုတ်။ မတရားသော အရာတခုကို အာဏာဖြင့် အကောင်အထည် ဖော်နေပါက အာဏာခိုင်မာစဉ် အတိုင်းအတာတခုအထိ အောင်မြင်ကောင်း အောင်မြင်ပါလိမ့်မည်။ သို့သော် ယာယီသာ ဖြစ်ပါလိမ့်မည်။ တဖက်က အောင်မြင်နေသည်ဟု ထင်ရပါသော်လည်း အခြားတဖက်တွင် မည်မျှထိခိုက် ဆုံးရှုံးနေသည်ကိုလည်း သုံးသပ်သင့်ပါသည်။

ကျနုပ်တို့ ပြည်ထောင်စု မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံ၊ နယ်မြေပေါင်းစုံဖြင့် ပေါင်းစပ်စုစည်းထားသော နိုင်ငံဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းငါးဆယ်ကျော်က အရှေ့တောင်အာရှ နိုင်ငံများအနက် စီးပွားရေး၊ ပညာရေး စသည်တို့တွင် အတိုးတက်ဆုံးနိုင်ငံ ဖြစ်ခဲ့သည်။

မြန်မာနိုင်ငံ၏ သယံဇာတ၊ သဘာဝရေမြေ ရာသီဥတုနှင့် လူဦးရေ အချိုးအဆသည် ဖွံ့ဖြိုးတိုးတက်ရန် အရှေ့တောင်အာရှတွင် အလားအလာ အကောင်းဆုံးနိုင်ငံ ဖြစ်သည်။ သို့သော် ယခုအခါ မည်သို့ဖြစ်ရှိနေပါသနည်း။ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူနေမှုအဆင့်တို့တွင် အနိမ့်ကျဆုံးနိုင်ငံ ဖြစ်နေရသည်။ အခြေခံ လူ့အခွင့်အရေး ချိုးဖောက်ခြင်း ခံရမှု အများဆုံး၊ စစ်ပြေးဒုက္ခသည် အများဆုံး၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှု အများဆုံး၊ အကျင့်ပျက်ခြစားမှု အများဆုံးနိုင်ငံ ဖြစ်နေရပါသည်။

ဤသို့ဖြစ်ရခြင်း၏ အဓိက အကြောင်းတရားသည် အမျိုးသား စည်းလုံးညီညွတ်မှု ပျက်ပြားနေသောကြောင့် ဖြစ်သည်။ ထိုသို့ပျက်ပြားနေသောကြောင့် အရှေ့တောင်အာရှ နိုင်ငံများအတွင်း ပြည်တွင်းစစ် အရှည်ကြာဆုံးနှင့် အပြင်းထန်ဆုံးနိုင်ငံ ဖြစ်နေရသည်။

ဤသို့ဖြစ်နေရသည်ကို အာဏာရထားသူများက တိုင်းရင်းသားများအပေါ် သူပုန်ထ သောင်းကျန်းကြသောကြောင့်ဟု အပြစ်တင်သည်။ တိုင်းရင်းသားများက အုပ်စိုးသူများအပေါ် မဟာလူမျိုးကြီးဝါဒ ကိုင်စွဲပြီး အခြားလူမျိုးစုများအပေါ် လူမျိုးသုဉ်းအောင် လုပ်ဆောင်နေသောကြောင့်ဟု မြင်သည်။ ဤအမြင်နှစ်ရပ်အပေါ် သုံးသပ်စိပ်ဖြာ သေချာစွာ အဖြေရှာစေလိုသည်။

တိုင်းရင်းသားများဘက်က သူပုန်ထ သောင်းကျန်းရခြင်းသည် အကြောင်းတရားလား၊ အကျိုးတရားလား။ တိုင်းရင်းသားများဘက်က စုစည်းညီညွတ်စွာ အတူနေထိုင်လိုခြင်း ဆန္ဒမရှိပါက ပင်လုံသဘောတူညီချက်လည်း ဖြစ်လာနိုင်မည် မဟုတ်ပါ။

ပင်လုံသဘောတူညီချက် ရှိပါလျက်နှင့် အဘယ့်ကြောင့် ၄င်းအတိုင်း အကောင်အထည် မဖော်ခဲ့သနည်း။ အာဏာရထားသော ဗမာခေါင်းဆောင်များက မဟာလူမျိုးကြီးဝါဒကို ခံယူကျင့်သုံးနေသောကြောင့် ဖြစ်သည်။ အာဏာရ ဖဆပလ ခေါင်းဆောင်များသည် ပင်လုံသဘောတူညီချက်ကို ဆန့်ကျင်ပြီး အတုအယောင် ပြည်ထောင်စု (၁၉၄၇) ခု ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြဌာန်းခဲ့သည်။ ပင်လုံတွင် မပါဝင်ခဲ့သော ကရင်၊ မွန်၊ ရခိုင်တို့အတွက် လုံးဝထည့်တွက်ခဲ့ခြင်း မရှိ။ ထို့ကြောင့် ကရင်၊ ကရင်နီ၊ မွန်၊ ရခိုင်နှင့် ပအိုဝ်းတို့က ၄င်းတို့အတွက် အခွင့်အရေးများ တောင်းဆိုလာသည်။ ၄င်းကို အာဏာသုံး နှိမ်နင်းသောအခါ လက်နက်ကိုင် တော်လှန်လာကြသည်။

တိုင်းရင်းသားများဘက်က လက်နက်ကိုင် သူပုန်ထ တော်လှန်ခဲ့ကြသော်လည်း ငြိမ်းချမ်းစွာ ဖြေရှင်းရန် အခွင့်အလမ်း ဖွင့်ပေးသည့်အခါ လက်ခံညှိနှိုင်းခြင်း အကြိမ်များစွာ ရှိခဲ့သည်။ ထင်ရှားသော အထောက်အထားများ ပြရပါက ၁၉၅၈ ခုတွင် အဖွဲ့တချို့ လက်နက်အပ်ပြီး ဒီမိုကရေစီဘောင်ထဲ ဝင်ကာ ကြိုးစားခဲ့ကြသည်။ ၁၉၆၂ ခု၊ နှစ်ဆန်းတွင် ပါလီမာန်လွှတ်တော်အတွင်း ကြိုးပမ်းတောင်းဆိုခဲ့သည်။ ၁၉၆၃ ခုတွင် တော်လှန်ရေးကောင်စီ စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေး အဖြေရှာခဲ့သည်။ ၁၉၈၉ မှ ၂ဝ၁ဝ အထိ အပစ်ရပ်ပြီး အမျိုးမျိုး ကြိုးပမ်းခဲ့သည်။

ထိုသို့ စေတနာကောင်းဖြင့် ကြိုးပမ်းခဲ့သည့် အချိန်တိုင်းတွင် အာဏာရသူတို့၏ ပရိယာယ်ကို နားမလည်သောအဖွဲ့များ ကျေပြုန်းခဲ့ရသည်။ ငြိမ်းချမ်းစွာ အဖြေရှာလိုသည့် တိုင်းရင်းသား အဖွဲ့အစည်းများ ခံခဲ့ရပုံများကို ထင်ရှားအောင် ရေတွက်ပြရမည်ဆိုလျှင် – ၁၉၅၈ တွင် ပအိုဝ်း၊ မွန်၊ ရခိုင်တို့ လက်နက်အပ်ခဲ့သောကြောင့် ပျက်သုဉ်းခဲ့ရသည်။ ၁၉၆၂ ခုတွင် ပါလီမာန်ထဲက ကြိုးပမ်းခဲ့သော တိုင်းရင်းသားခေါင်းဆောင် များစွာတို့သည် နှစ်ရှည်ထောင်ဒဏ် ခံခဲ့ရသည်။ ၁၉၆၃ တွင် စောဟန်တာသာမွေး ခေါင်းဆောင်သော ကရင်တော်လှန်ရေးကောင်စီ ပျက်ပြားခဲ့ရသည်။ ၁၉၈၉ မှာ စခဲ့သော အပစ်အခတ် ရပ်စဲရေးကာလတွင် ခွန်ဆာ ဦးဆောင်သော (MTA) အဖွဲ့၊ ရခိုင်ပြည်နယ်မှ ဗကပ တို့ စောစောစီးစီး လက်နက်ချခဲ့ရပြီး ရှမ်း (SSNA)၊ ပလောင် (PSLA)၊ ပအိုဝ်း (ရလလဖ) တို့ လက်နက် သိမ်းခံခဲ့ရသည်။ ကိုးကန့် (ရန်ညီအစ်ကို) အဖွဲ့နှင့် (ဖုံညီအစ်ကို) အဖွဲ့၊ မုံးကိုးအဖွဲ့တို့ တိုက်ခိုက်ချေမှုန်းခြင်း ခံရသည်။ နောက်ဆုံးတွင် နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်အသွင် ပြောင်းလဲခြင်းကြောင့် အဖွဲ့များစွာ ပျက်စီး ကျေပြုန်းခဲ့ရပြန်သည်။

တိုင်းရင်းသားတို့အတွက် မည်သည့်အခွင့်အရေးများ ဖန်တီးပေးခဲ့ပါသနည်း။ ပြည်နယ်သစ်အချို့၊ ကိုယ်ပိုင်အုပ်ချုပ်ရေး တိုင်း၊ ဒေသများ ဖော်ပေးခဲ့သည် ဆိုသော်လည်း အာဏာမရှိ၊ နာမည်ခံမျှသာ ဖြစ်သည်။ သူတို့ပြည်နယ်၊ သူတို့ဒေသတွင် သူတို့၏ ဘာသာစကားများကိုပင် တရားဝင် ရုံးသုံးဘာသာတရပ်အဖြစ် အသိအမှတ် မပြုခဲ့၊ သူတို့၏ စာပေများကိုလည်း အစိုးရကျောင်းများတွင် တရားဝင် သင်ကြားခွင့် မပြုခဲ့၊ သူတို့၏ ယဉ်ကျေးမှုများကို အားပေးဖော်ထုတ်ခြင်း မပြုသည့်အပြင် ယဉ်ကျေးမှု အမွေအနှစ် အဆောက်အဦးများကိုပင် ဖျက်ဆီးပစ်ခဲ့သည်။ (ဥပမာ – ရှမ်းစော်ဘွားတို့၏ ဟော်နန်းများ)။

အင်္ဂလိပ်တို့ ကိုလိုနီစနစ် ကျင့်သုံးခဲ့စဉ်က သဘာဝသယံဇာတနှင့် ဓနစီးပွားများအပေါ်တွင်သာ သွေးစုပ် အမြတ်ထုတ် လုယူခဲ့သည်။ ယခုတိုင်းရင်းသားတို့ ခံနေရသည်မှာ ၄င်းတို့နယ်မြေမှ သယံဇာတများအပြင် ၄င်းတို့လုပ်အားဖြင့် ရင်းနှီးရယူခဲ့သော လယ်ယာခြံမြေများကိုလည်း သိမ်းယူနေသည်။ လူမျိုးပျောက်အောင်လည်း လုပ်ဆောင် ဝါးမျိုခံနေရသည်။ ဤသို့သော အခြေအနေမျိုးတွင် အကယ်၍ ဗမာတို့ ခံနေရပါက မည်သို့သဘောထားမည်ကို ကိုယ်ချင်းစာကြည့်စေချင်ပါသည်။

လူသားတို့ သဘာဝ မိမိတို့၏ အမျိုး၊ ဘာသာ၊ သာသနာကို ချစ်မြတ်နိုးသည်။ စာပေ၊ ယဉ်ကျေးမှု သမိုင်းအမွေအနှစ်ကို ချစ်မြတ်နိုးသည်။ မိမိတို့၏ လွတ်လပ်ခွင့်ကို ရယူလိုသည်။ မိမိတို့၏ နယ်မြေကို ပိုင်ဆိုင် ထိန်းသိမ်းလိုကြစမြဲ ဖြစ်သည်။ ဗမာတို့တွင် ဤသို့ဆန္ဒသဘောထား ရှိသကဲ့သို့ အခြားသော လူမျိုးများတွင်လည်း ရှိကြသည်။ ဤသို့ရှိကြသောကြောင့် အသက်ပေးပြီး လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်လာခဲ့ကြသည်။ လွတ်လပ်ရေး အသီးအပွင့်ကို ရရှိလာသောအခါ ဗမာတို့က လက်ဝါးကြီးအုပ် အားလုံးကို ချုပ်ကိုင်ထားပြီး အခြားလူမျိုးများကို ကိုလိုနီ ကျေးကျွန်သဖွယ် ထားရှိခြင်းသည် တရားမျှတပါ၏လော။ ဤသည်ကို မခံနိုင်၍ ရုန်းကန်လှုပ်ရှား တော်လှန်တိုက်ပွဲဝင်နေကြခြင်း ဖြစ်သည်။

ဒီမိုကရေစီဘောင်အတွင်း တောင်းဆိုသည်ကို လက်နက်အားကိုး ဖြေရှင်းခဲ့သဖြင့် လက်နက်ကိုင်လာခဲ့ရသည်။ ၁၉၆၂ ခုတွင် ပါလီမာန်အတွင်း ထပ်မံတောင်းဆိုလာသောအခါ မပေးလို၍ စစ်တပ်မှ အာဏာသိမ်းပြီး တားမြစ်ပိတ်ပင်ခဲ့ပြန်သည်။ ထိုအခါ တိုင်းရင်းသား လူမျိုးတိုင်းလိုလိုက လက်နက်ကိုင် တော်လှန်လာကြသည်။ အာဏာသိမ်း စစ်အစိုးရသည် တပ်မတော်ကို အင်အားတိုးချဲ့ပြီး စစ်ဆင်ရေးကြီးများ ဆင်နွှဲကာ ချေမှုန်းရန် ကြိုးစားခဲ့သည်။ ဤသို့ဖြင့် ပြည်တွင်းစစ်မီး ပိုမိုတောက်လောင်လာပြီး တိုင်းပြည်သည်လည်း တဆင့်ပြီးတဆင့် မွဲပြာကျလာခဲ့ရသည်။

အာဏာသိမ်း စစ်အစိုးရသည် သောင်းကျန်းသူ ချေမှုန်းရေး အဖျက်သမားရန် ကာကွယ်ရေးကို အကြောင်းပြပြီး ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ပိတ်ပင်လာသောအခါ ဗမာလူထုပင် မခံမရပ်နိုင်အောင် ဖြစ်လာရတော့သည်။ ဤသို့ဖြင့် ကျနုပ်တို့နိုင်ငံ၊ ကျနုပ်တို့ပြည်သူများ၏ ဘဝ ဤသို့ကျပ်တည်း နိမ့်ကျ ဒုက္ခပင်လယ်ဝေနေရခြင်း ဖြစ်သည်။

ထို့ကြောင့် ဤအခြေအနေဆိုးများ အောက်မှ လွတ်မြောက်ရန်မှာ ပင်လုံသဘောတူညီချက်ကို ဖေါ်ဆောင်ခြင်းမှတပါး အခြားမရှိ။ အမျိုးသား စည်းလုံးညီညွတ်ရေးသည် အခြေခံ အကျဆုံး လိုအပ်ချက် ဖြစ်သည်။ အချို့က ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလောက်ကိုသာ လိုလားတောင်းဆိုနေကြသည်။ ဤသည်မှာ အခြေခံရောဂါကို မသိ၊ အပေါ်ယံ ရောဂါလက္ခဏာကို ကြည့်ပြီး ကုသနေသော အည့ံစား ဆေးဆရာနှင့် တူသည်။

ဝါရင့်နိုင်ငံရေးသမားကြီးများက ဤအခြေခံကို သိရှိ နားလည်လာကြသဖြင့် ဒုတိယပင်လုံ ညီလာခံကို တောင်းဆိုလာကြခြင်း ဖြစ်သည်။ ပင်လုံအခြေခံ၊ ပင်လုံသဘောထား ဖြစ်သည့် အမျိုးသား တန်းတူရေးနှင့် စည်းလုံးညီညွတ်ရေးသည် တိုင်းရင်းသား လူမျိုးပေါင်းစုံနှင့် ဖွဲ့စည်းထားသော နိုင်ငံတခုအတွက် မရှိမဖြစ် လိုအပ်သော အခြေခံလိုအပ်ချက် ဖြစ်ပါသည်။

ဤအမှန်တရား အခြေခံ လိုအပ်ချက်ကြောင့် ပင်လုံသည် တဖန်ရှင်သန်လာရခြင်း ဖြစ်ပါကြောင်း မသိသူများကို အသိပေးချင်သကဲ့သို့ သိလျက်နှင့် မသိယောင်ဆောင်နေသူများကိုလည်း နှိုးဆော်အသိပေးလိုပါသည်။

About မွန်သတင်းအေဂျင်စီ

Check Also

ကျည်တစ်တောင့် ထမင်းတစ်နပ်

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးရရှိခဲ့သည်။လွတ်လပ်ရေးရရှိသည်နှင့် တ ဆက်တည်း ပြည်တွင်းစစ် ကပ်ပါလာခဲ့သည်မှာ ယနေ့ အချိန်ထိဆိုလျှင် နှစ်ပေါင်း ၇၀ …

%d bloggers like this: