spot_img
Friday, April 19, 2024
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်ပြည်ထောင်စုစိတ်ဓါတ်ဖြင့် စစ်အာဏာရှင်ကို တိုက်ဖျက်စို့

    ပြည်ထောင်စုစိတ်ဓါတ်ဖြင့် စစ်အာဏာရှင်ကို တိုက်ဖျက်စို့

    -

    တိုင်းပြည်နှင့် လူမျိုး တကယ်လွတ်လပ်ချင်ပါသလားဟု မေးကြလျှင် စစ်အာဏာရှင်မှတပါး ပြည်သူသန်း (၅၀) ကျော်က မညှာမတာ ပြောခွင့်ရှိလျှင် လွတ်လပ်ချင်ပါသည်ဟု မုချဖြေဆိုကြပါမည်။ အမှန်တွင် ထိုလွတ်လပ်ရေးအတွက် လူရောစိတ်ပါ ကိုယ်စီကိုယ်ငှ “အရိပ်ကိုလို နေပူမှ စလျှောက်” ဆိုသည့် အချိန်ကောင်းသည် ယနေ့ပင် ဖြစ်သည်။ နှစ်ဟောင်းတို့တွင် တိုင်းရင်းသားအချင်းချင်း၊ ပြည်သူအချင်းချင်း၊ လူမှုနိုင်ငံရေး အဖွဲ့အစည်း အချင်းချင်းတို့က ပူးပေါင်းဆောင်ရွက်မှု အားနည်းခဲ့၍ တော်လှန်ရေးပန်းတိုင်သို့ ယနေ့တိုင် မရောက်နိုင်ခဲ့ပေ။ ယနေ့မျက်မှောက်၌လည်း မိမိစိတ်နှင့်ကိုယ် အသွင်သဏ္ဍာန်တွင် သဟဇာတစိတ် ကိန်းအောင်းနေအောင် မလုပ်နိုင်သေးလျှင် ပြည်သူ့လွတ်မြောက်ရေးနှင့် စစ်အာဏာရှင် ပြုတ်ကျရေးတိုက်ပွဲ အောင်မြင်ရေးသည် နီးလျက်နှင့် ဝေးနေရဦးမည်သာ ဖြစ်သည်။

    (၁) အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ နိုင်ငံရေးလမ်းစဉ်
    လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် မြန်မာနိုင်ငံ ဥပဒေကြောင်းအရ တရားဝင် ရပ်တည်ရန် မရေရာသော်လည်း နိုင်ငံတကာ ဥပဒေအရ ဆက်လက်တိုက်ပွဲဝင်ရန် ရှိသည်။ ပါတီရပ်တည်ရေးအတွက် ကြိုးစားရုန်းကန်ရင်း ပြည်ထောင်စုသားများကိုလည်း စည်းရုံးလျက် ရှိသည်။ ဗမာပြည်တွင် လွတ်လပ်ရေး ရပြီးကတည်းက ဖြေရှင်း၍မရသည့် ပြဿနာများတွင် တိုင်းရင်းသား လူမျိုးများ အရေးလည်း ပါဝင်သည်။ ဤပြဿနာကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဖြေရှင်းမည်ဟု ဒေါ်အောင်ဆန်းစုကြည်က အဆိုပြုသည်။ စစ်အာဏာရှင်များ စိုးမိုးသည့်အချိန်ကစပြီး ပျောက်ဆုံးနေသည့် ယင်းပြည်ထောင်စုစိတ်ဓာတ်ကို (၂၁) ရာစု ပင်လုံညီလာခံမှာ ရှာပုံတော်ဖွင့်မည်ဟု ကြံသည်။

    ထို့ပြင် လူငယ်များကို ပြုစုပျိုးထောင်ခြင်း၊ ပြည်သူများကို ကူညီစောင့်ရှောက်ပေးပြီး အသိပညာများပေးခြင်း စသည့် လူမှုရေး ကွန်ယက်များ (Social & Youth Networks) ကိုလည်း ဖွဲ့စည်းထူထောင်သွားမည် ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် လူမှုနိုင်ငံရေးကို အခြေခံပြီး ပြည်သူ့လွတ်မြောက်ရေး တိုက်ပွဲကို ဆင်နွှဲလိုသည်။ အာဏာရှင် ပြုတ်ကျရေး တိုက်ပွဲကိုမူ ချမှတ်ထားခြင်း မရှိပေ။ စစ်အာဏာရှင်တို့နင်ှင့် ညှိနှိုင်းဆွေးနွေးခြင်းဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အစပျိုးနိုင်ရန် လမ်းညွှန်ထားသည်။

    (၂) ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မတီ၏ မူဝါဒ
    CEFU (စီဖူ) သမိုင်းအစ နိုဝင်ဘာလဟု ဆိုစမှတ် ပြုရပါမည်။ ၂၀၁၀-ခု နိုင်ဝင်ဘာလ (၄) ရက်နေ့တွင် ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီ တိုးတက်ရေးပါတီ (KNPP)၊ ရှမ်းတပ်မတော် (မြောက်ပိုင်း) ခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) (၆)ဖွဲ့စုပေါင်း၍ ထိုင်းမြန်မာနယ်စပ် တနေရာ၌ စုစည်းခဲ့ကြသည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ မဖြေရှင်းဘဲ စစ်ရေးအရ အင်အားသုံး ထိုးစစ်ဆင်မည့် စစ်အစိုးရကို ပူးပေါင်းခုခံတော်လှန်ရန်၊ ဒီမိုကရေစီအင်အားစုများနှင့် လက်တွဲပြီး အာဏာရှင်စနစ်ကို တိုက်ဖျက်ရန်၊ နိုင်ငံတကာမိသားစုများနှင့် သံတမန်ရေးအရ အဆက်အသွယ်များ ရရှိရန်အတွက် ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်ရေးကော်မတီကို ဖွဲ့စည်းခဲ့ကြသည်။ စီဖူအဖွဲ့သည် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို ထောက်ခံပြီး စစ်အစိုးရနှင့် တစ်ဖွဲ့ချင်း မည်သည့်အချိန်မျှ မဆွေးနွေး၊ စီဖူအနေဖြင့်သာ ဆွေးနွေးမည်ဟု သန္နိဋ္ဌာန်ချထားသည်။

    ဖက်ရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကော်မတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက မကြာခင်တွင် လူမျိုးပေါင်းစုံညီလာခံတစ်ရပ် ခေါ်ယူကျင်းပမည်ဟု ဆိုသည်။ သို့သော် ယင်းညီလာခံသည် ပြည်တွင်းမှ ဒုတိယပင်လုံညီလာခံနှင့် မဆိုင်ဘဲ စစ်အစိုးရကို စုပေါင်းတိုက်ပွဲဝင်ရေး၊ ဒီမိုကရေစီအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတခု ပေါ်ထွန်းရေးတို့အပေါ် အခြေခံသည်ဟု ဆိုသည်။ စီဖူ (CEFU) ခေါ် တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစုသည် ပြည်တွင်းမှ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် လည်းကောင်း၊ စစ်အစိုးရ ရွေးကောက်ပွဲတွင် ပါဝင်ခဲ့သည့် တိုင်းရင်းသားပါတီများနှင့်လည်းကောင်း ဆက်စပ်မှု မရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

    (၃) လွတ်မြောက်နယ်မြေရောက် ဒီမိုကရေစီအင်အားစုများ
    မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားတပ်မတော် (ABSDF) အဖွဲ့၊ စစ်အာဏာရှင် ဖြုတ်ချရေးနှင့် လူထုလှုပ်ရှားမှု ကော်မတီ (GSE) အစရှိသော အဖွဲ့အစည်းများက ပြည်သူ့လွတ်မြောက်ရေးအတွက် စစ်အာဏာရှင်ကို အပြုတ်တိုက်ရမည်ဟု ခံယူချက်ရှိသည်။ မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB)၊ မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB)၊ မြန်မာနိုင်ငံ ဒီမိုကရေစီ မဟာမိတ်အဖွဲ့ချုပ် (DAB) အစရှိသော အဖွဲ့အစည်းများသည် သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို ထောက်ခံပြီး ပြည်သူ့လွတ်မြောက်ရေး တိုက်ပွဲကို ဆင်နွှဲကြသည်။ သို့ဖြင့် လွတ်မြောက်နယ်မြေရောက် ဒီမိုကရေစီ အင်အားစုများတွင် အယူအဆ တင်းမာသည့်အုပ်စု၊ အယူအဆ ပျော့ပျောင်းသည့်အုပ်စုများ ရှိသည်။ သို့ဖြစ်လင့်ကစား ပြည်ထောင်စု ဗမာနိုင်ငံတော်၌ ဒီမိုကရေစီ ထွန်းကားရေး၊ လူအခွင့်အရေး ရရှိရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေးတို့တွင် ဦးတည်ချက် တူကြသည်။

    (၄) လက်ရှိစစ်အစိုးရနှင့် သူ၏ရင်ခွင်ပိုက် ကြ့ံဖွံ့အစိုးရသဘောထား
    စစ်အစိုးရ၏ သဘောထားကို ခန့်မှန်းရန် မခက်ပါ။ ၂၀၁၀-ခု ဒီဇင်ဘာလတွင် စစ်မှုမထမ်းမနေရ ဥပဒေကို ထုတ်ပြန်ခြင်း၊ ဤနှစ် ဇန္နဝါရီလ (၂၈) ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ အယူခံကို ပယ်ချလိုက်ခြင်း၊ ဝန်ကြီးများက ရာထူးမှ မဆင်းဘဲ ရာထူးလက်ရှိဖြင့် လွှတ်တော်ကို တက်မည်ဟု ဆိုခြင်း၊ တိုင်းရင်းသားဒေသများတွင် ထိုးစစ်ဆင်ခြင်း၊ မြန်မာနိုင်ငံတွင် လူအခွင့်အရေး ချိုးဖောက်မှု မရှိကြောင်း ချေပခြင်း အစရှိသည်တို့သည် ဖုံးကွယ်၍ မရသော စစ်အစိုးရ၏ သဘောထားများ ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးများတွင် စစ်အစိုးရကပင် လက်ဝါးကြီးအုပ် ဦးဆောင်သွားမည် ဖြစ်ပြီး အတိုက်အခံပါတီများ၊ အယူအဆ မတူသူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ဆွေးနွေးဖော် ဆွေးနွေးဖက်များအဖြစ် သဘောထားမည် မဟုတ်ပေ။ သူတို့ကို ဆူးငြှောင့် ခလုတ်ကန်သင်းများဟု ယူဆပြီး နှိပ်ကွပ်သွားမည်မှာ သေချာသည်။

    ထို့ပြင် ဒီမိုကရေစီရေးထက် ကိုယ်ကျိုးစီးပွားကို ရှေ့တန်းတင်သော ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည်လည်း ဗမာစစ်အစိုးရကို အစဉ်အားပေးနေမည် ဖြစ်သည်။ ဤနိုင်ငံများကို အားကျပြီး နော်ဝေကဲ့သို့သော နိုင်ငံများသည်ပင် လာရောက်ရင်းနှီးမည် ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို အသိအမှတ်ပြုရန် အယူခံကို ပယ်လိုက်သည့်နေ့၌ပင် ဒေါ်အောင်ဆန်းစုကြည်က ဗမာပြည်တွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန် တိုက်တွန်းလိုက်သည်မှာ စစ်အစိုးရ၏ တင်းမာသော သဘောထားကို ရိပ်မိ၍ ဖြစ်သည်။

    (၅) တိုက်ပွဲနည်းပရိယာယ်များ
    ဤသို့ ထုံပေပေရှိလှသော စစ်အစိုးရခေါင်းဆောင်တို့ကို ဆွေးနွေးရေး စားပွဲပေါ်သို့ အရောက်ခေါ်ရန် လွယ်ကူမည် မဟုတ်ပါ။ နွားသိုးကြိုးပြတ်နေသော စစ်အစိုးရခေါင်းဆောင်တို့ကို တန်းတခု ညီသည်အထိ၊ အင်အားချိန်ခွင်လျှာ မျှသည်အထိ လုပ်ရန်လည်း အချိန်များစွာ အရင်းအနှီးများစွာ စိုက်ထုတ်ရဦးမည်။ စစ်အစိုးရသည် အာဏာရှင်အစိုးရပြီး အာဏာရှင်တို့၏ အားသည် စစ်တပ်ဖြစ်သည်။ ယနေ့ကာလ၌ စစ်သားများသည် ဒီမိုကရေစီသမား၊ လူအခွင့်အရေးသမားများ၊ လူမျိုးတန်းတူရေးသမားများကို သူတို့ရန်သူဟု ထင်မြင်ကြသည်။ ဤစစ်တပ်ကို ပြုပြင်ပြောင်းလဲ၍ မရသေးသဖြင့် ဤစစ်အစိုးရက သက်ဆိုးရှည်နေဦးမည်။ သို့ဖြစ်၍ ပြည်သူ့ လွတ်မြောက်ရေး၊ အာဏာရှင်စနစ် တိုက်ဖျက်ရေး တိုက်ပွဲကို ဆင်နွှဲရာ၌ သမရိုးကျ နည်းပရိယာယ်ဖြင့် ရှေ့ဆက်သွား၍ ရတော့မည် မဟုတ်ပါ။ နည်းပရိယာယ်ကြွယ်ဝစွာ ရင်ဆိုင်တိုက်ပွဲဝင်နိုင်မှသာ တော်လှန်ရေးကို အောင်မြင်အောင် ကြိုးပမ်းနိုင်ပါမည်။

    နည်းပရိယာယ် ဆိုသည်မှာလည်း မိမိ၏ အင်အားကို အခြေပြုပြီး ခင်းကျင်းရသည်သာ ဖြစ်သည်။ ပြည်တွင်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ပြည်ပရှိ ဒီမိုကရေစီ အင်အားစုများနှင့် ပြည်ထောင်စုဝင် တိုင်းရင်းသား လူမျိုးများတွင် (၁) လက်နက်ကိုင်တပ်မတော်များ ရှိသည်။ (၂) ပျိုးထောင်ထားသည့် လူငယ်များ ရှိသည်။ (၃) ပြည်သူများ ရှိသည်။
    ပြည်တွင်းရှိ တပ်မတော်သည် လက်ရှိ၌ အာဏာရှင်တို့၏ လက်ကိုင်တုတ် ဖြစ်၍နေသည်။ ဤတပ်မတော်ကို ယဉ်ကျေးအောင်၊ ရန်သူနှင့် မိတ်ဆွေကို ခွဲခြားသိတတ်အောင် NLD က အဓိက စည်းရုံးပညာပေးရမည်။
    ပြည်ပရှိ ဒီမိုကရေစီ အင်အားစုတို့က မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားတပ်မတော်ကို အင်အားကြီးထွားလာအောင် တာဝန်ယူသင့်သည်။ ယခုအခါ၌ အမေရိကန်အစိုးရ ကိုယ်တိုင်က ABSDF အလံကို အမေရိကန်၌ လွှင့်ထူခွင့် ပြုလိုက်ပြီဖြစ်ရာ ပြည်ပရောက်များအနေဖြင့် သူတို့နှင့် ပွင့်ပွင့်လင်းလင်း ဆက်ဆံနိုင်ပြီ ဖြစ်သည်။
    တိုင်းရင်းသား အဖွဲ့အစည်းများသည် ဖက်ဒရယ် တပ်မတော်တခု ပေါ်ထွန်းစေရန် လုံ့လစိုက်ထုတ်သင့်သည်။ ဤတိုင်းရင်းသား တပ်မတော်သားများကိုလည်း အကြမ်းဖက်သမားများ မဟုတ်ကြောင်း ဗမာ့ခေါင်းဆောင်များက အမေရိကန်ခေါင်းဆောင်များကို ရှင်းပြသင့်သည်။ ဤနည်းဖြင့် စစ်ရေးအသာစီးရအောင် လုပ်သင့်သည်။

    နိုင်ငံရေး နည်းပရိယာယ်အရ တိုင်းရင်းသားတို့နှင့် သွေးစည်းညီညွတ်ရေး၊ တန်းတူအခွင့်အရေး၊ ဒီမိုကရေစီရေး၊ စစ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးတို့အတွက် စုစုစည်းစည်းဖြင့် ခြေလှမ်းပြင်ခြင်းကို အကျနုပ်တို့ အားရဖို့ လိုသကဲ့သို့ ထောက်ခံဝန်းရံဖို့လည်း လိုသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ (NLD) ကိုသာမက တိုင်းရင်းသား အဖွဲ့အစည်းများကိုပါ ပြည်သူတရပ်လုံးက ဝန်းရံထောက်ခံဖို့ လိုသည်။ အဘယ်ကြောင့်ဆိုသော် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်များတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် (၂၁) ရာစု ဒုတိယပင်လုံမှတဆင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ရေး ဆိုသည့်အချက် ပါဝင်သောကြောင့် ဖြစ်သည်။ ဤကား ပထမနည်းပရိယာယ် ဖြစ်သည်။
    ဒုတိယ နည်းပရိယာယ်ကား စိတ်ဓာတ်ပြုပြင်ရေး ဖြစ်သည်။ စစ်အစိုးရသည် နိုင်ငံတော်၏ အဆောက်အအုံကို တည်ဆောက်ရာ၌ သူတို့၏ အာဏာတည်မြဲရေးကို အဓိကထားပြီး ပုံဖော်ရသောကြောင့် ဗဟိဒ္ဓသန္ထာန်ကို ဦးစားပေးထားသည်။ အပြင်ပန်းလှအောင် အဓိကထားသည်။ ဗမာပြည်၌ နှစ်ပေါင်းများစွာ ပြည်တွင်းစစ်ဒဏ်ကို ခံစားခဲ့ရသဖြင့် ဗဟိဒ္ဓသန္ထာန်၏ ထိခိုက်မှုများကို မြင်သာပါသည်။ သို့သော် အတွင်းပိုင်း အဇ္ဇျတ္တသန္ထာန်၏ ဒဏ်ရာဒဏ်ချက်များကိုကား စစ်အစိုးရက လျစ်လျူပြုထားသည်။ နိုင်ငံတနိုင်ငံနှင့် လူမျိုး ဘက်စုံတိုးတက်မှု ရှိဖို့အတွက် အဇ္ဇျတ္တစိတ်ပိုင်း တိုးတက်မှု ပထမဆုံး ပြုကျင့်လုပ်ပြီးကာမှ ဗဟိဒ္ဓရုပ်ပိုင်း ဒုတိယ ဦးတည်လုပ်ဆောင်ရမည်ကို သိပါလျက် လျစ်လျူရှုထားသည့် ကမ္ဘာ့နိုင်ငံများအနက် ဗမာနိုင်ငံသည် အဆိုးဝါးဆုံး ဖြစ်သည်။ ဤအချက်ကို နည်းပရိယာယ်တခုအဖြစ်ဖြင့် သုံးပြီး အာဏာရှင် ပြုတ်ကျရေးတိုက်ပွဲ ဆင်နွှဲနိုင်ပါသည်။ စစ်အစိုးရကို မကြောက်စေရန်၊ မွေးရာပါ အခွင့်အရေးကို သိရန်၊ ယင်းအခွင့်အရေးကို ငြိမ်းချမ်းစွာ တောင်းဆိုတတ်ရန်၊ လမ်းမပေါ်ထွက်၍ ဆန္ဒပြတတ်ရန်တို့ကို သင်ပြပေးသင့်သည်။

    ဥပမာ – စစ်ဗိုလ်ချုပ်တို့၏ စစ်မှုမထမ်း မနေရ အမိန့်ကြောင့် အလုပ်သမားဦးရေလျော့နည်းပြီး ကုန်ထုတ်လုပ်မှု ကျဆင်းမည်။ တိုင်းတာ၍ မရသော လူမှုဒုက္ခ ဘေးဆိုးကြီး ဖြစ်သော စိတ်ဆင်းရဲ ကိုယ်ဆင်းရဲခြင်းကိုလည်း ခံစားကြရမည်။ ယင်းဥပဒေကြောင့် တယောက်နှင့် တယောက် အာဃာတတရားများ ထားကြမည်။ သို့သော် တိုင်းပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းကြောင့်လည်းကောင်း၊ ကျန်းမာရေးအစရှိသော ဝန်ဆောင်မှုကို မရရှိခြင်းကြောင့်လည်းကောင်း၊ အလုပ်လက်မဲ့ အောက်ခြေလူတန်းစားများက စစ်ထဲကို ဝင်ကြပါမည်။ ထို့ပြင် ဆိုးသွမ်းလူငယ်များ၊ စီးပွားရေး အာမခံချက် မရှိသူများ၊ ကျောင်းနေပျင်းသူများ၊ နွားကျောင်းသားများ၊ ရည်စားပြဿနာ ရှိသူများကို တပ်ထဲသို့ စည်းရုံးသိမ်းသွင်းမည်။ သူတို့ကိုယ်တိုင်လည်း ဘဝအတွက် ရွေးစရာလမ်း မရှိ၍ စစ်ထဲဝင်ခြင်းကို အခွင့်အရေးတရပ်အနေဖြင့် ထင်မှတ်နေလိမ့်မည်။ စစ်အစိုးရက သူတို့အသက်ကို တန်ဖိုးထားမည် မဟုတ်ဘဲ တိုင်းရင်းသားအချင်းချင်းကို တိုက်မည့်စစ်ပွဲတွင် အသုံးချမည် ဖြစ်သည်။ စစ်အစိုးရသည် ဤအကွက်ကို မြင်၍ ဤစစ်မှုထမ်း ဥပဒေကို ပြဌာန်းခြင်း ဖြစ်သည်။ ဤသည်ကို လူတိုင်း သိထားသင့်သည်။ စစ်အစိုးရ ဆင်ထားသည့် ထောင်ချောက်ထဲ လူငယ်များ မဝင်မိစေရန် ပညာပေးဖို့ အတိုက်အခံများတွင် တာဝန်ရှိသည်။

    တတိယ နည်းပရိယာယ်ကား လူမှုနိုင်ငံရေးပင် ဖြစ်သည်။ အတိတ်သင်ခန်းစာကို အရယူရင်း ယနေ့တိုင်းရင်းသား ပြည်သူတရပ်လုံးက နိုးနိုးကြားကြားနှင့် လူမှုနိုင်ငံရေးကို စားဝတ်နေရေး အခက်အခဲကြားမှ ရအောင် လုပ်ကြဖို့ မလွဲမသွေ လိုအပ်သည်။ မိမိတို့၏ ပခုံးပေါ်မှာ ကိုယ်စီကိုယ်ငှ တာဝန်ရှိသည်ဟု ခံယူတတ်အောင် လေ့ကျင့်ပေးသင့်သည်။ အကယ်၍ ဤအချိန်တွင် သိလျှက်နှင့် မလုပ်ကြလျှင် ပြည်သူ့အာဏာသည် မူလပိုင်ရှင် ပြည်သူ့ထံသို့ ရောက်မလာဘဲ လူနည်းစု အုပ်စိုးသူတို့၏ လက်ထဲတွင်သာ ရှိနေပေမည်၊ ယင်းကြောင့် ပြည်သူသန်း (၅၀) တို့မှာ တိုင်းတာ၍ မရသည့် လူမှုဒုက္ခဘေးဆိုးကြီးနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ ပြည်သူတွေကို အငတ်ထားပြီး သူတို့ကို အားကိုးလာအောင် လုပ်ခြင်း၊ စားဝတ်နေရေးနှင့် လုံးပမ်းနေရသဖြင့် နိုင်ငံရေးကို စိတ်မဝင်စားအားအောင် ထားထားခြင်းတို့မှာ စစ်အစိုးရ၏ နည်းပရိယာယ် ဖြစ်သည်။ အာဏာရှင်တို့၏ ယုတ်မာသော နည်းပရိယာယ်ကို ချေပနိုင်ရန် လူမှုနိုင်ငံရေးကို တိုင်းရင်းသား ပြည်သူတရပ်လုံးက မုချလုပ်ရပေလိမ့်မည်။ စစ်အာဏာရှင်၏ ယန္တရားကို ချေဖျက်ရင်း ရလာသည့် ယင်းလူမှုအင်အားများဖြင့် အပြုသဘောဆောင်သော ဗမာနိုင်ငံကို တည်ဆောက်နိုင်ပါသည်။ ထို့အတွက်ကြောင့် လူမှုနိုင်ငံရေးကို နိုင်ငံရေး အတွေးအခေါ်ဖြင့် တိုင်းပြည်နှင့် လူမျိုး လွတ်လပ်မှုအတွက် ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ရေးအတွက် တဦးချင်းသော်လည်းကောင်း၊ ကဏ္ဍအလိုက် စုပေါင်းခေါင်းဆောင်မှုဖြင့်သော်လည်းကောင်း ပြည်သူတရပ်လုံး အကျိုးကို ငဲ့ပြီး ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသို့ မာန်မာနကို လျော့ချကာ ခံယူလုပ်ဆောင်ရပေမည်။ ဤနည်းပရိယာယ် အားကောင်းလေ အာဏာရှင်တို့ ထိုင်ခုံလှုပ်လေ မုချဖြစ်မည်။

    (၆) ခြုံငုံသုံးသပ်ချက်
    ပြည်တွင်း ဒီမိုကရေစီ အင်အားစုသည် တပ်မတော်သားများ၊ လူငယ်အင်အားစုများ၊ မိဘပြည်သူများကို လူအခွင့်အရေး၊ လူမျိုးတန်းတူရေးနှင့် လူမှုနိုင်ငံရေးလမ်းစဉ်တို့ကို အစီအစဉ်ရှိရှိဖြင့် ပညာပေးသင့်သည်။ တိုင်းရင်းသားလူမျိုးများသည် ဖက်ဒရယ် ပြည်ထောင်စုအတွက် လိုအပ်သော နိုင်ငံရေး၊ စစ်ရေး၊ လူမှုရေးအမြင်များကို မိမိ၏ ပြည်နယ်များ၌ အဆင်သင့် ဖြစ်နေရန် ပြင်ဆင်ထားသင့်သည်။ ပြည်ပရောက် ဒီမိုကရေစီ အင်အားစုများသည် အာဏာရှင် စစ်အစိုးရကို စစ်ရေးအရ ဖိအားပေးနိုင်အောင် ကျောင်းသားတပ်မတော်ကို ဘက်စုံတိုးတက်အောင် ကူညီပေးသင့်သည်။ ဤအစုအဖွဲ့ (၃) ခုတို့သည် မိမိတို့၏ လက်ဝယ်၌ ရှိသော တပ်မတော်သားများ၊ လူငယ်များ၊ မိဘပြည်သူများကို ကွန်ယက်များ ဖွဲ့စည်း၍ အပြန်အလှန် ချိတ်ဆက်နိုင်စေရန် ကြိုးပမ်းသင့်သည်။ ဤသို့ ပြုလုပ်နိုင်လျှင် အာဏာရှင် စစ်အစိုးရအတွက် များစွာ အခက်တွေ့ပေလိမ့်မည်။ ပြည်ထောင်စုသားတိုင်း လိုလားတောင့်တအပ်သော ပြည်သူ့လွတ်မြောက်ရေး၊ စစ်အာဏာရှင် ဖြုတ်ချရေး တိုက်ပွဲသည်လည်း မနှေးအမြန် ဆုံးခန်းတိုင်မည် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

    ယမဓော-အောင်စိန်
    (အကြံပေး)
    စစ်အာဏာရှင် တိုက်ဖျက်ရေးနှင့် လူထုလှုပ်ရှားမှု ကော်မတီ
    အမေရိကန် ပြည်ထောင်စု
    January 28, 2011

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts