spot_img
Friday, March 29, 2024
More
    spot_img
    Homeသတင်းမွန်ဒေသဖွံ့ဖြိုးရေးအတွက် ကြံ့ဖွံ့က မွန်ပါတီနှင့် ပူးပေါင်းလုပ်ဆောင်လို

    မွန်ဒေသဖွံ့ဖြိုးရေးအတွက် ကြံ့ဖွံ့က မွန်ပါတီနှင့် ပူးပေါင်းလုပ်ဆောင်လို

    -

    ရိုင်မရော့ – မွန်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ လုပ်ဆောင်သွားရန်အတွက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီခေါင်းဆောင်များကို မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးအုန်းမြင့်က တွေ့ဆုံခဲ့သည်။

    ရွေးကောက်ပွဲမှာ မွန်ပြည်နယ်၊ မုဒုံ မဲဆန္ဒနယ် (၁) မှ အနိုင်ရရှိထားသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းမြင့်မှ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ မုဒုံ မဲဆန္ဒနယ် (၂) မှ အနိုင်ရရှိထားသည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမင်းနွယ်စိုးအပါအဝင် ကိုယ်စားလှယ်တချို့နှင့် ဇန်နဝါရီလဆန်းပိုင်းမှာ တွေ့ဆုံပြီး မွန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ရာမှာ အတူလုပ်ဆောင်သင့်ကြောင်း ပြောကြားခဲ့သည်။

    “ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်ရာမှာ သူတို့ (ကြံ့ဖွံ့) နဲ့ လက်တွဲပြီးလုပ်ဆောင်သွားစေချင်တယ် ဒါပေမယ့် အတင်းလုပ်ဆောင်ရမယ်လို့တော့ သူတို့က မပြောဘူးလေ” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။

    တွေ့ဆုံဆွေးနွေးရာမှာ ဦးအုန်းမြင့်က မွန်ပြည်နယ်မှာ သူ့အနေနှင့် ဘယ်လို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခဲ့ဆောင်ခဲ့ပြီး၊ ရှေ့ဆက် မွန်ပြည်သူ့အကျိုးကို ဘယ်လို လုပ်ဆောင်သွားရန်ရှိကြောင်း သူ့အနေနှင့် မွန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွကိုသာ ရှေးရှုးလုပ်ဆောင်သွားမည်ဆိုတာကို ပြောကြားသွားခဲ့ပြီး ယခုလို မွန်လူထုတွေအတွက် ကောင်းကျိုးလုပ်ဆောင်ရာမှာ မွန်ပါတီအနေနှင့် အတူလုပ်ဆောင်သွားရန် လိုလားကြောင်း ပြောကြားခဲ့သည်။

    မွန်ပြည်နယ်ကောင်းစားရေးအတွက် ခြင်္သေ့ပါတီက ရွေးကောက်ပွဲမှာ ဝင်ရောက်အရွေးခံခြင်းဖြစ်ပါတယ်။ လွန်ခဲ့သော ၁၃ နှစ်ကတည်းက မွန်ဒေသကောင်းဖို့ လုပ်ခဲ့တာဟာ ကျိုက်ထိုမှ ခေါဇာအထိ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဘာသာရေးစသည့် မွန်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို စေတနာထား လုပ်ခဲ့သည်ဆိုပြီး ရွေးကောက်ပွဲပြီးနောက် မွန်ပြည်သူလူထုကို ကျေးဇူးတင်သည့်စာတစ်စောင် ဦးအုန်းမြင့်က ဖြန့်ဝေခဲ့သည်။

    စာမှာ မွန်လူမျိုးအချို့က အယူအဆလွဲပြီး မွန်လူဖြစ်ပြီး မွန်အကျိုး သယ်ပိုးပေးမည့် ကြံ့ဖွံ့ပါတီကို မဲမပေးခဲ့သည့်အတွက် မွန်ဒေသ ဖွံ့ဖြိုးရေးမှာ အနည်းငယ်ထိခိုက်မှာမို့ စိတ်မကောင်မိပါ။ မွန်လူမျိုးဟာ ရိုးသားလို့ အပြစ်မတင်ပါ။ ဘယ်လိုဘဲ ဖြစ်နေဖြစ်နေ မွန်ပြည်နယ်အတွက် အခုလဲလုပ်၊ နောင်လည်းစေတနာမပျက်ဘဲ ဒီထက်တိုးတက်အောင် ကိုယ်တိုင်ဦးဆောင်ပြီး လုပ်ပေးသွားဦမှာ ဖြစ်သည်ဟု ဦးအုန်းမြင့်မှ မွန်ပြည်နယ်ရှိ ပြည်သူများအား ကျေးဇူးတင်သည့်စာတွင် ဖော်ပြထားသည်။

    ယခုလို ကြံ့ဖွံ့ပါတီမှ တွေ့ဆုံလာမှုအပေါ် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီအနေနှင့် တစ်စုံတစ်ရာ ပြန်လည် တုန့်ပြန်ပြောဆိုခဲ့ခြင်းမရှိကြောင်းလည်း သိရသည်။

    “ကျနော်တို့က သူတို့ ပြောတာကိုပဲ နားထောင်တယ်၊ ဘာမှတော့ ပြန်ပြောတာမရှိဘူး၊ သူတို့ပြောတာကိုလည်း ကျနော်တို့အနေနဲ့ အသေအချာစဉ်းစားသင့်တယ်” ဟု နိုင်ငွေသိန်း ဆက်ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက လုပ်ငန်းတစ်ခု အကောင်အထည်ဖော်တိုင်း မွန်လူမျိုး မွန်ဒေသအတွက် အကျိုးရှိနိုင်မလား ကောင်းကျိုးဖြစ်လာမှာလားဆိုတာ ပြန်ကြည့်ရမယ် တကယ်လို့သာ မွန်လူမျိုးတွေအတွက် အကျိုးရှိမယ် ကောင်းကျိုးဖြစ်မယ်ဆိုရင်တော့ ကျနော်တို့ အနေနဲ့ လုပ်သင့် လုပ်ထိုက်ရင်တော့ လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ပါတီခေါင်းဆောင်က ပြောသည်။

    မွန်ပြည်နယ်အတွင်းတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အဓိက အင်အားကြီး ပြိုင်ဘက်ပါတီ တစ်ပါတီဖြစ်သည်။

    ရွေးကောက်ပွဲမှာ အနိုင်ရရှိထားသည့် မွန်ပါတီအမတ်များ မိမိတို့ ဝင်ရောက်အရွေးခံသည့် မဲဆန္ဒနယ်များတွင် ကွင်းဆင်းကာ ပြည်သူ့ဆန္ဒကို လိုက်လံကောက်ခံခဲ့ပြီး ပြည်သူများက လယ်ယာမြေ အသိမ်းခံရမှုကို အရေးဆိုပေးရန် တင်ပြခဲ့သည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေနှင့် မွန်ပြည်သူတို့ တင်ပြလာသည့် ဆန္ဒများအနက် လယ်မြေအသိမ်းခံရမှုကို လွှတ်တော်မှာ အဓိက အဆိုပြုသွားမည်ဖြစ်ပြီး၊ မွန်ပြည်သူတို့လိုလားသည့် ပညာရေး၊ စီးပွားရေးကဏ္ဍတွေကိုလည်း တင်ပြသွားမည်ဖြစ်သည်။

    မွန်တမျိုးသားလုံးကို ကိုယ်စာပြုထားသည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ရွေးကောက်ပွဲမှာ အမတ်လောင်း ၃၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၁၆ နေရာ အနိုင်ရရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts