spot_img
Tuesday, March 19, 2024
More
    spot_img
    Homeမေးမြန်းချက်ဒုတိယပင်လုံသာ အကောင်အထည်ဖော်နိုင်ပါက တနိုင်ငံလုံးအတွက် အကျိုးရှိမည်ဟု မွန်ပြည်သစ်တီပြော

    ဒုတိယပင်လုံသာ အကောင်အထည်ဖော်နိုင်ပါက တနိုင်ငံလုံးအတွက် အကျိုးရှိမည်ဟု မွန်ပြည်သစ်တီပြော

    -

    မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင် နိုင်တလညီ

    ဒုတိယပင်လုံခေါ်ယူရေးနှင့် ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်ပါတီဖြစ်သည့် မွန်ပြည်သစ်ပါတီ၏ ဒုတိယပင်လုံအပေါ် ထားရှိသည့်သဘောထားကို သိရှိနိုင်ရန်အတွက် မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင် နိုင်တလညီကို မိရိုင်မရော့က ဆက်သွယ်မေးမြန်းထားပါတယ်။

    မေး ။ ။ ဒုတိယပင်လုံ ခေါ်ယူမည့်အပေါ်မှာ မွန်ပြည်သစ်ပါတီအနေနဲ့ ဘယ်လိုမြင်လဲ။
    ဖြေ ။ ။ ဒုတိယပင်လုံရဲ့ လုပ်ငန်းစဉ်တွေဟာ ဒီမိုကရေစီလမ်းကြောင်းကို အခြေခံထားတယ်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ လမ်းစဉ်တွေကို အခြေခံထားတာဖြစ်တဲ့အတွက် ကျနော်တို့ မွန်ပြည်သစ်ပါတီအနေနဲ့ ကြိုဆို ထောက်ခံပါတယ်။

    မေး ။ ။ ဒုတိယပင်လုံဟာ လမ်းမှန်တစ်ခုမဟုတ်ပဲ စိတ်ကူးယဉ်သက်သက်သာဖြစ်တယ်လို့ စစ်အစိုးရထုတ်မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားတာရှိခဲ့တယ်၊ အဲဒီအပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

    ဖြေ ။ ။ မြန်မာစစ်အစိုးရတွေက သူတို့ဟာ မဟာလူမျိုးကြီးဝါဒ၊ စစ်အာဏာရှင်စနစ်ကို လက်ကိုင်ထားတာဖြစ်သလို ပင်လုံရဲ့ လုပ်ငန်းစဉ်တွေအားလုံးကလည်း သူတို့ကို ဆန့်ကျင်ထားတာဖြစ်တဲ့အတွက် စစ်အစိုးရတွေအနေနဲ့ ဒုတိယပင်လုံ ခေါ်ယူရေးကို လက်မခံတာဖြစ်တယ်လို့ မြင်ပါတယ်။

    မေး ။ ။ ပင်လုံစိတ်ဓာတ်ဆိုတာ ဘာလဲ၊ ဘာအဓိပ္ပါယ်လဲ။

    ဖြေ ။ ။ ပင်လုံစိတ်ဓာတ်ဆိုတာက တိုင်းရင်းသားတွေနဲ့ မြန်မာလူမျိုးတွေ လွတ်လပ်မှုရရှိဖို့အတွက် အတူတက လက်တွဲပြီး ကြိုးပမ်းသွားဖို့ဖြစ်တယ်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရဖို့ဆိုတာကို အခြေခံပြီးတော့ ဖက်ဒရယ်ပြည်တောင်စုကို အတူတကွ တည်ဆောက်သွားမှာဖြစ်တယ်။

    မေး ။ ။ တိုင်းရင်းသားများ အမျိုးသားပြန်လည်သင့်မြတ်နိုင်ဖို့အတွက် ဒီဒုတိယပင်လုံဟာ အကောင်းဆုံး တွေ့ဆုံဆွေးနွေးမှုတစ်ရပ်လို့ မြင်ပါသလား။

    ဖြေ ။ ။ ပထမပင်လုံတုန်းကလဲ ချမှတ်လာတဲ့ ဦးတည်ချက်တွေက အကျိုးရှိခဲ့ပါတယ်၊ ဒီဒုတိယပင်လုံဟာလည်း ဒီမိုကရေစီအရေး၊ တိုင်းရင်းသားအရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးတွေကို အခြေခံထားတဲ့အတွက် ကျနော်တို့လို တိုင်းရင်းသားတွေအတွက် ဒုတိယပင်လုံခေါ်ယူမှုဟာ အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်တယ်လို့ မြင်ပါတယ်။

    မေး ။ ။ ပထမပင်လုံပြီးသွားတော့ ဘာတွေကို လုပ်ဆောင်နိုင်ခဲ့လဲ၊ ဘာအကျိုးအမြတ်တွေရရှိလာခဲ့လဲ၊ ယခု ဒုတိယပင်လုံမှာရော ဘယ်လို မျှော်မှန်းထားတာရှိလဲ။

    ဖြေ ။ ။ ဖဆပလလက်ထက် လွတ်လပ်ရေးမရခင်အချိန်မှာ ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလိပ်တွေထံမှာ ဗမာပြည် လွတ်လပ်ရေးပေးဖို့ တောင်းဆိုတယ်၊ အဲဒီအချိန်မှာ အင်္ဂလိပ်တွေက ဘယ်လိုပြန်ပြောလဲဆိုတော့ တိုင်းရင်းသားတွေကရော လွတ်လပ်မှုကို လိုချင်ကြလား တိုင်းပြည်တစ်ပြည်လုံး လွတ်လပ်ဖို့ဆိုတာ တိုင်းရင်းသားတွေ သဘောတူ လိုလားမှ လွတ်လပ်မှာဖြစ်တယ်၊ ဒါကြောင့် ပထမပင်လုံကြောင့် ကျနော်တို့ တိုင်းပြည် လွတ်လပ်ရေးရလာတယ်၊ အဲဒါကို ကြည့်ချင်းအားဖြင့် ပင်လုံရဲ့ အဓိကအကျိုးက တိုင်းပြည်လွတ်လပ်လာတာဖြစ်တယ်။ အကယ်၍ ဒုတိယပင်လုံကလည်း အကောင်အထည်ဖော်ခွင့်ရပြီးတော့ အောင်မြင်သွားမယ်ဆိုရင် တိုင်းရင်းသားတွေအတွက်ရော ပြည်သူလူတွေအတွက်သာမက စစ်အစိုးရတွေအတွက်ပါ အကျိုးဖြစ်မှာ ဖြစ်ပါတယ်။

    မေး ။ ။ ဒုတိယပင်လုံရဲ့ စိန်ခေါ်မှုက ဘာလဲ။

    ဖြေ ။ ။ ဒုတိယပင်လုံရဲ့ အဓိက စိန်ခေါ်မှုကတော့ စစ်အစိုးရပဲဖြစ်တယ်၊ ဘာလို့လဲဆိုတော့ အခုဆို ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားအင်အားစုတွေက ဒုတိယပင်လုံအပေါ် လက်ခံထားကြပါတယ်။ ဒါပေမယ့် မြန်မာစစ်အစိုးရတွေကသာ ပင်လုံကို လက်မခံတဲ့အတွက် စစ်အစိုးရဟာ ဒုတိယပင်လုံရဲ့ စိန်ခေါ်မှုတစ်ခုပဲဖြစ်ပါတယ်။

    မေး ။ ။ ဒုတိယပင်လုံမှာ မွန်ပြည်သစ်ပါတီ ပါဝင်မှုရှိလား၊ ဘယ်လို အခန်ုးကဏ္ဍမှာ ပါဝင်နေတာလဲ။

    ဖြေ ။ ။ ဒုတိယပင်လုံ ပေါ်ထွက်လာဖို့အတွက် အဓိက လှုပ်ရှားနေတဲ့လူတွေက ပြည်တွင်းက နိုင်ငံရေးသမားတွေဖြစ်တယ်၊ ဒီကနေ့အခြေအနေအရ ကျနော်တို့ မွန်ပြည်သစ်ပါတီကလည်း အပစ်ခတ်ရပ်စဲရေးလည်း ပျက်ပြယ်သွားပြီးဆိုတော့ ကျနော်တို့ပါတီက ပါဝင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး သို့ပေမယ့်လည်း ဘယ်လိုပဲဖြစ်ဖြစ် အခြေအနေပေးလာမယ်ဆိုရင်တော့ ပါဝင်ဖို့ရှိတယ်၊ အခြေအနေပေါ်မူတည်ပြီးတော့လည်း ဘယ်ကဏ္ဍမှာ ပါဝင်သင့်လဲဆိုတာတော့ ဖြစ်လာမယ်၊ လောလောဆယ်မှာတော့ အသေအချာပြောဖို့တော့ ခတ်တယ်။

    မေး ။ ။ ဒုတိယပင်လုံက မွန်လူမျိုးတွေအတွက် ဘာအဓိပ္ပါယ်ရှိလဲ။

    ဖြေ ။ ။ အဓိကကတော့ ယနေ့ ကျနော်တို့ မွန်လူမျိုးတွေ လက်နက်ကိုင်ပြီး တော်လှန်လာခဲ့ကြတယ်၊
    ကျနော်တို့ပါတီတွေ တော်လှန်လာခဲ့ကြတာ ပြီးတော့ ကျနော်တို့ မွန်လူမျိုးတွေ နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာနေတာဟာ အဓိက ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိဖို့နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းလာဖို့ပဲ မျှော်လင့်ကြတယ်၊ ဒါကြောင့် ဒီဒုတိယပင်လုံလည်း ကျနော်တို့လိုချင်တဲ့ အချက်တွေပေါ်မှာပဲ ဦးတည်ပြီး လုပ်ဆောင်နေတဲ့အတွက် ဒုတိယပင်လုံသာ အကောင်အထည်ဖော်နိုင်မယ်ဆိုရင် ကျနော်တို့ လူမျိုးတွေအတွက် အကျိုးရှိမှာဖြစ်တယ် ဒါတွေတောင်မကဘူး တိုင်းရင်းသားအားလုံး တိုင်းပြည်တပြည်လုံးအတွက်ပါ အကျိုးဖြစ်မှာ ဖြစ်တယ်။

    မေး ။ ။ ပထမပင်လုံတုန်းက မွန်လူမျိုးဆိုတာ မပါခဲ့ဘူး၊ တောင်ကြီးညီလာခံရောက်လာမှ မွန်တွေပါလာတယ်၊ ဒါကြောင့် ဒီဒုတိယပင်လုံမှာ မွန်တွေအနေနဲ့ ဘယ်လိုမျှော်မှန်းချက်တွေ ရှိလဲ။

    ဖြေ ။ ။ ပထမပင်လုံနဲ့ ပတ်သက်ပြီးတော့ အရင်က အခြေအနေတွေကို ပြန်သုံးသပ်ကြည့်မယ်ဆိုရင် မွန်တွေကြီးပဲမဟုတ်ဘူး တခြား ကရင်၊ ရခိုင်တွေလည်း မပါဝင်ခဲ့ဘူး၊ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ပထမပင်လုံရဲ့ သဘောတူညီချက်မှာ ကျန်ရှိနေသေးတဲ့ တိုင်းရင်းသားတွေလည်း ရသင့် ရထိုက်သည့်အခွင့်အရေးများ ရရှိသွားအောင်ဆိုသည့် အချက်ပါဝင်ပါတယ်၊ အဲဒါကြောင့် ပထမပင်လုံရဲ့ သဘောတူညီချက်အတိုင်းသာ အကောင်အထည်ဖော်နိုင်မယ်ဆိုရင် ကျနော်တို့ လူမျိုးတွေအတွက် ရသင့် ရထိုက်သည့်အခွင့်အရေးတွေ ရလာမယ်လို့ မြင်ပါတယ်၊ မွန်လူမျိုးတွေ မပါဝင်ပေမယ့်လည်း ပထမပင်လုံရဲ့ သဘောတူညီချက်မှာ ကျန်တဲ့တိုင်းရင်းသားတွေအတွက်ဆိုပြီး အချက်တစ်ချက် ပါဝင်ထားပြီးသားဖြစ်တယ်။

    မေး ။ ။ ဒုတိယပင်လုံနဲ့ ပတ်သက်ပြီးတော့ မွန်ပြည်သစ်ပါတီအနေနဲ့ ဘာများ ထပ်ဖြည့် ပြောချင်ပါသေးလဲ။

    ဖြေ ။ ။ ယနေ့ ကျနော်တို့ နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေအရ အေးချမ်းသွားဖို့ ကျနော်တို့ တိုင်းပြည်ရဲ့ ပြဿနာ ပြေလည်သွားဖို့ဆိုတာ ကုလသမဂ္ဂကနေ ၁၉၉၄ ခုနှစ်ကတည်းက ချမှတ်ခဲ့တာ ကျနော်တို့ တိုင်းပြည်မှာ ဒီမိုကရေစီအဖွဲ့အစည်းတွေ တိုင်းရင်းသားအဖွဲ့အစည်းတွေ ပြီးတော့ စစ်အစိုးရတွေအပါအဝင် သုံးပွင့်ဆိုင်ဆွေးနွေးပွဲပြီးသွားမှပဲ ကျနော်တို့ တိုင်းပြည်အခြေအနေ ပြေလည်သွားနိုင်မယ်၊ အဲလိုပဲ ဒီဒုတိယပင်လုံမှာလည်း သုံးပွင့်ဆိုင်အင်အားနဲ့ အကောင်အထည်ဖော်သွားမယ်ဆိုရင် အကျိုးရှိမှာပါ၊ ဒီကနေ့အခြေအနေမှာဆိုရင် ကျနော်တို့ တိုင်းပြည် လွတ်လပ်ရေးရလာတာ အနှစ် ၆၀ တောင်ကျော်နေပါပြီး ဒါပေမယ့် ခေတ်အဆက်ဆက်အုပ်ချုပ်လာတဲ့ စစ်အာဏာရှင်တွေရဲ့ မဟာလူမျိုးကြီးဝါဒလက်ကိုင်လာတာကြောင့် ကျနော်တို့ တိုင်းပြည်က တိုးတက်မှုမရှိပဲနဲ့ ဆုတ်ယုတ်လာတာဖြစ်တယ်၊ အခုဆိုရင် ကျနော်တို့ တိုင်းပြည် ပြောင်းလဲလာနိုင်ဖို့အတွက် ပြည်သူလူတွေ တိုင်းရင်းသားတွေ အားလုံး လိုလားနေတာဖြစ်တဲ့အတွက် ယနေ့အခြေအနေအရဆိုရင် ပင်လုံရဲ့စိန်ခေါ်မှုဟာ စစ်အစိုးရပဲဖြစ်တယ်၊ တကယ်လို့ စစ်အစိုးရတာ စိတ်ဓာတ်ပြောင်းလဲလာပြီး ပင်လုံမှာ ပါဝင်လာမယ်ဆိုရင် ကျနော်တို့ တိုင်းပြည်အခြေအနေက အေးချမ်းသွားဖို့ရှိတယ်၊ တိုင်းပြည်ပြဿနာပြီးဆုံးသွားဖို့အတွက်လည်း ဒါဟာ ပထမခြေလှမ်းပဲဖြစ်တယ်၊ ဒါကြောင့် ဒုတိယပင်လုံသာ အရသာရှိရှိ အကောင်အထည်ဖော်သွားနိုင်မယ်ဆိုရင် ပြည်သူလူထုတွေအတွက် တိုင်းရင်းသားတွေအတွက် အကျိုးရှိလာမှာဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    19,700SubscribersSubscribe
    spot_img

    Latest posts