spot_img
Friday, March 29, 2024
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်ဖက်ဆစ်ဝါဒီလက်သစ်များကို ဆန့်ကျင်တိုက်ပွဲဝင်ကြ

    ဖက်ဆစ်ဝါဒီလက်သစ်များကို ဆန့်ကျင်တိုက်ပွဲဝင်ကြ

    -

    ဗညားရံ –  မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရပြီး (၆၄) နှစ်အကြာတွင် ပင်လုံစာချုပ်ကို လုံးဝဥပေက္ခာ ပြုလိုက်သည့်၊ ဖက်ဆစ်ဝါဒကို လက်ကိုင်ပြုသည့် အစိုးရတစ်ရပ် ပေါ်ထွက်လာနေပြီ။ တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှုနှင့် အစပြုခဲ့သည့် ပြည်ထောင်စု မြန်မာနိုင်ငံ၌ တိုင်းရင်းသားတို့သည် ဒုတိယတန်းစား နိုင်ငံသားအဖြစ်သို့ ရောက်နေရပြီ။ ဖက်ဆစ်ဝါဒကို တိုက်ဖျက်ခဲ့သည့် မျိုးချစ်မြန်မာ့တပ်မတော်သည် ဖက်ဆစ်ဝါဒီတို့၏ ခါးပိုက်ဆောင်တပ် အဖြစ်သို့ ကျရောက်နေရပြီ။

    ဤနေရာတွင် ဖက်ဆစ်ဝါဒကို ဖွင့်ပြချင်သည်။ လွတ်လပ်ရေးဖခင် ဗိုလ်ချူပ်အောင်ဆန်းက လက်ကိုင်တုတ် လုပ်ထားသည့် လူတစ်စုနှင့် တိုင်းသူပြည်သား လူအများကို အကြမ်းပတမ်း နှိပ်စက်ပြီး အင်မတန် ကျဉ်းမြောင်း မှားယွင်းသည့် လူမျိုးရေးတရား လက်ကိုင်ထားသည့် ဝါဒသည် ဖက်ဆစ်ဝါဒပင် ဖြစ်သည်ဟု သတိပေးခဲ့သည်။ ဖက်ဆစ်ဂျပန်တို့၏ လက်အောက်၌ လေ့ကျင့်ခဲ့သော မြန်မာ့တပ်မတော်သည် ဖက်ဆစ်ဂျပန်ကို တော်လှန်ပြီးသည့်နောက်ပိုင်း တပ်မတော်ခေါင်းဆောင်တို့၏ ပြုပြင်မှုများကြောင့် ပါလီမာန်အစိုးရခေတ်တွင် အတန်အသင့် ယဉ်ကျေးလာခဲ့သည်။

    တိုင်းရင်းသား ကျေးရွာများကို မီးရှို့ခြင်း၊ ဆန့်ကျင်ဘက်လုပ်သူများကို သတ်ဖြတ်ခြင်း အကျင့်ကိုကား မည်သည့်အချိန်ကမျှ မဖျောက်နိုင်ခဲ့ပေ။ တပ်မတော် ဦးစီးချုပ်များတွင် ဗိုလ်ချုပ်ကျော်ဇော်ကို ချီးကျူးလိုပေသည်။ သူ၏ လက်အောက်တွင် တပ်မတော်သားများက တိုက်ရည်ခိုက်ရည် မြင့်မားခဲ့ပြီး ကိုယ်ကျင့်တရားလည်း များစွာ ကောင်းမွန်ခဲ့ပေသည်။

    ဗိုလ်ချုပ်ကြီးနေဝင်း ဦးစီးချုပ် ဖြစ်လာသောအခါ တပ်မတော်၏ တိုက်ရည်ခိုက်ရည် ကျလာရုံမျှမက ကိုယ်ကျင့်တရားလည်း ခြစားခဲ့ရသည်။ မဟာဗမာဝါဒီဆိုသည့် ကျဉ်းမြောင်းသည့် လူမျိုးရေး အခြေခံ မြန်မာ့တပ်မတော်အဖြစ်သို့ ပုံစံပြောင်းလိုက်သောအခါ ဖက်ဆစ်ဝါဒသည် များစွာ အရှိန်ရလာသည်။ ယင်းဖက်ဆစ်ဝါဒသည် တဖြည်းဖြည်း အင်အားကြီးထွားလာရာ ရှစ်လေးလုံးနောက်ပိုင်း တက်လာသည့် နဝတ၊ နအဖတို့ လက်ထက်၌ အနယ်ကျသွားပြီ ဖြစ်သည်။ တပ်မတော်၏ ဖက်ဆက်ဝါဒကို နှစ်ပေါင်းကြာရှည်စွာ ခံလာရသည့် ပြည်ထောင်စုသားတို့သည် ယင်းနှင့် ရင်နှီးသွားပြီ ဖြစ်သည်။

    ယင်းဖက်ဆစ်ဝါဒသည် တရားမဝင် ရွေးကောက်ပွဲအရ တက်လာမည့် ကြံ့ဖွံ့အစိုးရလက်ထက်၌ ခမာနီတို့ အုပ်ချုပ်သည့် ကမ္ဘောဒီးယားနိုင်ငံလောက် ပွဲမကြမ်းရာဟု ထင်မိသော်လည်း ဂျပန်ကင်ပေတိုင်တို့၏ စေတလုံး ဖြစ်ခဲ့သည့် ဒေါက်တာဘမော် အစိုးရလောက်တော့ ပြည်သူတွေကို နှိပ်စက်မည်မှာ သေချာလှသည်။ ကြံ့ဖွတ်အစိုးရသည် ဘုရားသုံးဆူ သေမင်းတမန် ရထားလမ်းကဲ့သို့သော မီးရထားလမ်းများကို ပြန်ဆက်သွယ်ခြင်း၊ အဝေးပြေးကားလမ်းများကို ဖောက်လုပ်ခြင်း စသည့် လုပ်ငန်းများ၌ လုပ်အားပေး ပေါ်တာများကို ဆွဲပေးရဦးမည်။ စစ်အစိုးရ အလိုမကျသည့် အတိုက်အခံများကို မတရားသဖြင့် ဖမ်းဆီး၍ ထောင်ချဦးမည်။ မိမိတို့ တိုင်းရင်းသားအချင်းချင်း မျိုးသုဉ်းစေနိုင်သည့် အမိန့်ဒီဂရီများကိုလည်း တာဝန်မဲ့စွာ ထုတ်ပြန်အတည်ပြုရဦးမည်။ ဗမာ့ဖက်ဆစ်ဝါဒီများသည် မိမိတို့၏ လက်နက်များဖြင့် တိုင်းရင်းသားများကို သတ်ကြတော့မည် မဟုတ်ဘဲ ရုံးစားပွဲပေါ်မှ ဖောင်တိန်များဖြင့်သာ သတ်ကြပေတော့မည်။

    တပ်မတော် အခွင့်ထူးခံတန်စားတစ်ရပ် ဖြစ်ပေါ်လာအောင်နှင့် ယင်းလူတန်စားကို အကာအကွယ် ပေးနိုင်အောင် လက်ကိုင်တုတ် တပည့်များကို မွေးပြီး ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ အိမ်ယာခြံမြေ သိမ်းယူခြင်း၊ အခွန်အတုတ်များဖြင့် ပြည်သူတို့ကို နှိပ်ကွပ်ခြင်း၊ နိုင်ငံပိုင် အဖိုးတန် သယံဇာတများကို ထုခွဲရောင်းချခြင်း စသည့် အဖျက်အမှောင့်လုပ်ငန်းများကို အနှောင့်အယှက်ကင်းကင်းနှင့် လုပ်ကိုင်နိုင်အောင် ကြံ့ဖွံ့အစိုးရက လိုင်စင်ချပေးမည် ဖြစ်သည်။ တပ်မတော်သားတို့သည်သာ နိုင်ငံကို အမှန်တကယ် ကာကွယ်စောင့်ရှောက်သူများ ဖြစ်ကြောင်း ဝါဒဖြန့်ကြမည်၊ လူတိုင်း စစ်မှုထမ်းစေပြီး တမိန့် တသံ တအာဏာ ဖက်ဆစ်ဝါဒကို ရိုက်သွင်းပေးမည် ဖြစ်သည်။

    ဗိုလ်ချုပ်အောင်ဆန်းသည် သူထူထောင်ခဲ့သော တပ်မတော် ထိုကဲ့သို့ ဖြစ်မည်ကို အလွန်စိုးရိမ်ခဲ့သည်။ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရာ၌ တပ်မတော်သာ မဟုတ်ဘဲ ပြည်သူတို့ အားလုံးကလည်း တန်ရာတန်ရာ ပါဝင်ကြသည်ချည်း ဖြစ်ကြောင်း သတိပေးခဲ့သည်။ စစ်သား မဟုတ်သော်လည်း နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံ၊ အမျိုးမျိုး စွန့်စားလုပ်ကြသည့် လူတွေလည်း ရှိကြသည်ပင် ဖြစ်သည်၊ ထို့ကြောင့် စစ်သားမှ စစ်သားဆိုသည့် စိတ်ဓာတ်ကို ပြောင်းကြရမည်၊ ငါတို့သည် လက်နက်ကိုင်များ ဖြစ်ကြသော်လည်း မတရားမလုပ်ကြပါ၊ နိုင်ငံ၏ ရန်သူလည်း မဟုတ်ကြပါ၊ နိုင်ငံ၏ မိတ်ဆွေ ဆိုသည်ကို သဘောပေါက်ထားရမည်ဟု မိန့်ခွန်းချွေခဲ့ပေသည်။

    ထိုသို့ စစ်ဝါဒ ထွန်းကားစေရန်၊ ဖက်ဆစ်ဝါဒ အားကောင်းစေရန် အာဏာရှင်တို့၏ သဘာဝအတိုင်း ပြည်ပရန်ကို ကာကွယ်ရန်အတွက် စစ်တပ်အင်အားကို တိုးချဲ့ရခြင်း ဖြစ်ကြောင်း၊ ကိုလိုနီလက်သစ်များ၏ အန္တရာယ်များကို ကာကွယ်ရန် အလို့ငှာ တင်းကျပ်သည့် ဥပဒေများကို ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း မိသားစုပိုင် သတင်းစာမှတစ်ဆင့် ဆင်သေကို စကောနဲ့ ဖုံးကြဖိကြရပေဦးမည်။ မည်သို့ပင်ဆိုစေ တိုင်းသူပြည်သားတို့၏ အလိုဆန္ဒကို ဆန့်ကျင်ပြီး ကဏ္ဍကောစ လုပ်ခြင်းသည် ဖက်ဆစ်ဝါဒသာ ဖြစ်သည်။ ဆင်သေကို ဆိတ်သားရေဖြင့် ဖုံးခြင်းသာ ဖြစ်သည်။ တိုင်းသူပြည်သားတို့၏ ဆန္ဒအရ မဟုတ်ဘဲ တိုင်းသူပြည်သားတို့နှင့် ကင်းကွာပြီး မင်းစိတ် ပေါက်နေသည့် အရာရှိများ ချယ်လှယ်သည့် စနစ်ဆိုးမျိုး ရှိနေလျှင် အများပြည်သူတို့၏ ဆန္ဒနှင့် လုပ်ကိုင်ရသည့် ဒီမိုကရေစီဝါဒ ခေတ်မစားနိုင်သည့် ဖက်ဆစ်ဝါဒ ဆင်တူရိုးမှားတွေ ဖြစ်ပေါ်လာနိုင်သည်ဟု ဗိုလ်ချုပ်က သတိပေးခဲ့သေးသည်။ ယခုအခါ၌ မင်းစိတ်ပေါက်နေသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုသာ ကြည့်ကြစေချင်သည်။

    ယခုအခါ၌ တိုင်းပြည်၏ သယံဇာတကို ဝှက်နေရင်းနှင့် လောဘဇောတက်ပြီး တရားဝင် ခိုး၍ရအောင် လာမည့် ဇန္နဝါရီလ (၃၁) ရက်နေ့တွင် နေပြည်တော်၌ နှစ်ပေါင်း (၂၀) အတွင်း ပထမဆုံးသော ပြည်သူ့လွှတ်တော်ကို ခေါ်ယူကြပါမည်။ နောက်အပတ်များတွင် အမျိုးသားလွှတ်တော်၊ ပြည်ထောင်စုလွှတ်တော်များကို ခေါ်ယူကျင်းပကာ ယင်းလွှတ်တော်များမှ သမ္မတများကို ရွေးချယ်ကာ  ပြည်သူ့အစိုးတစ်ရပ် ပေါ်ထွန်းလာမည်၊ ပြည်သူ့အစိုးရကို အာဏာအပ်နှင်းပြီး တပ်မတော်က သူ၏မူလတာဝန်ကို ပြန်လည်ထမ်းဆောင်ပါမည်။ ဤတွင် စကားအစဉ်က ချောနေသော်လည်း ဗိုလ်ချုပ်ပြောခဲ့သည့် ဖက်ဆစ်ဝါဒီ ဆင်တူရိုးမှားတွေသာ ဖြစ်သည်။ နေပြည်တော်မှ လွှတ်တော်သည် ကစားသမားကို မပြောင်းဘဲ နံပါတ်မတူသည့် အင်ကျီများ ပြောင်းဝတ်စေပြီး ကစားခိုင်းသည့် ဘောလုံးပွဲပမာသာ ဖြစ်တော့သည်။ ကြံ့ဖွံ့အစိုးရသစ်သည် ဖက်ဆစ်ဝါဒီ လက်သစ်များသာ ဖြစ်သည်ကို ယုံမှားသံသယ မရှိသင့်ပေ။

    စစ်တပ်သည် တိုင်းပြည်အတွက် ဖြစ်ရမည်ဟု ပြောခဲ့သည့် ဗိုလ်ချုပ်စကားကို ပြောင်းပြန်လုပ်လိုက်ပြီး တိုင်းပြည်သည် စစ်တပ်အတွက် ဖြစ်နေရပြီ။ စစ်တပ်ဆိုသည်မှာ စစ်စည်းကမ်းကို လိုက်နာရမည်ဟု တပ်မတော်ဖခင်က မှာကြားခဲ့သည်ကို မေ့ပြီး စစ်တပ်က စည်းကမ်းလိုက်နာစရာ မလိုတော့ဘဲ ပြည်သူတွေ လိုက်နာဖို့ စည်းကမ်းဥပဒေ ထုတ်တတ်ဖို့သာ လိုတော့သည်။ ဤကဲ့သို့သော စစ်တပ်ရှိနေခြင်းသည် တိုင်းပြည်အတွက် ကောင်းကျိုးတစ်ကွက်မျှ မရှိချေ။

    ဗိုလ်ချုပ်မှူးကြီးတို့အုပ်စု လုပ်ချက်များကြောင့် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးသည် ဂျပန်ပေးသည့် လွတ်လပ်ရေးအတုမျှလောက်ပင် အဆင့်အတန်း မရှိတော့ပေ။ ပြည်သူပြည်သားတို့သည် ဂျပန်ခေတ်ထက် ပိုဆိုးပြီး လုံးဝ အကာအကွယ်မဲ့နေရပြီ။ ဤဖက်ဆစ်ဝါဒသည် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ လူမျိုး တန်းတူရေး၊ ဒီမိုကရေစီရေး၊ လူအခွင့်အရေးအတွက် များစွာ အဟန့်အတား ဖြစ်စေလျက် ရှိပေသည်။

    ဤအချိန်မှာ ဗိုလ်ချုပ်အောင်ဆန်း၏ မျိုးဆက် ဒေါ်အောင်ဆန်းစုကြည်သည် ဖက်ဆစ်ဝါဒီများကို အံတုပြီး သူမဖခင် တည်ထောင်ခဲ့သော တပ်မတော်ကို ပြည်သူ့တပ်မတော် ဖြစ်အောင် ကြိုးစားနေသည်ဟု ယူဆပါသည်။ (၂၁) ရာစု ပင်လုံညီလာခံတွင် တပ်မတော် ကိုယ်စားလှယ်များ ပါဝင်နိုင်အောင် စည်းရုံးလျက် ရှိပေသည်။ ဒေါ်အောင်ဆန်းစုကြည်က ကျမတို့သည် နောင်ဒီမိုကရေစီ ပြည်ထောင်စုသစ်တခု ထူထောင်ရေးအတွက် တိုင်းရင်သား လူမျိုးများအားလုံး ပါဝင်သည့် ပင်လုံလို ညီလာခံတစ်ခု ခေါ်ဖို့ လိုအပ်သည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။ ဤညီလာခံမှ ပြည်ထောင်စု တည်တံ့ရေးအတွက် တိုင်းရင်းသား လူမျိုးစုများ ရသင့်ရထိုက်သည့် အခွင့်အရေးများ၊ ကိုယ်ပိုင်ပြဌာန်ခွင့်များ စသည်တို့ကို သေချာစွာ ဆွေးနွေးရမည်၊ အားလုံး၏ သဘောတူညီချက်အတိုင်း အကောင်းဆုံး အဖြေကို ရှာနိုင်မည်ဟု ယူဆကြောင်း ထပ်လောင်းမိန့်ဆိုခဲ့ပေသည်။

    ဒေါ်အောင်ဆန်းစုကြည်၏ အဆိုပြုချက်သည် ဖက်ဆစ်ဝါဒ တိုက်ဖျက်ရေး၊ အာဏာရှင်စနစ် ကျဆုံးရေး၊ လူမျိုး တန်းတူရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးအတွက် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်နေသည့် တိုင်းရင်းသား လူမျိုးများ၏ သဘောဆန္ဒနှင့် ထပ်တူထပ်မျှ တူညီလျှက် ရှိသည်ကို တွေ့ရသည်။ တိုင်းပြည်၏ သဘာဝသယံဇာတများကို မိသားစုပိုင် လုပ်နေသည့် ဗိုလ်ချုပ်များကို ဆန့်ကျင်ရေး၊ ဗမာ့မျိုးချစ်တပ်မတော်ကို မိမိ၏ ခါးပိုက်ဆောင်တပ်အဖြစ် အသုံးချနေသည်ကို တပ်မတော်သားများအားလုံး သိရှိနားလည်ရေး၊ စနစ်တကျ ဆင်နွှဲနေသည့် စစ်အစိုးရ၏ မျိုးဖြုတ်တိုက်ပွဲကို ခုခံနိုင်ရေး၊ အခွင့်အရေး တန်းတူရှိသည့် လူမျိုးပေါင်းစုံ၊ ပြည်နယ်ပေါင်းစုံ ဖက်ဒရယ် ပြည်ထောင်စုတခု ပေါ်ထွန်းလာရေး၊ ယင်းပြည်ထောင်စုတွင် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးကို ပြည်သူတိုင်း အပြည့်အဝ ခံစားနိုင်ရေးအတွက် ဖက်ဆစ်ဝါဒီ လက်သစ်များကို အပြတ်ချေမှုန်းမှ ဖြစ်တော့မည်ဟု ထင်မြင်မိပါသည်။ ပြည်တွင်းပြည်ပ အင်အားစုများသည် အချင်းချင်း စုစည်းညီညွတ်စေချင်ပါသည်။ ဘုံရန်သူ ဖက်ဆစ်ဝါဒီ ကြံ့ဖွံ့များကို ဟန့်တားနိုင်အောင်၊ စစ်အစိုးရကို ဖယ်ရှားနိုင်အောင်နှင့် အမှန်တကယ် အေးချမ်းသာယာဝပြောသည့် ပြည်ထောင်စုကြီးတခုကို တည်ထောင်နိုင်အောင် အဖွဲ့အစည်းများ၊ လူမျိုးများ၊ မိဘပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်စေချင်ပါသည်။    ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts