မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / ရာသီဥတုဟူသည် သဘာ၀လူသာလျှင် အဓိက

ရာသီဥတုဟူသည် သဘာ၀လူသာလျှင် အဓိက

ရေးသားသူ:

မင်းတော်လ၀ီ – မွန်ပြည်နယ်နှင့် အခြားဒေသများတွင် ဒီဇင်ဘာလ ၁၀ ရက်မှ ၁၂ ရက်နေ့အထိ သုံးရက် ဆက်တိုက်အခါမဲ့မိုး ရွာသွန်းမှုကြောင့် ရိတ်ပြီး၊ ရိတ်ဆဲ၊ မရိတ်ရသေးသည့်စပါးနှင့် ကောက်ပဲသီးနှံများ ပျက်စီးခဲ့ရသည်။ ဆုံးရှုံးမှုတန်ဖိုးများသည့်အတွက် လယ်သမားများ စိတ်ဆင်းရဲကာ ဒုက္ခပင်လယ် ေ၀းနေကြရသည်။

တစ်နှစ်တာကြိုးပမ်းအားထုတ် လုပ်ကိုင်လာခဲ့သည့် စပါးသီးနှံသည် ပါးစပ်ရောက်ခါနီး  အပုတ်ထုတ်ခံရသည့် ထမင်းလုတ်ကဲ့သို့သော အဖြစ်မျိုးနှင့် ကြုံရပြီး ခဲလေသမျှ သဲရေကျသလို ခံစားနေရသူမှာ အထူးသဖြင့် မွန်ပြည်နယ်ရှိ လယ်သမားများပင်ဖြစ်ကြသည်။

“မော်လမြိုင်နဲ့ ကျိုက္မရောမြို့နယ်ကရွာတွေဆိုရင် ပျှမ်းမျှစပါးသုံးပုံမှာ တစ်ပုံက လုံး၀ ပျက်စီးသွားတယ်၊ ကျန်တဲ့ရေစိုစပါးက တ၀က်လောက် အညှောက်ပေါက်နေတော့ စားလို့မရတော့ဘူး” ဟု စပါးအထွက်ကို ကွင်းဆင်းစစ်ဆေးခဲ့သည့် မော်လမြိုင်မြိို့နယ် မြေစာရင်း၀န်ထမ်းတဦးက ပြောသည်။

အချိန်အခါမဟုတ်ရွာသည့်မိုးကို မကြာမကြာ ကြုံနေသော်လည်း ဒီဇင်ဘာလတွင်ရွာသည့်မိုးကဲ့သို့ ဆုံးရှုံးမှုမများခဲ့ပါ၊ မိုးလေ၀သဌာနမှ သတိပေးကြေညာသော်လည်း လုပ်အားမနိုင် အချိန်မမီသည့်အတွက် စပါးအထွက် ပျက်ဆီးဆုံးရှုံးခဲ့ရသည်ဟု ကျိုက္မရောမြို့နယ် တရနာကျေးရွာမှ အသက် ၆၅ နှစ် လယ်သမားတဦးက ပြောသည်။

“ဒီဇင်ဘာဟာ ဆောင်းလဆိုတော့ မိုးရွာရင် အနည်းအကျဉ်းမှတ်နေတာ အခု သုံးရက်ဆက်တိုက်ဆိုတော့ မရိတ်ရတဲ့စပါးက ထိခိုက်ပြီး ရိတ်ပြီးစပါးက အကုန်ပျက်တာပဲ၊ လယ်ကွင်းထဲမှာတောင် တစ်တောင်လောက် ရေတက်သွားတယ်။ ကောက်လှိုင်းတွေ ရေမြုပ်၊ စိုနေတဲ့ကောက်လှိုင်းတွေလဲ မဆယ်နိုင်၊ စိုနေလဲ လှန်းလို့မရတော့ အညှောက်ပေါက်ကုန်တယ်” ဟု မုဒုံမြို့နယ် ကမာ၀က်ကျေးရွာမှ ဧက ၂၀ ပိုင်ရှင် လယ်သမားကြီးက ၀မ်းနည်းပက်လက်နှင့် ပြောသည်။

၄င်းအပြင် လယ် ၅၀ ဧက လုပ်ကိုင်သည့် မုဒုံမြို့ လယ်သမားကြီးတဦးက ရိတ်ပြီးစပါး ဧက ၂၀ နှင့် ရိတ်ရန် ကျန်သည့်ဧက ၃၀ လည်း ပျက်ဆီးခဲ့ကြောင်း၊ လွန်ခဲ့သည့်နှစ်တွင် စပါးတင်း ၂၅၀၀ ကျော်ရခဲ့သော်လည်း ယခုနှစ်တွင် တင်း ၁၈၀၀ ရရန်မလွယ်ဟု ပြောသည်။

စပါးရိတ်ပြီး ကိုင်းမြေတွင် ငရုတ်၊ ပဲနှင့် ပြောင်းဖူး စိုက်မည့် မော်လမြိုင်မြို့နယ် ဖက်ကတာကျေးရွာမှ လယ်သမားတစ်ဦးက “ကိုင်းကို အချိန်မီ ပြီးအောင်စိုက်နေလို့ ရိတ်ပြီးစပါး ၅ ဧက ရေမြုပ်တော့ အားလုံး ဆုံးရှုံးသွားတယ်၊ ရိတ်ချွေစက်နဲ့ဆို ဆုံးရှုံးမှာမဟုတ်ဘူး”။

မှန်ပါသည်။ မိရိုးဖလာ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းလိုသည့် လယ် သမားဦးရေလည်း တဖြည်းဖြည်များလာသလို လယ်သမားများ၏တောင်းဆိုသံများလည်း တဖြည်းဖြည်း ကျယ်လာနေသည်။

“အိတ်နဲ့ထည့်ပြီးသား စပါးထွက်လာဖို့အတွက် ရိတ်ချွေလှေ့စက်နဲ့ တစ်နာရီကြာလောက်လုပ်ရင် လူအား၊ အချိန်ကုန်သက်သာတယ်၊ အဆုံးအရှုံးလည်းမဖြစ်တော့ဘူး။ ဒါပေမယ့် ၀ယ်ဖို့ မတတ်နိုင်သေးဘူး” ဟု တရနာကျေးရွာမှလယ်သမားက ပြောသည်။

မြန်မာနိုင်ငံရဲ့လူဦးရေ ၇၀% ကျော်က လယ်သမားများဖြစ်ပြီး နိုင်ငံတော်၏ အဓိကစီးပွားရေးကို လုပ်နေကြရသည်အတွက် ၄င်းတို့အကျိုးနှင့် လယ်ယာသီးနှံ ထုတ်ကုန်တိုးတက်ဖို့  အထူးလိုအပ်နေသည်။ ၄င်းကို အဓိကလုပ်ပေးနိုင်သူများမှာ အစိုးရ၊ ပညာရှင်များနှင့် လယ်သမားများကသာ လုပ်သွားရမည်ဟု ယခုထိုင်းနိုင်ငံ စီပီကုမ္ပဏီတွင်အလုပ်လုပ်နေသည့် ယခင် မြန်မာနိုင်ငံ လယ်ယာနှင့် ဆည်မြောင်း၀န်ကြီးဌာန စိုက်ပျိုးရေးစီမံကိန်းဦးစီးဌာနမှ အငြိမ်းစားအရာရှိတစ်ဦးက ပြောသည်။

ဒီဇင်ဘာလတွင် မြန်မာတနိုင်ငံလုံး၌ စပါးရိတ်သိမ်းနယ်လှေ့ရန်နှင့် တဘက်က ဆောင်းသီးထပ်စိုက်ပျိုးနိုင်ရန် အချိန်လုပြီး လုပ်နေရသည့်အချိန်ဖြစ်သည်။ ဆောင်းသီးနှံစိုက်ပျိုးရေးမှာ ပထမဦးစားပေးဖြစ်သွားပြီး စပါးက ဒုတိယ ဖြစ်သွားရသည်။ မည်သို့ပင်ဆိုစေကာမူ အချိန်မဟုတ်ဘဲ ရွာသည့်မိုးက စပါးအတွက် အကျိုးထက် အဆိုးဖြစ်သွားရပါပြီ။

“ဒီလိုအခါမဲ့မိုးနဲ့ အပျက်အစီး မခံရဖို့ တလင်းပျောက်စနစ်ကို သုံးရမယ်၊ တလင်းပျောက်စနစ် ဖြစ်ရင် အလေအလွင့်မရှိဘူး စပါးပိုထွက်မယ်။ စပါးရိတ်ချွေလှေ့စက်ကို ၀ယ်သုံးနိုင်ရင် အကောင်းဆုံးပဲ” ဟု မုဒုံမြို့ပေါ်မှလယ်သမားက ဆက်ပြောသည်။

လယ်သမားများသည် လယ်ယာသုံးစက်ကိရိယာများသုံးနိုင်ရန် အခြေခံ စက်မှုပညာနှင့် ရင်းနှီးထားရန် လိုအပ်ပြီး၊ လိုအပ်သည့်အရင်းအနှီးကို အတိုးနှုန်းသက်သက်သာသာဖြင့် အစိုးရက ထုတ်ချေးပေးရန် လိုသည်ဟု မွန်ပြည်နယ် စက်မှုလယ်ယာဦးစီးဌာန အငြိမ်းစားအရာရှိတစ်ဦးက ပြောသည်။

သို့သော် မြန်မာနိုင်ငံ စက်မှုလယ်ယာနှင့် အမှတ် (၂) စက်မှု၀န်ကြီးဌာနထုတ် လယ်ယာသုံး စက်များကို အကူအညီပေးသလိုနှင့် အကြွေးစနစ်ဖြင့်ထိုးရောင်းသည့်စက်များမှာ  အရည်အသွေးညံ့ပြီး လယ်သမားများ အသုံးမတည့်၍ မသုံးလိုကြပါ။ လယ်သမားများထံတွင် အရည်အသွေးညံ့သည့်စက်များသာ ရှိနေပါက ၄င်းတို့အနေနှင့် စက်ကိရိယာဆို ရွံစရာ ကြောက်စရာအဖြစ် အမြဲတမ်း မှတ်ယူသွားမည်ကို စိုးရိမ်းရသည်ဟု ၄င်းအငြိမ်းစားအရာရှိက ဆက်ပြောသည်။

လယ်ယာသုံးစက်ကိရိယာဟူသည် လယ်သမားများအတွက် အသုံးတည့်ပြီး ခိုင်ခန့်ရမည်။ သို့မှသာ လိုလိုလာလာနှင့် လယ်သမားများ သုံးချင်ကြမည်ဖြစ်သည်။ ဂျပန်နိုင်ငံလုပ် ယာမာ၊ ယာမဟာ၊ ကူဘိုတာ၊ ဟွန်ဒါကုမ္ပဏီထုတ် ရိတ်ချွေလှေ့စက် (Combine Harvester)၊ လက်တွန်းကောက်ရိတ်စက် (Reaper binner) စက်မျိုးနှင့် ထိုင်း-ဂျပန် ဖက်စပ်ထုတ် လယ်ယာကိရိယာများ ဦးစားပေးသုံးသင့်သည်။ ထိုထက်ပိုကောင်းသည့် လယ်ယာသုံး စက်ကိရိယာမျိုး သုံးလိုပါက အမေရိကန်နိုင်ငံလုပ် ဂျွန်ဒီယားစက်များကို သုံးနိုင်သည်။ ၄င်းစက်အမျိုးအစားကို အသုံးပြုနိုင်က အကောင်းဆုံးဖြစ်သည်။ ၄င်းကို အစိုးရမှ တင်သွင်းရန် စီစဉ်ပေးရမည်။ လုပ်ပေးရန် လိုအပ်သည်။ ၄င်းကို အချိန်နှင့်တပြေညီ လုပ်ပေးနိုင်လျှင် မိုးကြောင့် စပါးပျက်စီးဆုံးရှုံးမှုဖြစ်သည်မှာ ယုံတမ်းစကားကဲ့သို့ ဖြစ်သွားမည်ဟု စက်မှုကျွမ်းကျင်သည့် ပညာရှင်တစ်ဦးက ပြောသည်။

မိရိုးဖလာနည်းဖြစ်သည့် လက်ဖြင့်ရိတ်ပြီး စပါးကို လယ်ကွင်းမှာ ၁၀ ရက်ခန့် နေလှန်းထားပြီးမှ ကောက်လှိုင်းစည်းခြင်း၊ ကောက်လှိုင်းသယ်ခြင်း၊ ကောက်ဆိုင်ပုံ ပုံထားခြင်း၊ ကောက်ဆိုင်ပုံမှ ကောက်ပြန့်ကို ကျွဲနွားနှင့် စိန်တပြေ မြတပြေ နယ်ဖတ်ပြီး စပါးပုံကိုပုံပြီး အလှကြည့်ကာ အရသာယူပြီး ခန့်မှန်းနေသည့် မိရိုးဖလာအစဉ်အလာမှာ အချိန်ကုန်ပြီး စပါးအလေအလွင့်ကို လက်ယပ်ခေါ်နေသလို ဖြစ်နေသည်။ စက်မှုလယ်ယာခေတ်သွားရန် အဟန့်အတားလည်း ဖြစ်စေသည်။

မိရိုးဖလာနည်းဖြင့် ရိတ်သိမ်းနယ်လှေ့သည့်စပါးသည် ကောက်ရိတ်ချိန်ကစပြီး လုပ်ငန်းအဆင့်တိုင်းမှာ အလေအလွင့်နှင့် ရင်းလာခဲ့ပြီးမှ နောက်ဆုံး ကျီ၀င်စပါးဖြစ်လာရသည်။ စပါးတစ်ဧကမှာ ၁၀ တင်းအထိ အလေအလွင့်ရှိသည်ဟု ပညာရှင်များက တွက်ချက်ကြသည်။ ရိတ်ချွေစက်ဖြင့်သုံးပါက စပါးအလေအလွင့်နည်းပြီး မိရိုးဖလာနည်းထက် တစ်ဧကလျှင် ၁၀ တင်း ပိုထွက်လာသည်ဟု မှတ်ယူနိုင်သည်။

စပါးတစ်ဧကကို လူတစ်ဦးတည်းရိတ်က ၄ ရက်ကြာမှ ပြီးမည်။ သယ်မည်၊ နယ်မည် လှေ့မည်ဆိုလျှင် သုံးရက်ကြာမည်။ ထို့ကြောင့် စပါးတစ်ဧကကို ကျီ၀င်အထိ မိရိုးဖလာနည်းပြုလုပ်ပါက ၇ ရက်ခန့် ကြာနိုင်ပြီး ကောက်ရိတ်ချွေလှေ့စက်ဖြင့် အသုံးပြုပါက တစ်နာရီအတွင်းမှာ အလေအလွင့်မရှိဘဲ အိတ်နှင့် သွတ်ပြီးသာစပါး ရရှိမည်။

ဒါက စက်ကြောင့် အချိန်ကုန်သက်သာ၊ လူအားသက်သာ၊ အလေအလွင့်မရှိ၊ တစ်ဧကစပါး အမှန်ထွက်ရရှိပြီး ဆန်အရည်အသွေးလည်း ကောင်းသည်။ ယခုလို ရာသီဥတုဖောက်ပြန် မိုးရွာရင်တောင် စက်နှင့်အချိန်မီ ရိတ်သိမ်းချွေလှေ့နိုင်၍ အပျက်အစီးအဆုံးအရှုံးလည်းမရှိ ကြိုကြိုတင်တင် လက်ဦးမှု ရရှိထားသည့်အတွက် ရာသီဥတုဖောက်ပြန်တာကိုလည်း မှုစရာမလိုတော့ပဲ လယ်သမားများအတွက် အကျိုးအမြတ်ရရှိကာ ဘ၀အတွက် ပျော်ရွှင်ချမ်းမြေ့နိုင်ကြမည်ဖြစ်သည်။

လယ်ယာအလုပ်သည် ရာသီဥတုကို မှီခိုအားထားရသည့်အလုပ်ဖြစ်ပြီး အခြားအဟန့်အတား များစွာကိုလည်း ရင်ဆိုင်ကျော်လွှားနေရပါသည်။ သို့သော် လူသားများ သဘာ၀ရာသီဥတုဒဏ်ကို အမျိုးမျိုး ခံစားခဲ့ရသော်လည်း ဤကမ္ဘာမြေပေါ်၌ လူသားမျိုးနွယ်ဆက် မပျောက်ပျက်သွားတာခဲ့ပါ။ ရာသီဥတုဖြစ်ပေါ်နေသည်ကို သဘာ၀တရားပဲဟု ခံစားသိမြင်နားလည်လာကြပြီး သဘာ၀ဘေးကို ရင်ဆိုင်တိုက်ခိုက် အနိုင်မယူတော့ဘဲ၊ အသိညာဏ်နှင့်ယှဉ်ပြီး ကြိုတင်ကာကွယ်မှု လက်ဦးယူမှုတို့ဖြင့်သာ သဘာ၀ဘေး အန္တရာယ်များကို ကျော်လွှားလာနိုင်ခဲ့ကြသည်။

ယနေ့ကမ္ဘာ့လူဦးရေ သန်းပေါင်း ခုနှစ်ထောင်ကျော်ရှိနေသော်လည်း လူသားများ ဆက်လက် ရှင်သန်တိုးပွားလျှက်ရှိသည်။ ထို့အပြင် စားနပ်ရိက္ခာကိုလည်း တိုးပွားလာသည့် လူဦးရေအတွက် အလျင်မီအောင် သဘာ၀ဘေးအန္တရာယ်ကြားက နည်းစုံသုံးပြီး ကြိုးပမ်းထုတ်လုပ်လျှက်ရှိသည်။

သို့သော် အစ္စရေးနိုင်ငံသို့ ပညာတော်သင်အဖြစ်သွားသည့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း၀န်ကြီးဌာနက ၀န်ထမ်းများကို အစ္စရေးနိုင်ငံ ဆရာများက စိုက်ပျိုးရေးနည်းပညာအပြင် စိုက်ပျိုးရေး၀န်ထမ်းရော လယ်သမားများပါ အစဉ်လေးစားလိုက်နာနေရမည့် အချက်များကိုလည်း သင်ကြားပေးခဲ့သည်ဟု အစ္စရေးနိုင်ငံသွားခဲ့သည့် သထုံမြို့က ၀န်ထမ်းတစ်ဦးက ပြောသည်။ ၄င်းအချက်များမှာ သဘောတရားနှင့် ခံယူချက်မှန်ကန်၍ နည်းပညာထက်မြက်စေရမည်။ ထို့အပြင် အခက်အခဲဟူသည် သာမည၊ ရာသီဥတုဟူသည် သဘာ၀၊ လူသာလျှင်အဓိက ဖြစ်သည်ဟု မြန်မာ့ဝန်ထမ်းများကို သင်ကြားပေးခဲ့သည်။ ကျွနု်ပ်တို့လည်း ဤအချက်ကို မှတ်သား လိုက်နာသင့်သည်။

About မွန်သတင်းအေဂျင်စီ

Check Also

ဆွေးနွေးအဖြေရှာသည့်နိုင်ငံရေးယဉ်ကျေးမှုသစ် ကန့်လန့်ကာကို စဖွင့်လိုက်ပြီလား

မြန်မာနိုင်ငံတွင် အရေးတကြီး အဖြေရှာရန် လိုအပ်နေသည့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်ရှိ ခမ်းနားကြီးကျယ်လှသည့် MICC 2 အဆောက်အဦးထဲတွင် ဒေသအသီးသီးက အရောင်အသွေးစုံ၊ အဖွဲ့အစည်းအစုံကလူတွေ Related

%d bloggers like this: