မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ဒေသခံတွေရဲ့ အကျိုးခံစားရမှု

ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ဒေသခံတွေရဲ့ အကျိုးခံစားရမှု

ရေးသားသူ:

ရိုင်မရော့ – နှစ်နိုင်ငံအစိုးရတွေ ဖြစ်ကြတဲ့ မြန်မာစစ်အစိုးရနဲ့ ထိုင်းအစိုးရတို့ဟာ မြန်မာနိုင်ငံမှာ အကြီးစား ရေနက်ဆိပ်ကမ်း စီမံကိန်းတစ်ခု တည်ဆောက် အကောင်အထည်ဖေါ်သွားကြဖို့ သဘောတူညီမှုတွေ ပေးထားကြပါတယ်။

စီမံကိန်းကို လာမည့် ၂၀၁၁ ခုနှစ်တွင် တည်ဆောက်သွားမှာဖြစ်ပြီး ၁၀ နှစ်အတွင်း ပြီးစီးအောင် ဆောက်လုပ်ဖို့ စီမံကိန်းတွေ ချထားပါတယ်၊ လက်ရှိမှာတော့ စီမံကိန်းကို စတင်အကောင်အထည်ဖော်နေပြီ ဖြစ်ကြောင်းလည်း ဒေသခံတွေက ပြောပါတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို တနင်္သာရီတိုင်း၊ ထားဝယ်မြို့အနီးက မောင်းမကန်ကမ်းခြေ အထက်ပိုင်း နဘူးလယ်ကျေးရွာနဲ့ ပင်လယ်ဘက် ဟိန်းဇဲကျွန်းစုအကြားမှာ အကောင်အထည်ဖော်မှာ ဖြစ်ပြီးတော့ အနီးအနားရှိ လဲရှောင်ရွာ၊ ထိန်ကြီးရွာ၊ မယင်းကြီးရွာ သရဘရွာ အစရှိတဲ့ ကျေးရွာအများအပြား ပါဝင်ပါတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကို ထိုင်းနိုင်ငံ၏ အကြီးဆုံး မြို့ပြဆောက်လုပ်ရေး ကုမ္ပဏီတစ်ခု ဖြစ်တဲ့ Italian-Thai Development ကုမ္ပဏီမှ အမေရိကန်ဒေါ်လာ (၈) ဘီလျံ အကုန်ကျခံ တည်ဆောက်မှာ ဖြစ်ပါတယ်။

ထိုင်း၀န်ကြီးချုပ် အနေဖြင့် ထိုင်းနိုင်ငံရှိ စက်မှုဇုန်များနှင့် ပတ်သက်သော အကြီးစား စီမံကိန်းများအား ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ရင်းနှီးမြှုပ်နှံခြင်းထက် မြန်မာနိုင်ငံမှာ တည်ဆောက်မည့် ထား၀ယ်ရေနက်ဆိပ်ကမ်းမှာ ရင်းနှီး မြှုပ်နှံဖို့ စီမံထားကြောင်းလည်း ကြားနေရပါတယ်။

ဤစီမံကိန်းကြောင့် ဒေသတွင်း ပေါင်းစည်းမိရေး နယ်ခြားဖြတ်ကျော် စင်္ကြံလမ်းတခု ဖြစ်လာပါလိမ့်မယ်။ ဆိပ်ကမ်းနှင့် အခြား သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများကြောင့် ထိုင်း၊ တရုတ်၊ ဗီယက်နမ်နှင့် လာအို ပို့မည့် ကုန်စည်များ မလက္ကာရေလက်ကြား ဖြတ်ရန် မလိုတော့ပဲ ခရီးတိုသွားမှာလည်း ဖြစ်ပါတယ်။

စီမံကိန်းမှာ သင်္ဘောတည်ဆောက်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ၊ ရေနံဓာတုစက်ရုံ၊ ရေနံချက်စက်ရုံ၊ ဓာတ်ငွေ့သန့်စင် စက်ရုံတို့ ပါ၀င်တယ်။ စီမံကိန်းရဲ့ ရည်ရွယ်ချက်က အဓိက မြန်မာ့ဓာတ်ငွေ့ဖောက်သည် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတောင်ပိုင်းကို ဆက်သွယ်ပေးဖို့နဲ့ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံတောင်ပိုင်းကို ဆက်သွယ်ပေးဖို့ပဲ ဖြစ်ပါတယ်လို့ ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက ဆိုပါတယ်။

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် ပါဝင်သော ရေနံဓာတုနှင့် သန့်စင်ချက်လုပ်ရေးစက်ရုံများ၊ အဆင့်မြင့် သံမဏိစက်ရုံများ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ ပို့ဆောင်ရေးကဏ္ဍအတွက် ကားလမ်းများ၊ အခြေခံအဆောက်အဦများအတွက် မြေအကျယ်အဝန်း တစ်သိန်းကျော် အသုံးပြုသွားမှာ ဖြစ်ပါတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းသည် အာရှတိုက်တစ်ခုလုံးအတွက် ပဓာနကျသည့် အရှေ့နှင့် အနောက်နိုင်ငံများအတွက် အလွန်အရေးပါသည့် စီမံကိန်းကြီးတစ်ခု ဖြစ်လာနိုင်တယ်လို့လည်း ပြည်ပသတင်းဌာနတွေမှာ သုံးသပ်ထားပါတယ်။

စီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် ထိုင်းနိုင်ငံမှ ပညာရှင်တွေက ၂၀၀၅ ခုနှစ်ကတည်းက လေ့လာမှု ပြုလုပ်ခဲ့ပြီး ၂၀၀၈ ခုနှစ်လောက်မှာ နှစ်နိုင်ငံအစိုးရတွေက သဘောတူညီမှု ရရှိခဲ့ကြပါတယ်။

လမ်းမကြီးမှာ ၈ လမ်းသွား အဝေးပြေးလမ်းမကြီး ဖြစ်ပြီးတော့ လမ်းမကြီးနှင့်အတူ ရထားလမ်း၊ လူသွားလမ်း၊ ဒေသသုံးလမ်း ပြည်ထောင်စုလမ်းနှင့် လမ်းလယ်ကျွန်းများ ပါဝင်ပြီး ကားလမ်း၊ ရထားလမ်းနှင့် ယှဉ်ပြီး သဘာဝဓာတ်ငွေ့ပိုက်လိုင်းပါ တည်ဆောက်မှာ ဖြစ်ပြီး လမ်းမကြီးအကျယ်မှာ စုစုပေါင်း မီတာ ၂၂၀ ရှိပါတယ်။

ယခုတည်ဆောက်မည့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဟာ မြန်မာပြည်မှာ အကြီးဆုံး စက်မှု စီးပွားဇုံ ဖြစ်လာမှာလို့လည်း နိုင်ငံတကာ သတင်းဌာနတွေက ရေးသားထားကြပါတယ်။

စစ်အစိုးရထုတ် မြန်မာ့အလင်းသတင်းစာမှာတော့ “ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး လုပ်ငန်း၊ သဘောင်္တည်ဆောက်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများအတွက် အဆောက်အအုံများ တည်ဆောက်ခြင်း၊ စက်မှုဇုံနယ်မြေ တည်ဆောက်ခြင်း၊ ရေနံဓာတုဆိုင်ရာ စက်မှုလုပ်ငန်းများ ထူထောင်ခြင်း၊ ရေနံချက်စက်ရုံ တည်ဆောက်ခြင်း၊ သံမဏိစက်ရုံ တည်ဆောက်ခြင်း၊ လျှပ်စစ်စက်ရုံများ တည်ဆောက်ခြင်း၊ ထားဝယ်-ဘန်ကောက်ကားလမ်းနှင့် ရထားလမ်း ဖောက်လုပ်ခြင်းနှင့် ကားလမ်းနှင့် ရထားလမ်းတစ်လျှောက် ရေနံပိုက်လိုင်းများ သွယ်တန်းခြင်း လုပ်ငန်းများဖြင့် စီမံကိန်းကို အဆင့် ၃ ဆင့် ခွဲပြီး အကောင်အထည်ဖော်မှာ ဖြစ်တယ်” လို့ ဖော်ပြထားပါတယ်။

စီမံကိန်းတွင် ထားဝယ်ရေနက်ဆိပ်ကမ်းမှ မြန်မာ-ထိုင်းနယ်စပ်အထိ အရှည် ၁၇၀ ကီလိုမီတာရှိသော ကားလမ်းနှင့် ရထားလမ်းတို့ကို အဆင့်လိုက် တည်ဆောက်သွားမှာ ဖြစ်ပြီး ဘန်ကောက်မြို့မှတစ်ဆင့် ကမ္ဘာဒီးယားနိုင်ငံ Sisophon မြို့ကို ဖြတ်သန်း၍ ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ Vung Tam မြို့နှင့် Qug Nhon မြို့သို့ ရောက်ရှိသည့် CMS Southen Corridor လမ်းမကြီးနှင့် ဆက်သွယ်သွားလာနိုင်မယ်လို့လည်း မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။

ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကြောင့် စီမံကိန်းတည်ဆောက်မည့် နေရာဒေသတဝိုက်ရှိ ဒေသခံတွေအပေါ် ကောင်းကျိုးဆိုးကျိုး နှစ်မျိုးလုံး သက်ရောက်နိုင်တယ်လို့ ထားဝယ်ဒေသခံ တစ်ဦးက အခုလို ပြောပါတယ်။

“အတင်းအဓမ္မ ပြောင်းရွှေ့တာတော့ နည်းနည်းပါးပါး ရှိတာပေါ့၊ ဒါပေမဲ့ မြေစျေးက အများကြီး တက်လာတာပေါ့၊ သိပ်တော့ မနစ်နာလှဘူး”

စီမံကိန်း တည်ဆောက်မည့် ဒေသတဝိုက်မှာ ထားဝယ်၊ မွန်နှင့် ကရင်လူမျိုးများ နေထိုင်ကြပြီး စီမံကိန်း တည်ဆောက်ရာမှာ ဒေသခံအချို့က အလုပ်ရကြမယ်လို့လည်း မျှော်လင့်နေကြပါတယ်။

“ဒီဒေသမှာရှိတဲ့ မွန် ကရင် ထားဝယ်တွေက တော်တော်လေး အလုပ်ရကြမယ်၊ အလုပ်တွေလည်း များလာမယ်၊ ယိုးဒယားတို့ စင်ကာပူတို့ ရောက်နေတဲ့ လူတွေလည်း အလုပ်ပြန်လုပ်နိုင်တယ်” လို့ ဒေသခံတဦးက ဆိုပါတယ်။

စီမံကိန်းအပေါ် ဒေသခံအချို့က ဆိုးကျိုးထက် ကောင်းကျိုး ပိုဖြစ်လာနိုင်မယ့် အခြေအနေ ရှိမယ်လို့ မျှော်လင့်နေကြပေမဲ့ တကယ့်လက်တွေ့မှာ ဘာဖြစ်လာနိုင်မလဲ ဆိုတာကို ဒေသခံတွေ တွေးတောထားပုံ မရပါဘူး။

စီမံကိန်းအပေါ် ဖွံ့ဖြိုးရေး လုပ်ငန်းနဲ့ ပတ်သက်ပြီး လေ့လာနေတဲ့ ပညာရှင်တယောက်ကတော့ ဒီစက်မှုဇုံကြောင့် ဒေသခံ လယ်ယာ ဆုံးရှုံးမှုတွေ၊ လူကုန်ကူးမှုနဲ့ ပြည့်တန်ဆာ ပြဿနာတွေ ဖြစ်လာနိုင်ပြီး အဆိုးဆုံးကတော့ သဘာ၀ ပတ်၀န်းကျင်ဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။

မွန်နိုင်ငံရေး ခေါင်းဆောင်ဖြစ်တဲ့ နိုင်ဟံသာကလည်း ထားဝယ်ရေနက်ဆိပ်ကမ်း ဆောက်လုပ်ရေး စီမံကိန်းကြီးနဲ့ ပတ်သက်ပြီးတော့ ဒေသခံတွေကို ဒုက္ခအကြီးအကျယ် ဖြစ်စေတဲ့ စီမံကိန်းလို့ပဲ မြင်ပါတယ်။

သူက “ဘာကြောင့်လဲဆိုတော့ အခုကြားသိသလောက်ဆိုရင် ရွာတွေ အများအပြား ပြောင်းရွှေ့မှုတွေ လုပ်နေရတယ်၊ နောက်ပြီးတော့ အဲဒီစီမံကိန်းအတွက် မြေဧကပေါင်း သိန်းကျော် အသုံးပြုမှာ ဖြစ်တဲ့အတွက် ဒေသခံ ပြည်သူတွေရဲ့ လယ်ယာခြံမြေတွေ သိမ်းမယ်၊ အဲဒါတွေ ဖြစ်လာမှာပဲ၊ ဒေသခံတွေ ထိုက်သင့်တဲ့ လျော်ကြေးတွေတော့ ရမှာ မဟုတ်ဘူး၊ အဲဒီတော့ ဒေသခံတွေ တော်တော်နစ်နာမယ်၊ နောက်တချက် စီမံကိန်း ဖြစ်လာပြီဆိုရင် လုံခြုံရေးတွေ ရှိလာမယ်၊ တပ်တွေ ချလာမယ်၊ ဒါ တွက်လို့ရတယ်၊ တပ်အတွက် စခန်းတွေ ဆောက်လာမယ်၊ ပြည်သူတွေရဲ့ ခြံမြေတွေ ထပ်သိမ်းဦးမယ်၊ လူထုကို ခိုင်းမယ်” လို့ ပြောပါတယ်။

“စီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေလည်း အများအပြားရှိလာမှာ ဖြစ်ပြီးတော့ ရာသီဥတု ဖောက်ပြန်မှုတွေလည်း ဖြစ်လာမှာပါ။ အဲဒီဒဏ်တွေကိုလည်း ဒေသခံ ပြည်သူလူထုတွေကသာ ကောင်းကောင်းခံ ရဖို့ရှိတယ်” လို့ သူက ဆက်ပြောပါတယ်။

ရေနက်ဆိပ်ကမ်းက ထွက်ပေါ်လာမဲ့ အကျိုးအမြတ်ကို စစ်တပ်ရဲ့အကျိုးစီးပွားအတွက် အသုံးချသွားမယ်လို့လည်း နိုင်ဟံသာ က သုံးသပ်ပြောဆိုပါတယ်။

သူက “စစ်အစိုးရအနေနဲ့ အကျိုးအမြတ်ရမယ်ဆိုရင် သူတို့ ဒီစစ်တပ်ကို ပိုမိုပြီးတော့ တိုးချဲ့နိုင်မယ်၊ စစ်တပ်ကို ပိုမိုတိုးချဲ့နိုင်ရင် သူတို့ကို ဒီအန္တရာယ် ပေးနေတဲ့ အင်အားစုကို ပိုမိုတိုက်ခိုက်နိုင်မယ်၊ သူတို့ရည်ရွယ်ချက် ပိုမိုပြီးတော့ မြန်မြန်ဆန်ဆန် အောင်မြင်မယ်လို့ အဲဒီလို တွက်ချက်ပြီးတော့လည်း သူတို့ လုပ်တာလဲ ဖြစ်နိုင်တယ်။” လို့ ဆိုပါတယ်။

စီမံကိန်း တည်ဆောက်ရာ ဒေသတဝိုက်ရှိ ဒေသခံပြည်သူတွေ အများအပြား ပြောင်းရွှေ့ပေးခံကြရုံမက အသက်မွေးဝမ်းကြောင်း လုပ်ငန်းများလည်း ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ်လို့လည်း ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

About မွန်သတင်းအေဂျင်စီ

Check Also

အစိုးရနှင့် NCA အကျပ်အတည်း

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA ကို သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်က စတင်ဖော်ဆောင်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်တွင် တိုင်းရင်းသား လက်နက်ကိုင် …

%d bloggers like this: