မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / မက်မပြေနိုင်တဲ့ မွန်ရိုးရာအကနဲ့ တေးဂီတအကြောင်း တစေ့တစောင်း

မက်မပြေနိုင်တဲ့ မွန်ရိုးရာအကနဲ့ တေးဂီတအကြောင်း တစေ့တစောင်း

ရေးသားသူ:

မွန်ယဉ်ကျေးမှု အကသင်တန်းဆင်းပွဲ

မင်းတော်လဝီ – ဒီလိုဒီဇင်ဘာလဆန်းပိုင်းမျိုးမှာ တကယ်တော့ စံခလပူရီရဲ့ ရာသီဥတုဟာ အေးလေ့ရှိတယ်၊ ဒါပေမယ့် ယနေ့ညနေမှာ နွေးနေပါတယ်၊ နွေးထွေးနေတဲ့ ရာသီဥတုနှင့်အတူ  ချိုအေးသံသာမွန်တေးသံတွေ၊ မွန်ဂီတသံတွေလည်း ဝန်းကျင်တခွင်လုံးကို ပျံ့လွှင့်နေတော့ မြို့သူ မြို့သားတွေ အံ့သြလို့ နေကြတယ်၊ ဘာလုပ်ကြပါလိမ့်၊ ဘာပွဲပါလိမ့်။

ကျင်းပမည့်ပွဲက မွန်ယဉ်ကျေးမှု အကသင်တန်းဆင်းပွဲ။ တက်ရောက်လာတဲ့ပရိသာတ်တွေက အရွယ်စုံ၊ နောက်ပြီး အရေအတွက်ကလည်း အများအပြား၊ မျက်နှာမှာ ပျော်တပြုံးပြုံး မော်မဆုံးတဲ့ ပျော်ရွှင်မှု။ နေရာက စံခလပူရီ (ဝင်က) ရဲ့ စံခလအင်းခမ်းမဆောင်အတွင်းမှာ၊ ရွှေရောင်ဝင်းနေတဲ့ မွန်တူရိယာမိကျောင်း၊ ဗတ်ကိုင်း (လခြမ်းတူရိယာ) ဗတ်ဝိုင်း (ဆိုင်းဝိုင်း) နှင့် အခြားတူရိယာများ ထယ်ဝါခန့်ညားစွာနှင့် ပြင်ဆင်ထား၊ အချိန်ကား ဒီဇင်ဘာလ (၁၅) ရက် ညနေချမ်းအချိန်ကာလ ဖြစ်သည်။

စံခလပူရီမှာ မွန်ယဉ်ကျေးမှုအဖွဲ့ကို ဖွဲ့စည်းထားပြီး ၄င်းအဖွဲ့မှ ဦးစီကာ မွန်ယဉ်ကျေးမှု ဓလေ့ထုံးစံကို ထိန်းသိမ်းဖေါ်ထုတ် မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် မွန်ရိုးရာယဉ်ကျေးမှု အတီး၊ အက၊ အဆို သင်တန်းကို ဖွင့်ခဲ့တယ်။ အတီးပညာသုံးလ အကအဆိုပညာသုံးလ စုစုပေါင်း ခြောက်လ  ဖွင့်လှစ်သင်ကြားခဲ့ပါတယ်။
အောက်တိုဘာလတုံးက မွန်ဂီတ အတီးပညာကို မွန်လူငယ် ၁၇ ဦးဖြင့် သင်တန်းဆင်းပွဲ ကျင်းပခဲ့ပြီး ယခု ဒီဇင်ဘာလ (၁၅) ရက်နေ့မှာ အဆို၊ အကပညာသင်တန်းကို သင်တန်းသား/သူ မွန်လူငယ် ၃၅ ဦးနှင့် ကျောင်းဆင်းပွဲကို ကျင်းပခဲ့ပြန်ရာ ပရိဿတ် ၄ဝဝ ကျော် တက်ရောက်ခဲ့ပါတယ်။

သင်တန်းသား/သူများ ကိုယ်တိုင်တီး၊ ဆို၊ အကဖြင့် ပရိဿတ်တွေကို ဖျော်ဖြေ တင်ဆက်ကြသည့်အခါ ပရိဿတ်များ အားရကျေနပ်ပြီး လက်ခုပ်သြဘာသံ ဘဝဂ်သို့လျှံအောင် အားပေးခဲ့သည်။ ပရိဿတ်ရဲ့ တုံ့ပြန်သည့်မေတ္တာကို ခံယူရတဲ့ သင်တန်းသားများမှာ ဝမ်းသာပီတိ ရင်ဝယ်ညိခဲ့ကြတယ်။

“ဒီဝင်ကရွာမှာ မွန်တေးသံတွေ ဂီတသံတွေ အမြဲတမ်းပဲ ကြားနေရ၊ ပျံ့လွင့်တဲ့နေရာလို့ ဆိုရပေမယ့် ကနေ့ ဒီဇင်ဘာလ (၁၅) ရက် ညနေချမ်းလိုမျိုးတော့ မဟုတ်ဘူး၊ မွန်ဂီတသံတွေ မွန်တေးသံတွေ ဒီလောက်ကျယ်ကျယ်လောင်လောင်အသံမျိုးလို လွှမ်းခြုံပျံ့လွင့်နေတာမျိုးတော့ ဝင်ကရွာမှာ ကြားရခဲပါတယ်၊ ဒီလိုအခမ်းအနားပွဲမျိုး တွေ့ရလို့ အလွန်ကိုဝမ်းသာပီတိဖြစ်ရပါတယ်ကွယ်” ဟု သင်တန်းဆင်းပွဲကို
တက်လာတဲ့  နိုင်အောင်ထွန်း ဝင်ကရွာ မွန်ရွာလူကြီးတစ်ဦးက ပြောသာည်။

မွန်တို့ရဲ့ အဆို၊ အက၊ အတီးအမှုတ်များကို အမြဲလိုလိုပင် မြင်နေ ကြားနေရသည်။ မွန်သီချင်းမှန်း သိချင်မှသိမည်။ မွန်အကဟု ခွဲခြားတတ်ချင်မှ ခွဲခြားတတ်ကြမည်။ မွန်ယဉ်ကျေးမှုနှင့် မြန်မာ့ယဉ်ကျေးမှုတို့က တူလွန်း ဆင်လွန်းလှသည်ဟု မွန်မဟုတ်သည့် တခြားလူမျိုးတွေက ဆိုကြသည်။ ကွဲပြားခြားနားချက်ကို လေ့လာမှ တွေ့ရှိမည်ဖြစ်သည်။

မွန်ယဉ်ကျေးမှုနှင့် မြန်မာ့ယဉ်ကျေးမှုတို့က တူလွန်း ဆင်လွန်းသည်ဆိုသော်ငြားလည်း မတူကွဲပြား ခြားနားတာတွေလည်း အများကြီး ရှိနေသည်၊

“မွန်တို့ဆီက ယဉ်ကျေးမှု အမွေအနှစ်တွေကို ဗမာတွေယူထားတော့ မွန်တို့နဲ့ တူနေမှာပေါ့၊ ဘုရား၊ ကျောင်း၊ စေတီမှာစိုက်ထူထားတဲ့ တံခွန်တိုင်ထိပ်က ဟသာင်္ရုပ်ကို ကြည့် မန္တလေးမြို့၊ ရွှေဘိုမြို့တွေမှာလည်းရှိတာပဲ၊ သီချင်းကျတော့ကော တောင်ယံတောကြီး မွန်သီချင်းကြီးတွေ၊ ကောင်းချီးသင်္ခါတို့နှင့် အခြားမွန်သီချင်းတွေ အများကြီးပဲ ဗမာတွေယူထားတာ အဲဒါကိိုုကြည့်ပေါ့ဟု ဆရာကြီး မွန်းဓါတုဦးမောင်မောင်က ရန်ကုန်မြို့ မွန် ဓမ္မာရုံမှာ သင်္ကြန်အခါ မွန်သက်ကြီးပူဇော်ပွဲအခမ်းအနားမှာ ကန်တော့ခံ သက်ကြီးများကိုယ်စား ကျနော်တို့လူငယ်တွေကို ဆုတောင်းပေးပြီးနောက် အထက်ပါအတိုင်း မိန့်ကြားခဲ့ဘူးသည်။

ဒါ့အပြင် မွန်ဂီတမှာ ဗမာတွေ သူတို့ယူနိုင်သလောက် ယူလိုက်တာ အတော်များများ ရှိသွားပြီး ဒါပေမယ့် သူတို့မယူနိုင်တဲ့ ဂီတတချို့ရှိတယ် မွန်တို့လက်မှာ ရှိနေဆဲ အဲဒါက မွန်တို့ရဲ့ အဓိက တူရိယာ မိကျောင်းတူရိယာလို၊ မိကျောင်းရုပ်နဲ့ ထနခေါ်တူရိယာ၊ ကိန္နရာရုပ် ဗတ်ကိုင်လိုမျိုးတွေ မွန်မှာရှိနေပြီး မွန်တွေ
ယနေ့တိုင် ဆက်လက်တီးခတ်နေတုန်းဟု မွန်ဂီတပညာရှင်တစ်ဦးက ပြောသည်။

မွန်တို့၏အလှ မွန်တို့၏အကကိုကား ပရိဿတ် စိတ်အဝင်စားဆုံးဖြစ်သည် လူများတိုးဝှေ့ကာကြည့်ရှုကြသည်။ အားပေးကြသည်။ ဝေဖန် ထင်မြင်ချက်ပေးကြသည်။ အများဆုံး ပြောဆိုကြသည်ကား မွန်အကဆိုသည်မှာ မကြာခဏဆိုသလို မြင်ဖူးနေကြ အကများသာ တည်းလို့ဆိုကြသည်၊

မွန်အကနှင့် မြန်မာအကများ အဘယ့်ကြောင့် ဆင်ကြသနည်း။

မွန်တို့သည်လည်း အများအားဖြင့် ဗုဒ္ဓဘာသာဝင်ဖြစ်သည့် လယ်ယာကိုင်းကျွန်းလုပ်ငန်းများဖြင့်သာ အသက်မွေးဝမ်းကျောင်းကြသည်။ ကျေးလက်ကို အခြေပြုကာ အေးအေး လူလူ နေထိုင်ကြသည်၊ စကားအခေါ်တို့တွင်သာ ကွဲလွဲသော်လည်း အတွေးအခေါ် အယူဆမှာမူ အတူတူလောက်ပင်၊ ပြီးတော့အတူတကွ ထိတွေ့ ဆက်ဆံလာကြတာလည်း နှစ်ထောင်ချီလာပြီးဖြစ်လို့ ညီအကိုချင်းကဲ့သို့ ရှိလာနေကြပြီး ညီအကိုချင်းတို့အကြား အကများကို မည်သို့ ကန့်ထား၍ ရနိုင်ပါမည်နည်း။

မွန်တို့၏ ရိုးရာ အဆို အတီး အကများကို လေ့လာကြည့်ပါ ကျေးလက်တောရွာများကို အခြေခံကာ ဆက်နွယ်ရစ်ပတ်ကာ ရှင်သန်ပေါက်ပွား ကြီးထွားလာခဲ့ကြောင်း တွေ့မြင်ရပေမည်။ ကျေးလက်တောရွာ ကြည်နူးဖွယ်၊ သာယာဖွယ် အလှအပတို့၏ အသွင်သာ ထင်ဟပ်နေသည်ကိုလည်း ခံစားကြရပေမည်။
မွန်တို့၏အကများကို ယနေ့တိုင် အများဆုံးတွေ့မြင်နိုင်သည်ကလည်း ကျေးလက်တောရွာများသာ ဖြစ်နေသည်။

မွန်ယဉ်ကျေမှုသည် မြို့ကြီး ပြကြီးသို့ မရောက်တော့ဘူးလားဟု မေးချင်သူတွေတော့ ရှိမည်မထင်ပါ၊ အဘယ့်ကြောင့်ဆိုသော် ရှေးမွန်ဘုရင်တို့သာမက ပုဂံမှသည် ကုန်းဘောင်ခေတ်သို့အထိ မွန်ယဉ်ကျေးမှုတော်ဝင်ဖြစ်ခဲ့သည်ကို အလွယ်တကူ သိနိုင်ကြသောကြောင့်ဖြစ်သည်။ ဒါ့အပြင် မွန်ယဉ်ကျေးမှုကား အေဒီ (၅) ရာစုက စတင်ထွန်းကားခဲ့ပြီးဖြစ်ကြောင်း သမိုင်ပညာရှင်များမှ ရေးသားမှတ်တမ်းတင်ထားခဲ့သည်။

မြန်မာ့သဘင်တွင် နတ်ချင်း၊ နတ်သံ၊ နတ်ဒိုးများရှိသည်မဟုတ် မွန်တို့တွင်လည်း နတ်ချင်း၊ နတ်သံ၊ နတ်ဒိုး၊ နတ်ကန်တော့များ ရှိခဲ့ပြီဟု မြန်မာသဘင်ပညာရှင်များက ဆိုသည်။
မြန်မာ၊ ရခိုင်တို့ကဲ့သို့ပင် လင်္ကာနှင့် သာချင်းများရှိသည်ဟုလည်း အထက်ပါ သဘင်ပညာရှင်တွေက ဆိုပြန်သည်။

မွန်အကများကို လေ့လာသူတို့က မြန်မာတို့၏ ကိန္နရာအက၊ လှေတော်သံအက၊ ဓါးအကကဲ့သို့ အကများလည်း မွန်တို့မှာ က နေကြပြန်သည်။

မွန်တို့ရဲ့ ရှေးရိုးရာအကများကို အကြမ်းဖျင်းအားဖြင့် သုံးမျိုးခွဲလို့ရသည်ဟု ဆိုထားသည်။
(၁) ကချိန်းပွဲ (ပေါဲကဆိင်) (၂) ပလဲပွဲ (ပေါဲဗလး) (၃) ဇာတ်ပွဲ (ပေါဲဇာတ်) ဖြစ်သည်ဟု  သဘင်ပညာရှင်များက သတ်မှတ်ကြသည်။

ပထမအမျိုးအစား ကချိန်းပွဲ (ပေါဲကဆိင်) အကမှာ နွဲ့ပျောင်းနူးည့ံ သိမ်မွေ့သည့် ကကြိုးကကွက် ကဟန်များပါဝင်သည်။ ယင်းကို အခြေခံဖန်တီးထားသည်။ ရှေးမွန်တို့၏ ရှေးနှစ်ပါးအကတွင် အများဆုံးတွေ့မြင်နိုင်သည်။ ဇာတ်စင်ဟူ၍ သီးခြားမရှိလှပဲ မြေညီပြန့်ပြန့် သို့မဟုတ် တလင်းပြင်တွင် မြေဝိုင်းအကမျိုး ကပြကြသည်။

မင်းသားနှင့် မင်းသမီးတို့က ကပြကြရင်း သီချင်းကိုပါ အသားပေးသီဆိုကြရသည်။ သီချင်းကလည်း အချီအချ အမေးအဖြေသီချင်းဖြစ်သည်။ တကျော့စီ သီဆိုကြသည်။ အစောင့်၊ အချိပ်၊ အထေ့အငေါ့ အရှောင်အတိမ်းများကြောင့် ပရိဿတ်မှာ ရယ်ကြရ မောကြရနှင့်မို့ လူရွှင်တော်ပင် ထည့်ရန်မလိုတော့ပေ။ ယင်းအကကို သမာဒဝက် (သမာဒွက်) သီချင်းသည်အက၊ အဆိုတော်များ၏အကဟုလည်းခေါ်ကြသည်။
မွန်တို့သမာဒဝက် ဤမြေဝိုင်းအကသည် ဘာလီကျွန်းသူ ကျွန်းသားတို့၏ နှစ်ပါးသွားအကနှင့် ဆင်တူသည်ဟု အကပညာရှင်များ ဆိုကြတာကို ၁၉၇၃ ခုနှစ်တွင် ပြည်ထောင်စုနေ့ပွဲတော် မွန်ယဉ်ကျေးမှုအကအဖွဲ့မှ ဆရာကြီး နိုင်ရွှေပြည်ကလည်း ဆင်တူကြောင်း ပြောကြားခဲ့ဘူးသည်။

သမာဒဝက် (ခေါ်) သီးချင်းသည် အကကို မွန်မင်းသား မင်းသမီတို့က ခြေ၊ လက်၊ ခါး၊ ဦးခေါင်း၊ ပခုံးကို ဖြေညှင်းစွာလှုပ်ရှား လှည့်ပြောင်းပြီး ဝေ့ကာ ယိမ်းကာ ကပြကြသည်။ သီချင်းကိုလည်း အသံလေး အေးအေး မြမြဖြင့် ဆိုကြသည်။ တီးမှုတ်ရာတွင်လည်း မိကျောင်းတူရိယာကို အသားပေး၏ တူရိယာအသံမှာ ကဟန် ဆိုဟန်ကို လိုက်၍ အသံ အတက်အကျ အကူးအပြောင်းတွင် ဖြည်းဖြည်းမှန်မှန် ကူးပြောင်း တီးခတ်ကြသည်။ မွန်ပြည်နယ် ကျေးလက်တောရွာမှာသာမက မြို့ကြီးပြကြီးများမှာပါ မွန်ယဉ်ကျေးမှုအဖွဲ့မှ ဆရာနိုင်ထောပိုင်၏ သင်ကြားမှုကြောင့် ယခုအခါတွင် မိကျောင်းတူရိယာကို ကျွမ်းကျင်စွာ တီးခတ်တတ်လာသူဦးရေလည်း တိုးပွားလာပြီးဖြစ်သည်။

ဒီသမာဒဝက် (ခေါ်) မွန်နှစ်ပါးသွားကို မိကျေင်းတူရိယာကို အသားပေးတီးခတ်ရသည့်အတွက် မိကျောင်းတူရိယာကို တတ်မြောက်ချင်သည့်စိတ်က မွန်တောရွာမှာသာကမ မြို့ကြီး ပြကြီးက မွန်လူငယ်တွေကြား စိတ်ဝင်စားလာကြသည်ကို စာရေးသူ သတိထားမိလာသည်။

ဤအခြေအနေမျိုးရောက်ရှိလာအောင်၊ လေ့လာလိုက်စား ထိန်းသိမ်းလာအောင် ဆွဲဆောင်ပေးနိုင်သူက မြန်မာနိုင်ငံယဉ်ကျေးမှုတက္ကသိုလ်က လက်ထောက်ကထိက ဆရာ နိုင်ထောပိုင် (အငြိမ်းစား) ၏ ကျေးဇူးကြောင့်ပဲ ဖြစ်သည်။

ပွားပလဲ (ပေါဲဗလး) ခေါ် ဒုတိယအမျိုးအစားက ပထမအမျိုးအစားအကနှင့်တော့ ဆန့်ကျင်ဘက်ပါ၊ ခပ်ရွှင်ရွှင် ခပ်သွက်သွက် ဆိုကြ တီးကြ ကကြသည်။ ကြည့်နေသူများအား စိတ်ဝယ် ကြည်လင်ရွှင်လန်းစေသည်။ တက်ကြွစေသည်။ မြူးထူးစေသည်။ ကိုယ်တိုင် သီဆိုချင်သည်။ အလှူပွဲ၊ ရှင်လောင်းပွဲ၊ လယ်ပွဲတို့တွင်ဖြစ်သည်။

တီးမှုတ်သော တူရိယာနှင့် တီးဟန် ဆိုဟန် ကဟန်တို့ကို တမူခြားသည့်ကအမှန်၊ သို့သော် သဘောက မြန်မာတို့၏ အိုးစည်၊ ဒိုးပတ်ကဲ့သို့သော အကမျိုးလိုပင်ဖြစ်သည်။ တဦးချင်း ကရာသို့ အဖွဲ့လိုက်ဝင်၍ တပျော်တပါး ကကြသည်လည်းရှိသည်။ အမျိုးသမီးတသိုက်က ညောင်ရေအိုးကိုယ်စီနှင့် ဘယ်ညာ ယိမ်းကာ နွဲ့ကာဖြင့် ကကြ၊ နောက်မှနေ အရှေ့တိုး လိုက်နောက်ဆုတ်လိုက်နှင့် ရွှင်မြူဖွယ်သရုပ်ဖေါ် ကပြကြသည်လည်းရှိ၏၊ အလမ္ပါယ် ကစားဟန် ဆင်ဟန်၊ ကျော့ဟန်တို့ကို ပရိဿတ် ခံစားလာနိုင်အောင် ကပြကြသည်လည်းရှိသည်။

တတိယအမျိုးအစားကား မွန်ဇာတ်ပွဲအက ဖြစ်သည်။ ပွားဇား (ပေါဲဇာတ်) ဟုခေါ်သည်။ မွန်ဘာသာစကားဖြင့် ပြောကြ ဆိုကြသည်။ ကကွက်များက မွန်ကကွက်များကို တွေ့မြင်ကြရမည်။ ဇာတ်ပွဲ စီစဉ်ရာတွင် မြန်မာတို့နှင့်တူတူပင်၊ ဇာတ်လမ်း ဇာတ်ကွက်တည်ဆောက်ပုံကိုလည်း ကြည့်ပါ၊ မြန်မာဇာတ်များကဲ့သို့ပင် ဗုဒ္ဓဝင်၊ မဟာဝင်၊ နိပါတ်၊ သိုက်သမိုင်းစသည်များမှာ ရယူအခြေခံသည်။

မွန်မြေဝိုင်းနှစ်ပါးသွားအက၊ တပင်တိုင်အက၊ ယိမ်းအကစသည်များတွင် မွန်အခြေခံအက အဆင့် ၃ ဆင့်တွင် ကကြိုး (၅၅) မျိုးပါဝင်ပြီး၊ ရှေးအစဉ်အဆက်က မွန်ပညာရှင်များ ထိန်းသိမ်းလာခဲ့တာကို ဆရာနိုင်ထောပိုင်၏ ဖခင်ဂီတ၊ အကသုတေသီပညာရှင်  နိုင်ခင်မောင်ကြီး (မွန်ပဏ္ဍိတ်) က သူ့သား နိုင်ထောပိုင်ကို သင်ကြားခဲ့လို့ ယခုလို ပြန်လည်သင်ကြားပေးနိုင်ခဲ့သည်ဟု ဆရာနိုင်ထောပိုင်က ဆိုသည်။

၄င်းကကွက် ကဟန်များကို သူ့နေရာနှင့်သူ ပါဝင်နေကြပြီး ထိုကကွက်များကို ပြည်တွင်း ပြည်ပရှိ ယနေ့ခေတ် မွန်လူငယ်တွေဆီထိ သင်ကြားပေးသူကလည်း ဆရာ နိုင်ထောပိုင် ပင်ဖြစ်သည်ဟု  မွန်ယဉ်ကျေးမှုအဖွဲ့ဝင် အကနည်းပြဆရာမ မိမရော့စွန်က ပြောသည်။

ဒါ့ပြင် ဒီဇင်ဘာလ (၁၅) ရက်နေ့ သင်တန်းဆင်းပွဲမှာ မွန်ယဉ်ကျေးမှု သင်တန်းသူတွေ ကပြတဲ့အကများစွာထဲက ကျမအကြိုက်ဆုံးကိုပြောရရင် “ရာဇာဓိရာဇ်ဘုန်းတော်ဘွဲ့တေးသီချင်းနဲ့ ကကြိုး ကကွက်ကို အကြိုက်ဆုံး” ဟု ပြောလာသူက ဝင်ကရွာက သမီးပျို မိယဉ်မွန် ဖြစ်သည်။

နောက်ပြီး ၁၉၅၈ ခုနှစ်က မော်လမြိုင်မြို့ မိုင်ဒါကွင်းမှာ ပြုလုပ်ခဲ့သည့် မွန်ယဉ်ကျေးမှုပြပွဲ ပြုလုပ်စဉ်က ကိုယ်တိုင်ပါဝင်ပြီး၊ မွန်ယဉ်ကျေးမှုအကမျိုးစုံကို လေ့လာကြည့်ရှုခွင့်ရပြီး ယနေ့တိုင် ပဲမမေ့နိုင်တဲ့အကြောင်း၊ ယနေ့လို အကသင်တန်းဆင်းပွဲလိုမျိုးလည်း သွားကြည့်ချင်တယ် ဒါပေမယ့် ကျန်းမာရေးကြောင့် မ တက်ရောက်နိုင်တော့ဘူးလို့ ဆိုသူက ယခု စံခပူရီတွင်နေထိုင်လျှက် အသက် ၇၉ နှစ်အရွယ်ရှိ အဖွားမိတင်မြ ပင်ဖြစ်သည်။ အဖွားအစွဲမက်ဆုံးမွန်အကက သမာဒဝက် (ခေါ်) နှစ်ပါးသွားအကနှင့် ဓါးအက (သမိန်ဗရမ်းဓါးရေး) အက အကြောင်းကိုသတိတရနှင့် ပြန်ပြောရာမှာ-

“ကြက်တညင်အကကို ကြည့်လိုက်ရင် ကြက်ဖက ကြင်ဖေါ် ကြက်မကို မြင်ပြီးတော့ တွေ့ဆုံကြည်နူးဟန်ကို သရုပ်ဖေါ်တယ်၊ မွန်မြေဝိုင်းနှစ်ပါသွားအကမှာ တွေ့ရတယ်၊ မင်းသမီးက မလှမ်းမကမ်းမှာ ညို့ဟန်ဖြင့်ကနေဆဲ  မင်းသားက မလှမ်းမကမ်းမှာ ညို့ဟန်နဲ့ ကနေဆဲ၊ မင်းသားက ကြက်ဖဟန်နဲ့ ဆောင့်ကြောင့်ထိုင်ရာမှ ခွပ်ဟန် ပြေးဟန် မင်းသမီးကိုဝေ့ကာ ဝိုက်ကာ လှည့်ကာ ပတ်ကာကပြတာ မွန်တွေရဲ့ ဟဒယမှာမက ကြည့်သူတိုင်း ရွှင်ပြစေတဲ့အကပါပဲ”

ဒါ့အပြင် ဓားအက (သမိန်ဗရမ်းဓါးရေး) အကကို လေ့လာကြည့်ရင် သိုင်းကွက် ဟန်ရေးပြပြီး ဓားနှစ်လက်ကို အားပါးတရဆုပ်ကိုင်ကာ ခြေစုံ ခုန်ပေါက် ကခုန်သည့်အတွက် ကြည့်ရသူ ရင်တွင်းက အေးကနဲဖြစ်ပေါ်ရတယ်၊ ရဲသွေးတက်လာတာကို ခံစားရတယ်၊ စစ်တက်ဟန် ဆုတ်ဟန်တို့ကိုလည်း ထည့်သွင်းထားတော့ မွန်တို့ရဲ့ ဇာတိသွေး ဇာတိမာန် အကလည်းပြောလို့ရတယ်ဟု အဖွားက ပြောသည်။

နောက်ပြီး အဖွားက ယနေ့ မွန်လူငယ်ထုကို မှာကြားချင်တာက အဖွားတို့ခေတ်တုန်းက မွန်အမျိုးသားရေး စိတ်ဓါတ်မျိုးစေ့ ရှင်သန်လာဖို့ကိုတောင် အကြပ်အတည်း အခက်အခဲကြားက မနည်းကြိုပမ်းခဲ့ရတယ်၊ ဒါတောင် မိမိယဉ်ကျေးမှုနှင့် ပတ်သက်လာရင် ချစ်ခင် မြတ်နိုးစိတ်နှင့် လက်ဆင့်ကမ်း ထိန်းသိမ်းလာနိုင်ခဲ့သေးတာပဲ ယနေ့ခေတ် လူငယ်တွေ လေ့လာသင်ကြားလိုက်စားဖို့ အခွင့်ကောင်းရနေပြီးပဲ ဒါကို လက်မလွှတ်ကြပါနှင့်၊ လူမျိုး ဘဝဖြစ်စဉ်နှင့်အတူ ထွေးပိုက် ယုယထိန်းသိမ်းလာရတဲ့ ကိုယ်ပိုင်အမွေအနှစ်ယဉ်ကျေးမှုတွေပါဟု အဖွားမိတင်မြက ပြောသည်။

မှန်ပေသည် မွန်ရှေးအကများကား မွန်တို့၏အလှများအဖြစ် ရှုမငြီးနိုင်သလိုပဲ မွန်တို့၏ ရှေးတေးဂီတအသံသည်လည်း  နားဝင်ပီယံ ချိုအေးမြပြီး နားသောတ ခံစားလို့ မဝနိုင်သည့် တေးသံသာများဖြစ်နေသည်။ ယနေ့အခြေအနေထက် ပို၍ ပို၍ တိုးတက်လာဖို့က ယနေ့မွန်လူထုတရပ်လုံးရဲ့  အမျိုးသားရေးတာဝန်နှင့် မွေးရာပါတာဝန်ပင် ဖြစ်တော့သည်။

About မွန်သတင်းအေဂျင်စီ

Check Also

ဆွေးနွေးအဖြေရှာသည့်နိုင်ငံရေးယဉ်ကျေးမှုသစ် ကန့်လန့်ကာကို စဖွင့်လိုက်ပြီလား

မြန်မာနိုင်ငံတွင် အရေးတကြီး အဖြေရှာရန် လိုအပ်နေသည့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်ရှိ ခမ်းနားကြီးကျယ်လှသည့် MICC 2 အဆောက်အဦးထဲတွင် ဒေသအသီးသီးက အရောင်အသွေးစုံ၊ အဖွဲ့အစည်းအစုံကလူတွေ Related

%d bloggers like this: