spot_img
Saturday, April 20, 2024
More
    spot_img
    Homeဆောင်းပါးအလှည့်ကျလျှင် မနွဲ့ကျစတမ်း

    အလှည့်ကျလျှင် မနွဲ့ကျစတမ်း

    -

    သူရိန်လပေါင်း (၉၀) အကြာ နေအိမ်အကျယ်ချုပ်နှင့် အကျဉ်းကျခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွှတ်မြောက်လာသည့် နိုဝင်ဘာ (၁၃) ရက်နေ့ နောက်ပိုင်းမှစပြီး မြန်မာ့နိုင်ငံရေးအခြေအနေများသည် တစ်မျိုးတစ်ဖုံပြောင်းလဲသွားနိုင်ဘွယ် ရာရှိသည်ဟု မြန်မာ့နိုင်ငံရေး အခြေအနေများကို လေ့လာသုံးသပ်နေသူများက ဆိုပါသည်။၁၉၉၁ ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမည့် နိုဝင်ဘာ (၁၃) ရက်နေ့တွင် ဝမ်းသားအားရ မျှော်လင့်တကြီးဖြင့် စောင့်မျှော်နေကြသည့် နိုင်ငံရေးလှုပ်ရှားသူများ အသင်းအဖွဲ့အစည်းများ ပြည်သူပြည်သားများ သောင်းနှင့်ချီ၍ ကြိုဆိုနေကြသလို လွတ်လာပြီးသည့်နောက်ပိုင်းတွင်လည်း အနယ်နယ်အရပ်ရပ်မှ သိန်းနှင့်ချီသော ပြည်သူများက သောင်းသောင်းဖျဖျ ကြိုဆိုနှုတ်ဆက်ကြသည်ကိုလည်း ပြည်ပရုပ်သံသတင်းများတွင် တွေ့မြင်ရပေသည်။

    ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် နိုင်ငံရေးပါတီများ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ပြည်ပရောက် ဒီမိုကရေစီလှုပ်ရှားသူများ နိုင်ငံတကာအစိုးရအဖွဲ့အစည်းများကလည်း ဒေါ်အောင်ဆန်းစုကြည် ပြန်လည်၍ လွတ်မြောက်လာခြင်းကို လှိုက်လှဲစွာဖြင့် ကြိုဆိုခဲ့ကြသည်။

    မြန်မာနိုင်ငံ၏ စစ်မှန်သောဒီမိုကရေစီလမ်းကြောင်းပေါ်သို့ အရောက်ပို့တည်ပေးလိုသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း အကျယ်ချုပ်မှ လွတ်မြောက်လာသည့်အချိန်မှစ၍ အနားယူနိုင်ခြင်းမရှိဘဲ သံတမာန်များ သတင်းထောက်များ နိုင်ငံရေးလှုပ်ရှားသူများ နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် တွေ့ဆုံကာ မြန်မာ့အရေးကို နေ့မအား ညမအား ဆွေးနွေးခဲ့ကြသည်။

    မြန်မာနိုင်ငံ၏ စစ်မှန်သော ဒီမိုကရေစီကို လိုလားကြသူများနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံးဆွေးနွေးမှုများကို နအဖ စစ်အစိုးရက ဥပဒေလမ်းမကြောင်းအရ ပိတ်ပင်တာဆီးနိုင် ခြင်းမရှိသော်းလည်း ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် ဒေါ်အောင်ဆန်စုကြည်တို့၏ လှုပ်ရှားမှု အခြေအနေများကို အစဉ်မပြတ် လေ့လာစောင့်ကြည့်လျှက်ရှိပြီး တိုင်းရင်းသားပြည်သူများအပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ သြဇာအရှိန်အဝါနှင့် စည်းရုံးမှုအင်အားကြီးမားစွာ ထိရောက်သွားမည်ကိုလည်း စိုးရိမ်းနေကြောင်း နိုင်ငံရေးအခြေအနေကို လေ့လာသုံးသပ်နေသူများက ဆိုပါသည်။

    ကိုယ့်တစ်ဘို့တည်းကိုသာကြည့်ပြီး နိုင်ငံရေးဟူသော ဝေါဟာရကို နကန်းတစ်လုံးမျှ နာမလည်းနိုင်ရသော နအဖ အစိုးရကလည်း ဖယိုဖရဲ ဖြစ်နေသော တိုင်းပြည်ကို ပြန်လည်ပြုပြင်နိုင်မည့် တိုင်းရင်းသားမျိုးနွယ်စုများ၏ လိုအင်ဆန္ဒနှင့် စည်းလုံးညီညွတ်ရေးကို မျက်ကွယ်ပြုကာ ဆင်ကန်းတောတိုးသည့်ပမာ မြန်မာတစ်နိုင်ငံလုံးအား ချုပ်ကိုင်နိုင်ရန် ဉာဏ်နီဉာဏ်နက်မျိုးစုံသုံးရန် ကြိုးစားနေလျှက်ပင် ရှိသည်။

    နအဖ အစိုးရက မိမိသဘောနှင့်ပြုလုပ်ခဲ့သည့် အမျိုးသားညီလာခံ၏ ဆုံးဖြတ်ချက်အရ လမ်းပြမြေပုံ () ချက်နှင့် တိုင်းရင်းသားပြည်သူတို့အား ကျွန်ဘဝမှ မရုန်းထွက်နိုင်အောင် တုပ်နှောင်ထားမည့် အခြေခံဥပဒေများကိုလည်း ၂၀၀၈ ခုနှစ်တွင် ပြည်သူတို့၏ ဆန္ဒမပါဘဲ ကောက်ကျစ်သော နည်းလမ်းများဖြင့် အတည်ပြုခဲ့သလို ၂၀၁၀ ရွေးကောက်ပွဲကိုလည်း သမာသမတ်ကျကျ ယှဉ်ပြိုင်ခြင်းမပြုဘဲ ကောက်ကျစ်နည်းလမ်းများနှင့် အနိုင်ယူခဲ့သည်မှာလည်း စစ်အစိုးရက နိုင်ငံရေးဟူသော ဝေါဟာရ၏ အဓိပ္ပါယ်ကို အမှန်တစ်ကယ် နားမလည်ခြင်းကို သက်သေပြသကဲသို့ ရှိနေကြောင်း လေ့လာသုံးသပ်သူများက ပြောသည်။

    စည်းကမ်းရှိပြီး စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ဟု အစဉ်မပြတ်ကြွေးကျော်နေ သော နအဖအစိုးရ၏ ယခုလုပ်နေသော ဒီမိုကရေစီ နိုင်ငံရေးလမ်းစဉ်သည် နိုင်ငံတကာက ကျင့်သုံးနေသော ဒီမိုကရေစီလမ်းစဉ်နှင့် ပြိုင်ဘက်မရှိ ဆန့်ကျင်နေသည်များလည်း စစ်အစိုးရ ၏ နိုင်ငံရေးအတွေးအခေါ်များသည် “ခွာသေးသေး” အဆင့်မျှလောက်သာ ရှိသည်ကိုလည်း ဖေါ်ပြနေသကဲ့သို့ပင် ဖြစ်ပေသည်။

    မြန်မာနိုင်ငံ ရွေးကောက်သမိုင်းတွင် လွန်လေပြီးခဲ့သော ၁၉၆၀ နှင့် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲများသည် တိုင်းရင်းသားပြည်သူများက စစ်မှန်သေားအစိုးရကို မိမိတို့၏ ဆန္ဒများအရ ရွေးချယ်နိုင်ခဲ့သော်လည်း တိုင်းပြည်၏ အာဏာကို ဆက်လက်ချုပ်ကိုင်ထားလိုသော စစ်အာဏာရှင်များက နှုတ်ဖျားဥပဒေးများနှင့် နည်းမျိုးစုံသုံးရနု် အာဏာကို လွှဲပြောင်းပေးခြင်းမရှိဘဲ ဆက်လက်၍ ချုပ်ကိုင်ထားသည်မှာလည်း သန်းပေါင်း (၅၀) ကျော်သော ပြည်သူလူထုကို စစ်ကျွန်ဘဝသို့ သွတ်သွင်းလိုသော ဆန္ဒကို ထင်ထင်ရှားရှား ဖေါ်ပြနေသကဲ့သို့ပင်ဖြစ်သည်။

    ၂၀၁၀ ရွေးကောက်ပွဲတွင်လည်း နိုင်ငံ၏ အနာဂတ်အစိုးရ အဖွဲ့အစည်းကို ပြည်သူတို့၏ ရင်တွင်းမှ ဆန္ဒအမှန်များနှင့် ဖေါ်ပြခဲ့သော်လည်း အစိုးရမဖြစ်ရလျှင် မိမိကိုယ်ကို သတ်သေမည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် လက်ဝေခံပါတီများက ရွေးကောက်ပွဲ၏ ရလဒ်များကို အရှက်အကြောက် ကင်းမဲ့စွာဖြင့် ဆက်လက်၍ ချုပ်ကိုင်ထားဘဲပင် ဖြစ်သည်။

    နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ဆုပ်ကိုင်ထားလိုသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် စစ်အစိုးရအဖွဲ့က နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းများဖြင့် မဖြေရှင်းဘဲ စစ်ပွဲနှင့် ဖြေရှင်းလိုသော ဆန္ဒများနှင့် ၎င်းတို့အား ဆန့်ကျင်တော်လှန်နိုင်သော တိုင်းရင်းသားမျိုးနွယ်စု လက်နက်ကိုင်အဖွဲ့အစည်းများကို ၎င်းတို့၏ လက်အောက်ခံနယ်ခြားစောင့်တပ် လုပ်ခိုင်ခြင်း မလိုက်နာသည့် အဖွဲ့အစည်းများထံမှ လက်နက်များအပ်ခိုင်းခြင်း စစ်ပွဲဖြစ်ပွားအောင် ဖန်တီးခြင်း စသည့်နိုင်ငံရေးလမ်းစဉ်များနှင့် မစပ်ဟပ်သည့် လုပ်ရပ်များကို လုပ်ဆောင်နေသည့် စစ်အစိုးရအဖွဲ့အစည်းသည် ၎င်းတို့၏ နိုင်ငံရေးအသိပညာ နိုင်ငံရေးအတွေးအခေါ် ခေါင်းပါးမှုကို ဖေါ်ပြရာရောက်သလို လူမိုက်ဆန်ဆန် လက်နက်အားကိုးနှင့် ထင်ရာစိုင်းလိုသော သဘောမျိုးသက်ရောက်နေသည်ကို ဖေါ်ပြနေသကဲ့သို့လည်း ဖြစ်ပေသည်။

    နိုင်ငံတော်အား ထိန်းချုပ်နိုင်မည့် အချုပ်အခြာအာဏာ၏ အရင်းအမြစ်ဖြစ်သော ပြည်သူ့ဆန္ဒသဘောထားကို လျစ်လျူရှု့ကာ အာဏာကို လွှဲပြောင်းပေးခြင်းမရှိဘဲ ဆက်လက်၍ ချုပ်ကိုင်ထားသည်မှာလည်း ၎င်းတို့၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်လိုသော သဘောဖြစ်သည်ဟု အမည်မဖေါ်လိုသော နိုင်ငံရေးလေ့လာသုံးသပ်သူ တစ်ဦးက ဆိုပါသည်။

    ထိုသူက “စစ်အစိုးရက အာဏာကို ဘယ်သူ့လက်ထဲမှ လွှဲအပ်ပေးမှာ မဟုတ်ဘူး ဘာကြောင့်လူဆိုတော့ သူတို့ဆီများ အာဏာမရှိတော့တာနဲ့ သူတို့လုပ်ခဲ့တဲ့ အပြစ်ဒဏ်တွေအတွက် ပြည်သူတွေက ခုံရုံတင် ဒဏ်ခတ်တော့မှာ သေချာနေလို့ဘဲ ၁၉၈၈ အရေးအခင်း ၂၀၀၃ ဒီပဲယင်းလုပ်ကြံမှု ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးများ သတ်ပစ်ခဲ့တဲ့ ရဟန်းသံဃာနဲ့ ပြည်သူတွေအတွက် တိုင်းရင်းသားပြည်သူတွေက ဘယ်တော့မှ ခွင့်လွှတ်မှာ မဟုတ်ဘူး ဆိုတာကို သိနေလို့ဘဲ” ဟု ပြောသည်။

    ထိုမျှသာမက လူမိုက်အာဏာကို ရရှိထားသော စစ်အစိုးရအဖွဲ့အစည်းက တိုင်းရင်းသားပြည်သူများအား မတရား အနိုင်အကျင့်ခြင်း အမျိုးသမီးများအပေါ်အကြမ်းဖက်မှု များ မုဒိမ်းမှုများ ကျူးလွန်ခြင်း အမျိုးသားရေးလှုပ်ရှားသူများကို နှုတ်ဖျားဥပဒေများဖြင့် မတရားအဖြစ်ဒဏ်ချမှတ်ကာ နိုင်ငံရေးအကျဉ်းသားအဖြစ်သတ်မှတ်ခြင်း စာနယ်ဇင်း လွတ်လပ်ခွင့် သတင်းမီဒီယာ လွတ်လပ်ခွင့်များကို ပိတ်ပင်တားဆီးခြင်း စသည့်လူ့အခွင့်အရေးများကို ချိုးဖောက်နေသည့် စစ်အစိုးရသည် နိုင်ငံတော်၏အာဏာကို အနုနည်းနှင့် လွှဲအပ်ပေးမည်မဟုတ်ကြောင်းကိုလည်း ထိုသူက ထပ်မံ၍ သုံးသပ်ပြောဆိုခဲ့သည်။

    အမြင်မတူသည့် နိုင်ငံရေး သုံးသပ်သူတစ်ဦးကလည်း စစ်အစိုးရ၏ လက်ရှိဆုပ်ကိုင်ထားသော အာဏာသည် တာရှည်တည်မြဲမည်မဟုတ်ကြောင်း လမ်းဆုံးလျှင် ရွာ တွေ့မည်ဖြစ်သောကြောင့် မကြာခင်ကာလအတွင်း မြန်မာ့နိုင်ငံရေးသည် အသွင်ပြောင်းလာတော့မည်ဖြစ်ကြောင်း နိုင်ငံတော်၏ အာဏာသည် ပြည်သူတို့၏ လက်ဝယ်အတွင်းသို့ ရောက်ရှိရန် မဝေးတော့ကြောင်း စစ်အစိုးရအဖွဲ့အစည်း၏ ကျဆုံးခန်းကို မျက်ဝါးထင်ထင်တွေ့မြင်ရတော့မည်ဖြစ်ကြောင်း ထိုသို့ဖြစ်လာနိုင်ရန်အတွက်လည်း တိုင်းရင်းသားပြည်သူများက တိုင်းချစ် ပြည်ချစ်စိတ်ဓါတ်မျာဖြင့် လက်တွဲညီညီဆောင်ရွက်သွားရန် လိုအပ်ကြောင့် ပြောဆိုသုံးသပ်သွားပါသည်။

    ၂၀၁၀ ရွေးကောက်ပွဲပြဇာတ်ကို ဇာတ်ကွက်မနိုင်ဘဲနှင့် ကခဲ့မိသည့် စစ်အစိုးရအဖွဲ့၏ ကျဆုံးခန်းသည် မကြခင်ကာလအတွင်း အမှန်တစ်ကယ် ကျရောက်လာတော့မည်ဖြစ်သည် အဘယ်ကြောင့်ဆိုသော် စစ်အစိုးရအဖွဲ့အစည်း၏ ရွေးကောက်ပွဲလိမ်လည်မှုရလဒ်များ၏ အဖြေကိုသိနေသော နိုင်ငံရေးပါတီများ ပြည်သူများ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ နိုင်ငံတကာအစိုးရအဖွဲ့အစည်းများ၏ ဖိအားပေးမှုများကြောင့် ရှေ့တိုး ထမ်းပိုး နောက်ဆုတ် လှည်းတုတ်ဆိုသလို မလူးသာ မလွန့်သာ အခြေအနေကို ဆိုက်ရောက်နေသည့် စစ်အစိုးရအဖွဲ့အစည်းခေါင်းဆောင်များသည် မကြာမီကာလတွင် မိမိတို့ လုပ်ခဲ့သမျှ အပြစ်ဒဏ်များ လည်စဉ်း၍ ခံပေးရုံသာ ရှိပါသောကြောင့် “အလှည့်ကျလျှင် မနွဲ့ကျစတမ်း” ဟူ၍သာ ကြွေးကျော်လိုက်ချင်ပါတော့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts