မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / အမြင်နှင့်သုံးသပ်ချက် / “လက်နက်ကိုင်တွေ ပြည်သူဘက်က ရပ်တည်ကြလျှင်”

“လက်နက်ကိုင်တွေ ပြည်သူဘက်က ရပ်တည်ကြလျှင်”

ရေးသားသူ:

ရာမညသား – လက်နက်ကိုင်တွေ” ဟူသော အသုံးနှုန်းကို သုံးရခြင်းမှာ လက်နက်ကိုင်ဆောင်ထားကြသော မြန် မာ့တပ်မတော် တခုတည်းရှိသည်မဟုတ်ဘဲ တခြားလက်နက်ကိုင်တွေလည်း ရှိကြသေးသည်။ မြန် မာပြည်တွင် တိုင်းရင်းသား မွန်၊ ရခိုင်၊ ရှမ်း၊ ကရင် အစရှိသော လူမျိုးအားလုံးတို့၏ ပြည်သူများ သည် လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ညီမျှခြင်း သဘောမရှိသောကြောင့်၎င်း၊ ကြီးနိုင်ငယ်ညှင်း လုပ်ရပ်များရှိနေကြသောကြောင့်၎င်း၊ သူ့ကိုငါမယုံ ငါ့မယုံနှင့် တိုင်းရင်းသားအားလုံး စည်းလုံးညီ ညွတ်မှု ပျက်ပြားခဲ့ရသည်။ မြန်မာက အများစုဖြစ်ပြီး တခြားလူမျိုးစုများကို ဝါးမျိုး ဖိနိုပ် ညှင်းဆဲ၊ မြန်မာထဲကလည်း အချင်းချင်းအာဏာလုကာ တခုတည်းသော မြန်မာ့တပ်မတော်ကို အားမကိုးနိုင်ကြတော့ဘဲ ငါလည်း လက်နက်ကိုင်တပ်ထောင်၊ သူလည်း လက်နက်ကိုင်တပ်ထောင် ဖြစ်လာခဲ့ကြရသည်။ ယခုအခါ၌ မွန်လက်နက်ကိုင်၊ ရခိုင်လက်နက်ကိုင်၊ ကရေင်လက်နက်ကိုင်၊ ရှမ်းလက်နက်ကိုင် စသည်ဖြင့် လက်နကိုင်တပ် အများကြီးဖြစ်လာကြတော့သည်။ သို့ဖြစ်၍ “လက်နက်ကိုင်တပ်တွေ” ဟု ရေးသားရခြင်း ဖြစ်သည်။

ယနေ့မြန်မာ့တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ရဲဘော်သုံးကျိတ်တို့ ဂျပန်ပြည် စစ်ပညာသင်သွားပြီး ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ အကုန်တွင် စတင်တင်ထောင်ခဲ့သည်။ လက်နက် ကိုင်တပ်မတော် တည်ထောင်ရခြင်းအကြောင်းရင်းကား မြန်မာပြည်နှင့် မြန်မာပြည်သူလူထုများကို အင်္ဂလိပ်ကိုလိုနီကျွန်ဘဝမှ လွတ်မြောက်ရေးအတွက် ဖြစ်သည်။ လက်နက်ကိုင်တပ်မတော်ကို လည်း “ဗမာ့လွတ်လပ်ရေးတပ်မတော်” (BIA) အြဖစ် စတင် အမည်တွင်ခဲ့သည်။ တကယ်ပင် နယ် ချဲ့ အင်္ဂလိပ်ကို ဂျပန်တပ်အကူအညီအဖြစ် တိုက်ထုတ်နိုင်ခဲ့သည်။ ၎င်းနောက် တပ်မတော်ကို “ဗမာ့ကာကွယ်ရေးတပ်မတော်” (BDA) ဟု ပြောင်းလဲလျှက် အဖွဲ့အစည်းအမည် အပြောင်းလဲခဲ့သည်။ သို့သော် တိုင်းပြည်၏ လွတ်လပ်ရေးသည် မရေမရာ ဖြစ်ခဲ့ရသည်။ အင်္ဂလိပ်တို့ မြန်မာပြည်မှ ဆုတ်ခွာပြီး ၁၉၄၂ မှ ၁၉၄၅ ခုနှစ်ထိ သုံးနှစ်ကာလတွင် ဂျပန်က အင်္ဂလိပ်နေရာတွင် အစားထိုး ဝင်ရောက်ချယ်လှယ်နေပြန်သည်။ ဒေါက်တာဘမော် အစိုးရကို ၁၉၄၂ ခုနှစ် ဇူလိုင်လတွင် တင်မြှောက်ကာ အတူအယောင် လွတ်လပ်ရေးကို ပေးခဲ့သည်။ ၁၉၄၃ ခုနှစ် သြဂုတ်လတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ယင်းအစိုးရတွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် တပ်မ တော်စစ်ဦးစီးချုပ် ဖြစ်လာသည်။ တဆက်တင်းတွင် ဗမာ့ကာကွယ်ရေးတပ်မတော်ကို “ဗမာ့တပ်မ တော်” (BA) အမည်သို့ ပြောင်းလဲခဲ့သည်။ ဂျပန်သည် မြန်မာ့မြေမှ စီးပွားရေးအမြတ်ထုတ်ခြင်း မြန်မာပြည်သူလူထုကိုလည်း ဖက်ဆစ်စနစ်ဖြင့် ကြမ်းတမ်းရက်စက်စွာ ပြုကျင့်ခဲ့သည်။

သို့ဖြစ်၍ ဖလ ခေါ် ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်လပ်ရေးအဖွဲ့ ပေါ်လာရသည်။ အိန္ဒိယတွင် အခြေစိုက်နေသော အင်္ဂလိပ်တို့ကို လျို့ဝှက်စွာ အဆက်အသွယ်ပြု၍ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်နေ့၌ အင်္ဂလိပ်အကူအညီဖြင့် ဂျပန်ကို တဖန်ထပ်မံ တိုက်ထုတ်ရပြန်သည်။ လပိုင်း တွင်ပင် ဂျပန်တို့သည် မြန်မာ့မြေမှ ထွက်ခွာသွားခဲ့ရသည်။ အင်္ဂလိပ်တို့သည် နည်းပရိယာယ် အ ပြောင်းအလဲလုပ်ပြီး ထပ်မံအုပ်စိုးချယ်လှယ်လိုသေးသည်။ မသက်သာ၍ ၁၉၄၈ ခုနှစ် ဇန္နာဝါရီလ () ရက်နေ့တွင် မြန်မာပြည်ကို လွတ်လပ်ရေးပေးခဲ့ရသည်။ တိုင်းရင်းသား ချင်း၊ ကချင်၊ ရှမ်း၊ ကယား အစရှိသော လူမျိုးများ၏ နယ်မြေများ အပါအဝင် စုပေါင်းထားသောကြောင့် “ပြည်ထောင် စုမြန်မာနိုင်ငံ” ဟု အမည်ပေးခဲ့ရသည်။ လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဗမာ့တပ် မတော်သည်လည်း ပြည်ထောင်စုသားအားလုံးတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်များကို ကာကွယ် စောင့်ရှောက်ရန်နှင့် ပြည်ပရန်မှ ကာကွယ်ရန် တာဝန်များကို ယူရသည်။

လ အစိုးရ အကွဲအပြဲကြားမှ ၁၉၅၈ ခုနှစ်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ် နေဝင်းသည် ဝန်ကြီးချုပ်တာဝန်ကို ခေတ္တလွှဲပြောင်းရယူကာ အိမ်စောင့်အစိုးရ ဖြစ်ခဲ့ရသည်။ ၆ လ အတွင်း ရွေးကောက်ပွဲ ကျင်းပပေးရန်ဖြစ်သည်။ သို့သော် ဗိုလ်ချုပ်နေဝင်းသည် စစ်တပ်အာဏာ အပြင် အစိုးရအာဏာပါ လက်ဝယ်ရှိနေသဖြင့် အာဏာအရသာ ရစ်မူးစဖြစ်ခဲ့သည်။ လွှတ်တော် ရွေးကောက်ပွဲကို ၆ လ အတွင်း ကျင်းပပေးရမည့်အစား ၁၈ လ တစ်နှစ်ခွဲ ကြာကာမှ ကျင်းပပေး နိုင်ခဲ့သည်။ ထိုအချိန်က သတင်းစာကြီးများဖြစ်ကြသော မြန်မာ့အလင်း၊ ဗိုလ်တထောင်၊ ကြေးမုံ၊ ဟံသာဝတီ ၊ အိုးဝေ အစရှိသည်တို့တွင် ယခု ၆ လအတွင်း နောင် ၆ လ ဟု ပြောင်လှောင်ရေး သားခဲ့ကြသေးသည်။ ၁၉၆၀ ခုနှစ် ရွေးကောက်ပွဲတွင် ဦးနု၏ သန့်ရှင်း ဖဆဖလ (ပထဝ) ဘက်မှ နိုင်ရ၍ ဝန်ကြီးချုပ်ဦးနု အစိုးရပြန်ပေါ်လာသည်။ ဦးဗဆွေ ဦးဆောင်သော တည်မြဲ ဖဆဖလ သည် အတိုက်အခံအဖွဲ့ဖြစ်လာခဲ့သည်။

၁၉၆၂ ခုနှစ် မတ်ချ်လ ၁ ရက်နေ့တွင် ပါလီမာန် (လွှတ်တော်) ၌ ရှမ်းပြည်နယ်အရေး၊ မွန်ရခိုင် ပြည်နယ်ပေးရေး၊ စစ်မှန်သောပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် အခြေအတင်းငြင်း ခုံဆွေးနွေးနေကြရာမှ မဟာဗမာဝါဒီ နိုင်ငံရေးခေါင်းဆောင်အချို့တို့၏ မြှောက်စားအားပေးမှုကြောင့် ပြည်သူလူထုများက ရွေးကောက်တင်မြှောက်ထားခဲ့သော နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုနှင့် သမတ ဦဝင်းမောင်တို့၏ အစိုးရလက်ထဲမှ နိုင်ငံတော်အာဏာကို ဗိုလ်ချုပ်ကြီးနေဝင်း ခေါင်းဆောင်သော တပ်မတော်က လုယူသိမ်းပိုက်ခဲ့သည်။ အာဏာသိမ်းစဉ် ရှမ်းခေါင်းဆောင် သမတဟောင်း စော် ဘွားကြီး စပ်ရွှေသိုက် သေဆုံးခဲ့ရသည်။ နိုင်ငတော်အစိုးရ အဖွဲ့ဝင် ဝန်ကြီးချုပ်နှင့် ဝန်ကြီးများအ ပြင် မြန်မာနှင့် အခြားတိုင်ရင်းသား နိုငံရေးခေါင်းဆောင် အများအပြားကို ဖမ်းဆီးချုပ်နှောင် ထောင်ချခဲ့သည်။ အာဏာလက်ဝယ်ရောက်ပြီး ဗိုလ်ချုပ်ကြီး နေဝင်းက ဥက္ကဌနှင့် အခြားဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီးများကို အတွင်းရေးမှူးအဖွဲ့ဝင်များအဖြစ်ဖြင့် နိုင်ငံတော် တော်လှန်ရေးကောင်စီဖွဲ့ကာ အစိုးရတာဝန်ကို ယူလိုက်သည်။ ယင်းအစိုးရအဖွဲ့တွင် အရပ်သားအနေဖြင့် ဦးသီဟန်တစ်ဦးတည်သာ နိုင်ငံခြားရေးဌာန ဝန်ကြီးအဖြစ် နေရာပေးထားခဲ့သည်။

ဗိုလ်ချုပ်ကြီးနေဝင်းသည် အစိုးရအာဏာကို ရယူပြီး လပိုင်းတွင်ပင် ရန်ကုန်တက္ကသိုလ်ကျောင်း သားများ ဆန္ဒပြသည်ကို အကြမ်းဖက်နှိပ်နင်းခဲ့သည်။ တက္ကသိုလ်ကျောင်းသားများ၏ သမဂ္ဂ အဆောက်အဦးကြီးကိုပင် ဒိုင်နမိုက်နှင့် ဖေါက်ခွဲဖျက်ဆီးပစ်ခဲ့သည်။ ဆန္ဒပြကျောင်းသားတစ်ရာကျော် သေဆုံးခဲ့ရသည်။ ထိုနေ့သည်ကား ဂျုလိုင်လ () ရက်နေ့ဖြစ် သည်။ “ခုနှစ်ဂျုလိုင်မမေ့နိုင်” ဟု ကျောင်းသားများ၏ ဦးနှောက်ထဲတွင် ယနေ့တိုင်စွဲမြဲစွာ ကျန်ရစ်နေခဲ့သည်။ စစ်အစိုးရသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စသည့်အရေးများ၏ ပြဿနာ ကို သူ့သက်ဆိုင်ရာအပိုင်းကဏ္ဍအလိုက် သူ့နည်း သူ့ဟန်ဖြင့် ဖြေရှင်းမှုမပြုဘဲ အာဏာနှင့် လက် နက်ကို အားကိုးကာ စစ်ရေးနည်း၊ အကြမ်းဖက်သည့် နည်းဖြင့်သာ ဖြေရှင်းလေ့ရှိခဲ့သည်။

စစ်တပ်အာဏာသည် နိုင်ငံရေး အခန်းကဏ္ဍတွင် ပါဝင်လွှမ်းမိုးနိုင်ရေးအတွက် ဗိုလ်ချုပ်ကြီး နေဝင်းသည် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ထူထောင်ခဲ့သည်။ ပါတီစုံဒီမိုကရေစီစနစ်ကို ပစ်ပယ်၍ တပါတီအာဏာရှင်စနစ် လမ်းကြောင်းသို့ တွန်းပို့ခဲ့သည်။ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ () တွင် အစိုးရအမှုထမ်းများ၊ ကျောင်းသားများ စစ်သားများပါမကျန် ပါဝင်ခွင့်ပြုထားသည်။ တပ်မတော်မှ အဆင့်ဆင့်သော အကြီးအကဲများသည် နိုင်ငံရေးထိုင်ခုံများ အဆင့်ဆင့်တွင် ဘောင်းဘီချွတ် လုံချည်ဝတ်ပြီး ဝင်ရောက်နေရာယူကြသည်။ ထို့ပြင် ဗိုလ်ချုပ် ကြီးနေဝင်းသည် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်တရပ်ကို ၂ နှစ်မျှ အချိန်ယူ ရေးဆွဲပြီး ၁၉၇၃ ခုနှစ် ဒီဇင်ဘာလအကုန်တွင် ပြည်သူလူထုတို့အား အတည်ပြုစေခဲ့သည်။ ဤသို့ဖြင့် ၁၉၇၃ ခုနှစ် ဇန္နဝါရီလ () ရက်နေ့ကို “ပြည်ထောင်စုဆိုရှယ်လစ်သမတ မြန်မာနိုင်ငံ” ၏ အခြေခံဥပဒေနေ့အဖြစ် သမုတ်ခဲ့သည်။ ဗိုလ်ချုပ်ကြီးနေဝင်းသည်လည်း မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဥက္ကဌကြီးနှင့် သမတကြီးဦးနေဝင်း ဖြစ်လာခဲ့သည်။

ဗမာ့တပ်မတော်ကိုလည်း ပြည်သူ့တပ်မတော်၊ ရဲ (ပုလိပ်) ကိုလည်း ပြည်သူ့ ရဲ စသည်ဖြင့် ပြည်သူဟူသော အသုံးနှုန်း လူထုအကျိုးကို အမှန်သယ်ပိုးလို၍မဟုတ်၊ ပြည်သူလူထုကို စုသုံးလုပ်ပြီး တပ်မတော်ကသာ နေရာတကာတွင် ချယ်လှယ်နေခဲ့သည်။ အုပ်ချုပ်သူ လူတန်းစား တရပ်အသွင်သို့ ပုံဖော်ခဲ့သည်။ ၁၉၆၂ ခုနှစ် တပ်မတော်က အာဏာသိမ်းပြီးမှစ၍ တပ်အင်းအား ကို တဖြည်းဖြည်းတိုးချဲ့ခဲ့သည်။ ထို့အပြင် ကျေးရွာလုံခြုံရေး၊ ငြိမ်းဝပ်ပိပြားရေး၊ သူခိုး၊ ဓါးပြများ၊ သူပုန်များ ဘေးအန္တရာယ်ကို ကာကွယ်ရန်အကြောင်းပြချက်ဖြင့် ကျေးရွာပြည်သူ့စစ်များကို ဖွဲ့စည်းကာ ထပ်မံလက်နက်တပ်ဆင် ချဲ့ထွင်ခဲ့သည်။ သို့နှင့်မပြီးသေး ရိုးရိုးအရပ်သားများကိုလည်း အလှည့်ကျတာဝန်ပေးကာ ကျေးရွာပြည်သူ့စစ်များကို အကူကင်းစောင့်ရသေးသည်။ ပေါတာဆွဲသော အလေ့အကျင့်လည်း ပိုတိုးပွားလာသည်။ ပြည်သူတို့၏ စားဝတ်နေရေးဘဝ တဖြည်းဖြည်း ကျဆင်းလာသည်။ တော်လှန်ရေးကောင်စီသက်တမ်း ၁၂ နှစ်နှင့် ဖဆလ သက်တမ်း ၁၃ နှစ်ကျော်၊ သက်တမ်း ၂ ခုပေါင်း ၂၅၂၆ နှစ်ကာလအတွင်း တိုင်းပြည်အခြေအနေ ဆင်းရဲကျပ်တည် ချွတ်ခြုံကျပြီး နိုင်ငံတကာ အကြွေးများကိုပင် မဆပ်နိုင်ဖြစ်ကာ ၁၉၈၇ ခုနှစ်တွင် ကမ္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ (အဆင်းရဲဆုံးနိုင်ငံများ) စာရင်းတွင် ပါဝင်ခဲ့သည်။ တနည်းအားဖြင့်ဆိုသော် ဒေဝါလီခံဘဝ ရောက်ခဲ့ရသည်။

တပ်မတော်က နိုင်ငံတော်အစိုးရ အာဏာကို ရယူခဲ့သည့်အချိန်မှစ၍ ၁၀၆၂ ခုနှစ်၊ ဇူလိုင်လ () ရက်နေ့ ကျောင်းသားအရေးအခင်းဆန္ဒပြမှု ၇၄ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် အသုဘကိစ္ဒဆန္ဒပြမှု၊ စသည်တို့ကိုလည်း လက်နက်အားကိုး၍ အကြမ်းဖက်နှိမ်နင်းခဲ့ သည်။ ပြည်သူလူထုတို့၏ ဆန္ဒကို လက်ခံစဉ်းစားကာ တွေ့ဆုံဆွေးနွေးခြင်း၊ လိုက်လျောခြင်း အလျင်မရှိခဲ့ပေ။ အာဏာဖီဆန်သည်ဟု ယူဆခံရသူမှန်သမျှ ရန်သူဟု သဘောထားတော့ကာ ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခဲ့သည်။ လွတ်လပ်သောမြန်မာနိုင်ငံတွင် မြန်မာပြည်သူများသည် ဒီမိုကရေစီကျင့်ထုံး ဖြစ်သော (ဝါ) ဒီမိုကရေစီစနစ်၏ အခြေခံအခွင့်အရေးဖြစ်သော လွတ်လပ်စွာ တွေးတောထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားတင်ပြခွင့်၊ ဆန္ဒထုတ်ဖေါ်ခွင့်၊ ဟောပြောခွင့်၊ စုရုံးခွင့်များ ဆုံးရှုံခဲ့ရသည်။

၁၉၈၈ ခုနှစ် သြဂုတ်လ () ရက် လူထုအုံကြွမှုသည် မတ်လ (၁၃) ရက် တက္ကသိုလ်ကျောင်းသား မောင်ဖုန်းဖော် ပြည်သူ့ရဲ လက်ချက်ကြောင့် သေဆုံးသဖြင့် တက္ကသိုလ်ကျောင်းသားများက မကျေနပ်ရာမှ စတင်လာခဲ့သည်။ ဤတွင် ဆင်းရဲကြပ်တည်းမှုဒဏ်ကို အကြီးအကျယ်ခံစား နေရသော ပြည်သူလူထုကြီးသည် ကျောင်းသားများဦးဆောင် ဆန္ဒပြသည်ကို ထောက်ခံ ပါဝင်လာကြသည်။ တိုင်းပြည်အနှံ့ တမဟုတ်ချင်း သိန်းပေါင်းများစွာ လူထုအုံကြွမှု ဆန္ဒပြပွဲကြီး ဖြစ်လာခဲ့သည်။ ဒီမိုကရေစီစနစ်ကို တောင်းဆိုသော ဆန္ဒပြပွဲကြီး ဖြစ်လာခဲ့သည်။ ဆန္ဒပြည်သူလူထုကို ရက်ရက်စက်စက် အကြမ်းဖက် သတ်ဖြတ်ကာ နှိမ်နင်းခဲ့သည်။ ဆန္ဒပြ ကျောင်းသားပြည်သူ လူပေါင်း ၃ ထောင်နီးပါး သေးဆုံးခဲ့သည်။ စက်တင်ဘာလ (၁၈) ရက်နေ့၌ တပ်မတော်က “ံနိုင်ငံတောငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးကောင်စီ” အမည်ဖြင့် အစိုးရအာဏာကို ပခုံးပြောင်းရယူလိုက်သည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ကောင်စီ (နဝတ) ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမောင်သည် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပပေးမည်။ အနိုင်ရသော ပါတီ/ အဖွဲ့ကို အာဏာအပ်ပေးပြီး တပ်မတော်က စစ်တန်းလျားသို့ ပြန်ဝင်မည်ဟု ပြည်သူလူထုကြီးကို ဂတိခံကြေညာပေးသည်။ တဆက်တည်းတွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ကျင်းပမည့် ရွေးကောက်ပွဲအတွက် “တိုင်းရင်းသားစည်းလုံညီညွတ်ရေးပါတီ (တစည) အမည်ဖြင့် မှတ်ပုံတင် တင်သွင်းခဲ့သည်။ မြန်မာနိုင်ငံရေးပါတီ အမြောက်အများ ပေါ်ထွက်လာသည်။ မိမိတိုင်းရင်းသားကို ကိုယ်စားပြုသော အခြားတိုင်းရင်းသား နိုင်ငံရေးပါတီ/ အဖွဲ့အစည်းများ အသီးသီးပေါ်ထွက်လာသည်။ မြန်မာ့နိုင်ငံရေးပါတီ/အဖွဲ့များအနက် ကာကွယ်ရေးစစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ခေါင်းဆောင်သော “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်” သည် အင်းအားအကောင်းဆုံး ဖြစ်သည်။ နဝတသည် တနှစ်ခွဲကျော် အချိန်ဆွဲခဲ့ပြီး ၁၉၉၀ ခုနှစ် မေလ ၂၇ ရက်နေ့ကျမှ ပါတီစုံအထွေထွေ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့သည်။ ရွေးကောက်ပွဲရလာဒ်မှ မဆလ အသွင်ပြောင်း တစညသည် မဲဆန္ဒနယ်မြေ ၁၀ ခုမှာသာ အနိုင်ရခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကသာ မဲဆန္ဒနယ်မြေအရေအတွက် ၈၂% ကျော် (၃၉၂) နေရာဖြင့် အဖြတ်အသတ်အနိုင်ရခဲ့သည်။ ကျန်သော မဲဆန္ဒနယ်မြေများတွင် တိုင်းရင်းသားအဖွဲ့များမှ ရရှိခဲ့သည်။

နဝတ တပ်မတော် ခေါင်းဆောင်ဗိုလ်ချုပ်ကြီးများသည် ပြည်သူလူထုတို့၏ ဆန္ဒကို တန်ဖိုးထား သော မဲအနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို အာဏာမအပ်နိုင်ဖြစ်လာသည်။ နိုင်ငံတော်ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြခံဥပဒေမရှိသေးသောကြောင့်ဟူသော အကြောင်းပြချက်ဖြင့် အာဏာကို ဆက်လက်ဆုတ်ကိုင်ထားခဲ့သည်။ ဤတွင် နဝတသည် နအဖ (နိုင်ငံတော်အေးချမ်းသာယာ ရေးအဖွဲ့) သို့ အမည်ပြောင်းခြင်း၊ အရှက်အကြောက်မရှိဘဲ မြန်မာပြည်လူထုကိုရော ကမ္ဘာ့မျက်မြင် များကိုပါ ပြောင်ပြောင်တင်းတင်း လှည့်ဖြားလိမ်ညာခဲ့သည်။ ထိုမျှမပြီးသေးဘဲ ဒီမိုကရေစီ နည်းမကျသော အမျိုးသားညီလာခံကို မိမိလက်ရွေးစင် ကိုယ်စားလှယ်များဖြင့် မိမိတို့ကြိုတင်ရေးဆွဲသတ်မှတ်ထားသော စည်းကမ်းအချက်အလက်များဖြင့် ၁၉၉၃ ခုနှစ် ဂျန္နာဝါရီလ () ရက်နေ့တွင် စတင်ကျင်းပခဲ့သည်။ မှော်ဘီမြို့နယ် (တပ်နယ်မြေ) ညောင်နှစ်ပင်အရပ်တွင် ညီလာခံအဆောက်အဦးကြီးကို တည်ဆောက်ထားသောကြောင့် ညောင်နှစ်ပင်ညီလာခံဟု ခေါ်တွင်ခဲ့ကြသည်။ ညီလာခံကိုယ်စားလှယ်းများသည် လွတ်လပ်စွာ တင်ပြဆွေးနွေးခွင့် မရှိခဲ့ပေ။ ညီလာခံကိုယ်စားလှယ်အဖြစ် တက်ရောက်လာကြသော တိုင်းရင်းသားလူမျိုးစုများ၏ တင်ပြချက်များကိုလည်း လက်ခံစဉ်းစားခြင်း၊ ဆွေးနွေးပြောဆိုခြင်းမရှိခဲ့ပေ။ တပ်မတော်ဗိုလ်ချုပ်ကြီးများ၏ ကြိုတင်စီစဉ်ရေးဆွဲထားသော အခြေခံမူများ၊ ဥပဒေများကိုသာ ထောက်ခံဆွေးရန်ဖြစ်သည်။ ညီလာခံသည် စစ်အာဏာရှင်တို့အ တွက် အချိန်ဆွဲရန် အကြောင်းပြချက်တခုအနေဖြင့်၎င်း၊ မိမိတို့အလိုကျနိုင်ငံတော်အာဏာကို တပ်မတော်လက်ထဲတွင် ဆက်လက်ခိုင်မြဲနေစေသော ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပေါ်ပေါက် ရေးအတွက်၎င်း ဖြစ်သည်။ နအဖတို့၏ လမ်းမြေပုံခေါ် လုပ်ငန်းလမ်းညွန်းအဆင့်ဆင့်အနက် ပထမ အဆင့် ဖြစ်သည်။ ဤအဆင့်၌ပင် လွန်ခဲ့သော ၂၀၀၈ သြဂုတ်လအကုန်ရက်လောက်မှာပင် အပြီး သတ်ခဲ့သည်။ ၁၄ နှစ်ကြာခဲ့သည်။ ကမ္ဘာတွင် မြန်မာတဦးသော ထူးထူးခြားခြား ဖြစ်ခဲ့သည်။ ပြည်တွင်းအခြေအနေ ဆိုးရွားလာမှုနှင့် ပြင်ပကမ္ဘာ့ဖိအားကြောင့်သာ တခန်းဖြတ်တောက်လိုက် ခြင်းဖြစ်သည်။

နအဖသည် စစ်မှန်သော ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကို ဖေါ်ဆောင်ရန်လုံးဝ မရည်ရွယ်ခဲ့ပေ။ တပြည်ထောင်စနစ်နှင့် တပ်မတော်က နိုင်ငံရေးအာဏာတွင် ဗိုလ်ချုပ်မှုးကြီး ဗိုလ်ချုပ်ကြီး ဗိုလ်ချုပ်ကလေးများသည် ဝိသမလောဘ သမာအာဇီဝမဟုတ်သော ငွေရှင်ကြေးရှင်များနှင့် ပေါင်းကာ လာဘ်စားခြင်းဖြင့် အသပြာစုကြသည်။ အာဏာဂုဏ် ငွေဂုဏ် ရစ်မူးနေကြသည်။ ပြည်သူလူထုတရပ်တို့၏ ဆင်းရဲနွမ်းပါးဒုက္ခအထွေထွေနှင့် မဝရေစာ စားနေရ သည်ကိုပင် ဂရုမစိုက် မိုက်တွင်းနက်နေကြသည်။ ပြည်သူလူတို့၏ စားဝတ်နေရေးဘဝ၊ ကျန်းမာ ရေး၊ ပညာရေး၊ လူနေမှုဘဝသည် ၁၉၉၈ ခုနှစ်ထက် အဆပေါင်းများစွာ ကြပ်တည်းလာခဲ့သည်။ နေ့လုပ်ခစား အလုပ်သမားများသည် ထမင်းရေသောက်၊ ဆန်ပြုတ်သောက်နေနရသူ အမြောက်အမြားရှိလာခဲ့သည်။ တနည်းအားဖြင့်ဆိုသော် ထမင်းနပ်မမှန်သူ ပေါများလာခဲ့သည်။

ပြည်သူလူထုတို့၏ အထွေထွေ လူနေမှုဘဝ အခြေအနေ မည်သို့ပင်ရှိစေ “ ဘယ်သူသေသေ ငတေလျှင်ပြီးရော” ဆိုသည့်စကားအတိုင်း စစ်အာဏာများနှင့် အပေါင်းပါ ငွေရှင်ကြွေးရှင်တို့၏ ဘဝ သာယာနေလျှင်ပြီးရော ဖြစ်နေသည်။ သို့နှင့် နအဖက ၂၀၀၇ ခုနှစ် သြဂုတ်လ (၁၅) ရက်တွင် လောင်စာဆီစျေးကို ငါးဆ (၅၀၀%) မျှ တိုးမြှင့်လိုက်ပြန်သည်။ “သေလုနီပါး အသက်ငင်နေသူကို လည်မျိုညှစ်ပြီး သတ်သလို” ဆင်းရဲကြပ်တည်းမှုကြီးစွာ ခံစားနေရသော သာမန်ပြည်သူလူထုကြီးအပေါ် စာနာထောက်ထားမှုကင်းသော မညှာမတာကျင်နာမှုကင်းသော အုပ်စိုးသူများတို့၏ လုပ်ရပ်သာဖြစ်သည်။ ဒါ့ကြောင့် အအုပ်စိုးခံ ပြည်သူလူထုကြီး၏ဘဝတွင် အတူတကွခံစားနေရသော သီးမခံနိုင်တော့သော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်နှင့် အပေါင်းသင်းများသည် ပြည်သူလူထုဘက်ကရပ်ကာ နအဖ အုပ်စိုးသူအဖွဲ့အပေါ် ဝေဖန်တိုက်ခိုက်လာသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြလာခဲ့သည်။ ၂၀၀၇ ခုနှစ် သြဂုတ်လ (၁၉) ရက်မှ စတင်ကာ ၂၀ ၂၁ ရက် စသည်ဖြင့် ရက်ဆက်ဆန္ဒပြလာခဲ့သည်။ ဆန္ဒပြသူ ၁၀ ဂဏန်းမှ ရာဂဏန်း ဖြစ်လာခဲ့သည်။ ပြည်သူလူထုဘက်မှာလည်း လမ်းဘေးမှ ထောင်ချီ ရပ်ကြည့် အားပေးလာကြသည်။ သြဂုတ်လ ၂၁ ရက်နေ့ ညနက်သန်းခေါင်ယံအချိန်တွင် ကျောင်းသားခေါင်း ဆောင် (၁၃) ဦးကို နေအိမ်များမှ ခေါ်ယူထိန်းသိမ်းလိုက်ကြသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြပါလျှက်နှင့် ကျောင်းသားခေါင်းဆောင်များကို နအဖများကို ထိန်းသိမ်းလိုက်သောကြောင့် ၎င်းနေရာတွင် အစားထိုး၍ ပြည်သူလူထုတို့ ကိုယ်စား သံဃာတော်များက ဆက်လက်ဦးဆောင်ခဲ့ရသည်။ သံဃာတော်များ၏ ငြိမ်းချမ်းစွာ မေတ္တာပို့ ဆန္ဒပြသည်ကို ကျောင်းသားများ၊ အလွှာအသီးသီးမှ ပြည်သူလူထုများတို့က ထောက်ခံအားပေးခဲ့ကြသည်။ သံဃာတော်များဆယ်ဂဏန်းမှ ရာဂဏန်း သောင်းဂဏန်းများအထိ အရေအတွက်များပြားလာက လမ်းထွက်ခဲ့ကြသည်။ ရန်ကုန်မြို့တွင် စက်တင်ဘာလ ၂၅ ၂၆ ရက်နေ့များ၌ ဆန္ဒပြရဟန်သံဃာတော်များ ပြည်သူများ ၂ သိန်းခန့် ရှိလာခဲ့သည်။ မန္တလေး၊ မော်လမြိုင်၊ စစ်တွေ၊ ပုသိမ်၊ မုံရွာ စသော မြို့ကြီးများ ၂၀ ကျော်တွင်လည်း ထောင်နှင့် သောင်းနှင့် သံဃာတော်များ ဦးဆောင်ဆန္ဒပြသည်ကို ပြည်သူလူထုပါ ထောက်ခံ အားပေးလာခဲ့ကြသည်။ ရဟန်းသံဃာများ၊ ကျောင်းသားများ ပြည်သူလူထုကြီးများက မည်သို့ပင် ကြီးကြီးမားမား ဆန္ဒပြတောင်းဆိုစေကာမူ အာဏာရူး စစ်ဘီလူး ဗိုလ်ချုပ်ကြီးများ ဗိုလ်ချုပ်ကလေးများက ပြည်သူလူထုကြီးဘက်ကို စာနာထောက်ထားမှုမပြု၊ ပြည်သူလူထုကြီးက မရပ်ဘဲ၊ ပြည်သူ လူထုကြီးကို ရန်သူလိုသဘောထားကာ လက်နက်အားကိုး အကျင့်ဆိုးဖြင့် ရက်ရက်စက်စက် ထပ် မံ၍ အကြမ်းဖက်နှိမ်းနင်း ရိုက်ပုတ် သတ်ဖြတ်ခဲ့ကြသည်။ မသေဘဲကျန်နေသော လက်ရဖမ်းမိသူ များကို ဖက်ဆစ်နည်းဖြင့် ညှင်းဆဲပြီး အကျဉ်းထောင်ထဲ သွင်းခဲ့ကြသည်။ စစ်အာဏာရှင်တို့၏ ဉာဏ်နီဉာဏ်နက် ရက်စက်သောအမူအကျင့်နှင့် လိမ်နည်း ညာနည်း အသွယ်သွယ်တို့ကြောင့် ပြည်သူလူထုတို့ အယုံအကြည် ကင်းလာကြသည်။ ဤအရေးအခင်းတွင် မည်မျှသေကြ၊ ဒဏ်ရာရကြ၊ အချုပ်ထောင်ထဲရောက်ကြရ။ ထွက်ပြေးရှောင်တိမ်းရကြသည်တို့ကို ဘယ်သူကမှ အသေအချာ အတိအကျ သိခွင့်မရခဲ့ကြပေ။ ပြည်သူလူထုတရပ်လုုံးအတွက် အလွန့်အလွန်ကြေ ကွဲ ဝမ်းနည်းဖွယ်ကောင်းလှသည်။

ပြည်ထောင်စုမြန်မာနိုင်ငံတွင် ၁၉၄၂ ခုနှစ်မှ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရသည်အထိ ဗမာ့လွတ် လပ်ရေးတပ်မတော် ဗမာ့ကာကွယ်ရေးတပ်မတော်၊ ဗမာ့တပ်မတော် စသောအမည်အဆင့်ဆင့် ပြောင်းလဲကာ မှည့်ခေါ်ခဲ့သည်။ ယင်းကာလတွင် ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပြည်သူလူထု တရပ် လုံးကို သူ့ကျွန်ဘဝမှ ကယ်တင်ရန် နယ်ချဲ့အင်္ဂလိပ်နှင့် ဂျပန်ဖက်ဆစ်တို့ကို တိုက်ထုတ်ရာတွင် တခုတည်းသော တပ်မတော်ဖြစ်ခဲ့သည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် လွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် ထိုတပ်မတော်သည် တိုင်းပြည်၏ ပြည်ပရန် ကာကွွယ်ရေးနှင့် ပြည်သူလူထုတို့၏ ဘဝလွတ်လပ်ရေး၊ ပြည်သူလူထုတို့၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ဥစ္စာတို့ကို ကာကွယ်စောင့် ရှောက်ရေး တာဝန်ကို ထမ်းဆောင်ရသည်။ တပ်မတော်အနေဖြင့် ဤတာဝန်များကို ကျေပြွှန်စွာ ထမ်းဆောင်နိုင်ခဲ့ပါလျှင် ပြည်သူလူထုကြီး၏ ဘဝသည် အေးချမ်းသာယာပြီး တိုင်းပြည်သည် လည်း ငြိမ်းချမ်းမည်သာ ဖြစ်သည်။

သို့သော် ၁၉၄၈ ခုနှစ် တိုင်းပြည်လွတ်လပ်ရေးရပြီးနောက် လပိုင်းတွင်ပင် ဝါဒစွဲပြင်းထန်မှုကြောင့် ကွန်မြူနစ်ပါတီတောခို၍ ဦးနုအစိုးရကို လက်နက်ကိုင်ဆန့်ကျင် တိုက်ခိုက်လာခဲ့သည်။ ကွန်မြူနစ် ပါတီတွင်လည်း သခင်သန်းထွန်းခေါင်းဆောင်သော ကွန်မြူနစ်ပါတီ (ဗမာပြည်) နှင့် သခင်စိုး ခေါင်းဆောင်သော ကွန်မြူနစ်ပါတီ (အလံနီ) တို့ ၂ ဖွဲ့ရှိသည်။ ထို့ပြင် ဗိုလ်ဖိုးကွန်းခေါင်း ဆောင်သော ပြင်သူ့ရဲဘော်အဖွဲ့လည်းရှိသေးသည်။ မွန်၊ ရခိုင်၊ ကရင်တို့သည်လည်း မိမိတို့လူမျိုး အတွက် လွတ်လပ်မှု၊ တရားမျှတမှုနှင့် ညီမျှမှု အခွင့်အရေးမရရှိသောကြောင့် တောခိုကာ လက် နက်ကိုင်ပြီး ဦးနုအစိုးရကို တော်လှန်တိုက်ခိုက်ခဲ့ကြသည်။ ဤသို့ဖြင့် အစိုးရကွပ်ကဲသော လက် နက်ကိုင်အဖွဲ့ (တပ်မတော်) အပြင် အခြား အခြား နိုင်ငံရေးအဖွဲ့အသီးသီးတို့က ကွပ်ကဲသော လက်နက်ကိုင်အဖွဲ့ (တပ်မတော်) များလည်း စင်ပြိုင်ရှိနေကြသည်။ အလံနီကွန်မြူနစ်ပါတီ လက်နက်ကိုင်အဖွဲ့သည် ရှစ်လေးလုံးလူထုအုံကြွမှု မတိုင်ခင်၌ပင် ပျက်သုဉ်းပျောက်ကွယ်သွား ခဲ့သည်။ ဗိုလ်ချုပ်ကြီးနေဝင်း ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း ၁၉၈၈ ခုနှစ် အရေးအခင်း အထိဆိုလျှင် ချင်း၊ ကချင်၊ ပလောင်၊ ပအို့၊ ရှမ်း၊ ကရင်နီ (ယကား)၊ ဝ နှင့် လားဟူလူမျိုးများတို့၏ လက်နက်ကိုင်အဖွဲ့များ (မိမိတို့ လူမျိုးစုဆိုင်ရာတပ်မတော်များ) အသီးသီး ပေါ်ပေါက်လာခဲ့ကြသည်။

အားလုံးသော လက်နက်ကိုင်အဖွဲ့ (တပ်မတော်များ) တို့သည် မိမိတို့၏ ပြည်သူလူထုများကို သူတပါးကျွန် မဖြစ်စေလိုသော၊ လွတ်လပ်သည့်လူမျိုးဖြစ်စေလိုသော သဘောဆန္ဒရင်းဖြင့် တည်ထောင်ဖွဲ့စည်းလာခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ယနေ့ ဗမာ့တပ်မတော်သည် မူလရည်ရွယ်ချက်ဖြစ်သော “တပ်မတော်သည် ပြည်သူအတွက်ဖြစ်စေရမည်” မဟုတ်တော့ဘဲ “ပြည်သူသည်သာ တပ်မတော်အတွက်” ဖြစ်နေသည်။ တပ်မတော်သည် အုပ်ချုပ်သူ လူတန်းစားတရပ် ဖြစ်နေသည်။ အာဏာရစ်မူးနေသော ဗိုလ်ချုပ်ကြီးများက “တပ်မတော်သည်သာ အမိတပ်မတော်သည်အဖ” အမြင်ကိုသွတ်သွင်းခဲ့ကြသည်။ လက်နက်အာဏာကို အားကိုးပြီး မိမိပြည်သူလူထုကြီး ပြန်ပြီးရက်ရက်စက်စက် ကျွန်ပြုနေသည်။

၁၉၈၈ ခုနှစ်၊ အရေအခင်းနောက်ပိုင်း တက်လာသော နဝတ၊ နအဖ ဖက်ဆစ်စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးများ၊ ဗိုလ်ချုပ်ကလေးများ စစ်အုပ်စုသည် ပြည်သူလူထုကို လိမ်လည်လှည့်ဖြားခဲ့ကြသည်။ လာဘ်စားခြင်း၊ တိုင်းပြည်၏ မြေပေါ်မြေအောက် သယံဇာတများမှရလာသော အကျိုးအမြတ်များ၊ ပြည်သူ့ဘဏ္ဍာများကို ထင်သလို ချယ်လှယ် သုံးစွဲခဲ့ကြသည်။ ပြည်သူလူထုတို့၏ ရင်သွေးများမှ ပေါက်ဖွားလာခဲ့ကြသော တပ်မတော်များဖြစ်ကြသော်လည်း ပြည်သူလူအတွက် ဘာတခုမျှ ငဲ့ကွက်စရာမရှိ။ ပြည်သူလူထုကို အလုပ်အကျွေးမပြုရုံမျှမက၊ ပြည်သူလူထုကိုပင် ဆင်းရဲတွင်းနက်စေရန် ဖန်တီးခဲ့ကြသည်။ ပြည်သူလူထုကြီးတို့က ဆင်းရဲမွဲပျာကျနေကြောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြထုတ် ဖေါ်ပြကြသည်ကို ပြည်သူလူထုကို ပြန်ပြီး နှိပ်စက် သတ်ဖြတ် အနိုင်ကျင့်ခဲ့ကြပြန်သည်။

ကမ္ဘာပေါ်တွင် မည်သည့်တိုင်းပြည်မည်သည့် လူမျိုးမဆို မိမိတို့တိုင်းပြည်ကို ပြည်ပရန်မှကာ ကွယ်ရန် မိမိပြည်သူလူထုတို့၏ အသက်အိုးအိမ်စည်းစိမ်းများနှင့် လွတ်လပ်မှုကို ကာကွယ်ရန် တာဝန်ရှိသည်။ ပြည်သူလူထုတို့က လေဘေး၊ မီးဘေး၊ ရေဘေး၊ ငလျင်ဘေးတို့မှ ဒုက္ခကြီးစွာ ခံစားရလျှင် တာဝန်ရှိ နိုင်ငံတော်အစိုးရက ငွေအား၊ ပစ္စည်းအား၊ လူအင်အားတို့ဖြင့် တတ်နိုင် သမျှအလျင်မီကူညီရမည်ဖြစ်သည်။ တပ်မတော်ဘက်ကလည်း လုပ်အားပေးခြင်း၊ ဒုက္ခကြုံရသော ပြည်သူများ မြန်မြန်ဆန်ဆန်နလံတူနိုင်ရန် နိုင်ငံတကာတွင် အားရစွာ တွေ့မြင်ရသည်။ ၂၀၀၈ ခုနှစ် မေလ မြန်မာပြည်မြစ်ဝကျွန်းပေါ်ဒေသ လေဘေး ရေးဘေး အကြီးအကျယ်ခံ စားနေရသည်။ အိမ်ယာတိုက်တာ၊ လယ်လယ်ယာခြံမြေ ကျွဲနွားများနှင့် စည်းစိမ်ဥစ္စာ ကြီးစွာဆုံးရှုံးနေခဲ့ရနှင့် လူအသက်ပေါင်း သောင်းသိန်းဂဏန်းအထိ သေဆုံးခဲ့ရသည်။ ထိုအချိန်အခါတွင် မိမိသည်လည်း အလျင်မီ မကူညီနိုင်ရုံမျှမက နိုင်ငံတကာမှ ကူညီလာသည်ကိုပင် ကောင်းစွာခွင့်မပြုနိုင်၊ တားဆီးခြင်း၊ ခွင့်ပြုထားပြီး ဝင်လာသော အကူပစ္စည်းများလည်း၊ ဖြတ်စား လာဘ်စားခြင်း ပြု သေးသည်။ ဒုက္ခရောက်နေသော ပြည်သူလူထုဆီသို့ ကောင်းစွာမရောက်ခဲ့။ ထို့ပြင် စစ်အာဏာ တည်မြဲရေးအတွက် ပြည်သူလူထုဒုက္ခရောက်နေစဉ်မှာပင် မိမိ၏အလိုကျ ရေမဆွဲထားသော နိုင်ငံ တော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို မရမက ပြည်သူလူထုများအား အတည်ပြုခိုင်း လိုက်သေး သည်။

ယနေ့အခြအနတွင် ပြည်သူလူထုတို့၏ တကယ်ခံစားနရသော အထွေထွေအကြပ်အတည်း လူမူဘဝဒုက္ခကြီးကို သိရှိနားလည်ပြီး မျှဝေခံစားကာ လက်နက်ကိုင် (တပ်မတော်) တွေ ပြည်သူဘက်က ရပ်တည်းကြပါလျှင်တကယ်ငြိမ်းချမ်းသာယာသော တိုင်းပြည်နှင့် ပြည်သူလူထုတို့၏ ဘဝကို ကောင်းစွာ ပြန်လည်တည်ဆောက်နိုင်မည် ဖြစ်ပေတော့သည်။

About မွန်သတင်းအေဂျင်စီ

Check Also

စိတ်အခံပြောင်းနိုင်မှ အရိပ်သဏ္ဍာန်ကောင်း ရမည်

“မောင်ခိုင်မွန်” ရေးသော “၂၀၁၇” ကဗျာမှ အောက်ပါစာသားပါဒများကို ကြိုက်နှစ်သက်သည်။ “၂- ဖက်တီးမှ မြည်မယ်ဆိုယင်လည်း ဒီနေ့ပဲ တီးစေချင်ကြ အစာတောင်း ငှက်ကလေးတွေလို လက်ခုပ်သံကို ဆာလောင်” …

%d bloggers like this: