spot_img
Thursday, April 18, 2024
More
    spot_img
    Homeသတင်းဘိလပ်မြေစက်ရုံအတွက် အသိမ်းစည်းခံထားရသည့် ခြံမြေများ လျော်ကြေးမရရှိသေး

    ဘိလပ်မြေစက်ရုံအတွက် အသိမ်းစည်းခံထားရသည့် ခြံမြေများ လျော်ကြေးမရရှိသေး

    -

    ကျလွန်းထောမွန်ပြည်နယ် ကျိုက်မရောမြို့နယ် ပျားတောင်တွင် ဘိလပ်မြေစက်ရုံ တည်ဆောက်ရန်အတွက် သိမ်းစည်းထားသည့် ခြံမြေများ လျှော်ကြေးမပေးရသေးဟု အသိမ်းစည်းခံထားရသည့် ခြံပိုင်ရှင်တွေက ပြောသည်။

    ဟက်ဇာကုမ္ပဏီ လိမိတက် (Hexa International) က ဦးဆောင်၍ ကော့ဒွန်းကျေးရွာနှင့် ကော့ပနောကျေးရွာအနီးရှိ ပျားတောင်တွင် ဘိလပ်မြေစက်ရုံတည်ဆောက်ရန်အတွက် ရွာသားများ၏ ရာဘာခြံအများအပြား သိမ်းစည်းထားသည်ဟု အသိမ်းစည်းခံရထားသည့် ကော့ပနောရွာသားတစ်ဦးက ပြောသည်။

    ကော့ပနောနဲ့ ကော့ဒွန်းရွာက ရာဘာခြံတွေအားလုံးပါသွားတယ်၊ အခု သူတို့သိမ်းတဲ့နေရာမှာ အလံတွေစိုက်ထားတယ်၊ ကျမခြံ (၁၀) ဧကကျော် ပါသွားတယ်၊ အပင်တွေကိုအရမ်းနှမျောတယ်၊ အပင် ၃၀၀၀ ကျော်က ခြစ်လို့ရနေပြီး၊ အခုကြားနေတယ် သူတို့က အပင်မရှိသေးတဲ့ခြံကို တစ်ဧက ၂ သိန်းနှုန်းနဲ့ လျှော်ကြေးပေးမယ်တဲ့၊ ကျမခြံလို ခြစ်လို့ရတဲ့အပင်ကိုကျတော့ ဘယ်လောက်ပေးမယ်မသိဘူး၊ ဘာမှတော့ သူတို့မပြောသေးဘူး” ဟု သူမက ပြောသည်။

    အသိမ်းစည်းလည်း ခံရသည့်အပြင် လျှော်ကြေးငွေလည်း အပြည့်အဝမရရှိကြောင်း ၄င်းခြံပိုင်ရှင်က ပြောသည်။

    ကိုယ့်ခြံလည်းပေးရ၊ ဘာမှလည်း ပြောပိုင်ခွင့်မရှိဘူး၊ သူတို့လက်အောက်မှာရှိနေတယ်ဆိုတော့” ဟု သူမက ဆက်ပြောသည်။

    အလားတူ ကျိုက်မရောမြို့နှင့် ၃ မိုင်ကွာဝေးသည့် နှီးတုံးရွာ၊ အတ္တရံမြစ်အနီး ဟကမ်းလယ်ကွင်းတွင် ဆိပ်ကမ်းတည်ဆောက်ရန်အတွက် ဇေကမ္ဘာကုမ္ပဏီလိမိတက်မှ သိမ်းစည်းထားသည့် လယ်မြေများကို လျော်ကြေးအနေဖြင့် ပေါက်စျေး၏ ၃ ပုံ ၁ ပုံသာ ပေးသည်ဟု ဟကမ်းလယ်ကွင်းရှိ အသိမ်းစည်းခံရသည့် လယ်ပိုင်ရှင်တစ်ဦးက ပြောသည်။

    လယ်တစ်ဧကပေါက်စျေးက ၁၀ သိန်းကျော်တယ်၊ သူတို့က တစ်ဧကကို ၃ သိန်းခွဲနဲ့ပေးတယ်၊ ကျမတို့ မယူဘူး၊ ကျမလယ် ၃ ဧကခွဲလောက်ပါတယ် နေပြည်အထိ စုပြီးတော့ စာပို့မယ်ပေါ့နော်၊ သူတို့ပြောတယ်၊ ဗမာအစိုးရက သူတို့ကုမ္ပဏီကို ရောင်းထားပြီးပြီတဲ့၊ လယ်သမားတွေကို သနားလို့ အခုလို ၃ သိန်းခွဲကို လျော်ကြေးအနေနဲ့ ပေးတာ ယူလိုက်လို့ပြောတယ်” ဟု ၄င်းလယ်သမားက ပြောသည်။

    ဇေကမ္ဘာကုမ္ပဏီ ဥက္ကဌဦးခင်ရွှေနှင့် ၄င်း၏ချွေးမဖြစ်သည့် ရုပ်ရှင်မင်းသမီး နန္ဒာလှိုင်အပါဝင် အငြိမ်းစားအဖွဲ့ ၂၀ ဦးတို့က နှီးတုံစီမံကိန်းအတွက် ဒီဇင်ဘာ ၆ ရက်နေ့က လယ်သမားများအား လျော်ကြေးပေးရန်အတွက် လယ်သမားများနှင့် လက်မှတ်ထိုးခဲ့သည်ဟု နီးစပ်သည့် ဆရာတော်တပါးထံမှ သိရသည်။

    နှီးတုံးရွာမှ လယ်ပိုင်ရှင် (၂၇) ဦးနှင့် နှီးတုံးနှင့် မျက်နှာချင်းဆိုင် အတ္တရံမြစ်ခြားထားသည့် မယ်ခရိုကျေးရွာမှ လယ်ပိုင်ရှင် (၁၂) ဦးတို့မှ လယ်မြေဧက (၁၅၇) ဧကကို လျော်ကြေးငွေ လက်ခံရန် လက်မှတ်ထိုးခဲ့သည်ဟု သိရသည်။

    အတ္တရံမြစ်တစ်ဖက်ကမ်းရှိ ကျိုက်မရောမြို့နှင့် ၃ မိုင်နီးပါးဝေးသည့် နှီးတုံးရွာမှ ဟကမ်းကွင်းအထိ လယ်ယာမြေ (၇၇၀) ဧက ရှိသည်ဟု စိုက်ပျိုးရေးမန်နေဂျာဟောင်းတစ်ဦးက ပြောသည်။

    ကျနော့်ညီလယ်တွေလည်း ၁၀ ဧကကျော် ပါသွားတယ်၊ အဲဒီဒေသကလယ်မြေတွေက စပါးလည်း အထွက်ကောင်းတယ်၊ နွေပိုင်းဆိုရင် နွေစပါး၊ မြေပဲတွေ အဓိက စိုက်ပျိုးနေတာ၊ ဒီလိုမျိုး အားလုံးသိမ်းလိုက်မယ်ဆိုရင် လယ်သမားတွေ ဘဝပျက်သွားနိုင်တယ်” ဟု ၄င်းက ပြောသည်။

    ဘိလပ်မြေစက်ရုံ တည်ဆောက်ရေးစီမံကိန်းကို မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကော့ပနော့ ကျေးရွာအုပ်စုအတွင်းရှိ ပျားတောင်ဒေသမှာဖြစ်ပြီး စီမံကိန်းဧရိယာ မြေအကျယ်ဧက ၃၀၀၀ ခန့်ရှိပြီး တည်နေရာပြမြေပုံအမှတ် ၉၄၊ အိတ်ချ် ၁၅၊ မပည ၄၃၅၃၁၅ တွင်တည်ရှိသည်။ ၄င်းဒေသအတွင်းသို့ ရာသီမရွေး ကုန်လမ်းရေလမ်းတို့ဖြင့် လွယ်ကူစွာ ဝင်ရောက်နိုင်သော ဒေသတစ်ခုဖြစ်သည်ဟု မွန်လူ့အခွင့်အရေးဝှောင်းဒေးရှင်း အစီရင်ခံစာမှ ကောက်နှတ်ထားသည်။

    ၄င်းဘိလပ်မြေစက်ရုံအတွက် ပျားတောင် အတ္တရံမြစ်တစ်ဖက်ကမ်း ကျိုက်မရောမြို့ဘက်ခြမ်းရှိ နှီးတုံးတောင်နှင့် မုဒုံမြို့မှ ကျိုက်မရောမြို့သို့ သွားရာလမ်းရှိ ကော့ကလွတ်တောင် အစရှိသည့် ထုံးကျောက်တောင်များမှ ကျောက်များဖြိုခွင်းရန် စီမံကိန်းများရှိသည်ဟု ၄င်းအစီရင်ခံစာမှာ ပါသည်။

    ယခုလက်ရှိအခြေအနေအရ ပျားတောင်စီမံကိန်းအတွက် Hexa International ကုမ္ပဏီလိမိတက်မှ ခြံမြေများကို သိမ်းစည်းနေပြီး နှီးတုံးစီမံကိန်းကိုမူ ဇေကမ္ဘာကုမ္ပဏီလိမိတက်က လယ်မြေများသိမ်းစည်းနေသည်။ ကော့ကလွတ်စီမံကိန်းအတွက် မည်သည့်ကုမ္ပဏီလိမိတက်မှ လာရောက်အခြေချမည်ကို မသိရှိရသေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts