spot_img
Friday, March 29, 2024
More
    spot_img
    Homeဆောင်းပါးစစ်ပွဲ၏ ဆိုးကျိုးများကို ရင်စည်း၍ ခံကြရမည့်သူများ

    စစ်ပွဲ၏ ဆိုးကျိုးများကို ရင်စည်း၍ ခံကြရမည့်သူများ

    -

    သုံဆူမြို့တိုက်ပွဲကြောင့် ထိုင်းဘက်ကမ်းသို့ ထွက်ပြေးနေသည့် ဒေသခံများ

    သူရိန် – နိုဝင်ဘာ ၈ ရက်နေ့ ဘုရားသုံးဆူမြို့တွင် DKBA ဗိုလ်အေဝမ်းအဖွဲ့နှင့် နအဖတပ်တို့ ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်းတွင် ဘုရားသုံးဆူဒေသ၏ စီးပွားရေး လူမှုရေးနှင့် လုံခြုံရေးများကို နှစ်ဖက်စစ်ပွဲ၏ အနိဋ္ဌာရုံများက ခြိမ်းခြောက်လာခဲ့သည်မှာ ယနေ့ထိတိုင်ပင် ဖြစ်သည်။

    နှစ်ဖက်စစ်ပွဲ၏ ဂယက်ရိုက်မှုကြောင့် ဘုရားသုံးဆူမြို့နေ လူထုပေါင်း သောင်းနှင့်ချီ၍ ဘေးလွတ်ရာ တစ်ဖက်နိုင်ငံသို့ အခက်အခဲဆင်းရဲကျပ်တည်းမှုများစွာဖြင့် ရက်ပေါင်းအတန်ကြာ ခိုလှုံခဲ့ရသလို မြို့တွင်းရှိပြည်သူလူထုတို့၏ အိုးအိမ်စည်းစိမ်များကို ကြားဝင်ဖျက်ဆီးမည့် အဖျက်သမား အချောင်သမားတို့၏ ရန်ကိုလည်း တာဝန်သိပြည်သူတစ်ချို့နှင့် ရဟန်းသံဃာများ ပူးပေါင်းကာ နေ့ညမပြတ် စောင့်ကြပ် တာဝန်ယူလျှက်ရှိသည်။

    ပြည်သူများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေစဉ်ကာလမှာပင် အနည်းငယ်ဖြစ်ပွားခဲ့သည့် စစ်ပွဲ၏အရှိန်အဟုန်ကြောင့် ဘုရားသုံးဆူဒေသတွင် တစ်ကြိမ်တစ်ခါမှ မဖြစ်ပွားခဲ့ဘူးသော နအဖစစ်တပ်များဖြစ်သည့် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် () စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) မှ တပ်ရင်းများ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းများ အင်အားထောင်နှင့်ချီ၍ ထိုးစစ်ဆင်နေသည့်သတင်းများကို ကြားသိနေရသည့် စစ်ပြေးဒုက္ခသည်များအဖို့ လတ်တလောအခြေအနေတွင် မိမိတို့ အိမ်ယာများသို့ မပြန်ရဲကြဘဲ ပိုမို၍ ထိတ်လန့်တုန်လှုပ်ခြောက်ခြားနေကြရပေသည်။

    တစ်ပတ်ခန့်အကြာမျှ တုန်လှုပ်ခြောက်ခြားနေကြသည့် အရပ်သူ/သားများက ဘုရားသုံးဆူမြို့တွင် အခြေအနေများ အနည်းငယ်ငြိမ်သက်လာခဲ့သည့်အချိန်တွင် မိမိတို့၏ အိုးအိမ်များသို့ ပြန်ရောက်လာခဲ့ကြသော်လည်း ခြောက်ကပ်သွားသော မြို့၏အခြေအနေနှင့် အရောင်းအဝယ်နည်းပါးမှုများ၊ ထွက်ပေါ်နေသည့် ကောလဟလသတင်းစကားများ၊ နအဖစစ်တပ်များ၏လုံခြုံရေး အပြည့်အဝယူထားသော အခြေအနေများကြောင့် မြို့နေလူထုများ ကျီးလန့်အစာစားသလို ဖြစ်နေကြဆဲပင် ဖြစ်သည်။

    ဘုရားသုံးဆူမြို့တွင်းအခြေအနေများ အနည်ထိုင်စပြုလာပြီဖြစ်သော်လည်း ဘုရားသုံးဆူမြို့ဝန်းကျင်ဒေသများတွင် နအဖစစ်တပ်များနှင့် DKBAKNU တပ်များ စစ်ပွဲဖြစ်ပွားမှု ပစ်ခတ်မှုများ ရှိနေဆဲပင်ဖြစ်သည်။ ၄င်းအခြေအနေများကြောင့် ပြည်တွင်းနှင့် နယ်စပ် ကုန်စည်ကူးသန်းရောင်းဝယ်မှုများနှင့် ခရီးသွားများ၏အခြေအနေများ နည်းပါးသွားခြင်း (သို့) ရပ်ဆိုင်းသွားခြင်းတို့ကြောင့် ဘုရားသုံးဆူမြို့တွင် စားသောက်ကုန်ပစ္စည်းများ စျေးအဆမတန်မြင့်တက်သွားခြင်း၊ အရောင်းအဝယ်နည်းပါးခြင်း ငွေကြေးကျပ်တည်းမှု ဒုက္ခဆိုးကျိုးများကို ပြည်သူအများစုက ရင်စည်း၍ခံနေကြရပေသည်။

    နအဖစစ်တပ်၏ နည်းဗျူဟာ၊ မဟာဗျူဟာ၊ သေနင်္ဂဗျူဟာများအရ ဘုရားသုံးဆူဒေသအတွင်းရှိ KNU များ၏ ကြီးစိုးရာ နယ်မြေများနှင့် သုံးဆူသံဖြူဇရပ်၊ သုံဆူး ကြာအင်းဆိပ်ကြီးလမ်းတလျှောက်ရှိ KNU အဖွဲ့အစည်း၏ သြဇာလွှမ်းမိုးရာ နယ်မြေများတွင် နအဖတပ်များ အင်အားအလုံးအရင်းနှင့် ခြေကုပ်စခန်းများ ချထားရန် အစီအစဉ်များရှိနေခြင်းကြောင်းလည်း ဘုရားသုံးဆူဒေသ၏ အဓိကအားထားရာ ပြည်တွင်းနှင့် နယ်စပ် ကုန်စည်ကူးသန်းမှုများနှင့် သစ်လုပ်ငန်းအခြေအနေများကိုလည်း ခြိမ်းခြောက်လာနိုင်ဘွယ်ရာရှိသည်ဟု စီးပွားရေးလုပ်ငန်းရှင်များနှင့် စစ်ရေးအကဲခတ်သူတစ်ချို့က သုံးသပ်ကြသည်။

    ဘုရားသုံးဆူဒေသတွင် စစ်အေးကာလဖြစ်သည့် ၁၉၉၅ ခုနှစ်နောက်ပိုင်းမှစ၍ ၂၀၁၀ နိုဝင်ဘာလအထိ ဒေသ၏အားကိုးရာ အဓိကအကျဆုံးလုပ်ငန်းဖြစ်သည့် နယ်စပ်ကုန်စည်ကူးသန်းရောင်းဝယ်ခြင်းနှင့် သစ်လုပ်ငန်းတို့ကို လုပ်ငန်းရှင်ကြီးများ ကုန်သည်ပွဲစားများနှင့် မြို့ခံလူထုအများစုတို့က စဉ်ဆက်မပြတ် လုပ်ကိုင်လာခဲ့ခြင်းတို့ကြောင့် စီးပွားရေးအချက်အခြား တောင့်တင်းခိုင်မာလာသော နယ်စပ်မြို့ ဖြစ်လာသည်နှင့်အညီ နယ်စပ်ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုများကိုလည်း တွေ့မြင်လာခဲ့ရပေသည်။

    နယ်စပ်ဒေသ ဖွံ့ဖြိုးလာသည်နှင့်အမျှ ၄င်းလုပ်ငန်းများ၏ အခွန်အကောက်များအပေါ်တွင် မှီခိုအားထားနေရသည့် အစိုးရအဖွဲ့အစည်း၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အပစ်ရပ်အဖွဲ့အစည်းများ လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲနေဆဲဖြစ်သည့် KNU အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ အပေးအယူသင့်မြတ်မှုများကြောင့် ဒေသ၏စီးပွားရေးမှာ ယုတ်လျှော့သွားခြင်းမရှိဘဲ ပိုမို၍ တိုးတက်လာသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ရပေသည်။

    အကြောင်းရှိမှ အကျိုးရှိသည်ဆိုသော စကားအရ ဖွံ့ဖြိုးတိုးတက်ဆဲဖြစ်သော ဘုရားသုံးဆူနယ်စပ်ဒေသ၏ စီးပွားရေးနှင့် လုံခြုံရေးမှာ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် တစ်စုံတစ်ရာသော အကြောင်းအကျိုးကြောင့် တည်ငြိမ်နေသော ကန်ရေပြင်ကို ကြီးမားသော ထုထည်တစ်ခု ပစ်ချလိုက်သောအခါ ဖြစ်ပေါ်လာနေသော ဝဲဂယက်ကဲ့သို့ တုန်လှုပ်ခြောက်ခြားမှုကြီးစွာဖြင့် စစ်အေးကာလမှ စစ်မက်ဖြစ်ပွားရာကာလသို့ မမျှော်လင့်ဘဲ ပြန်လည်၍ ရောက်ရှိသွားခဲ့ရပေသည်။

    စစ်မက်ဖြစ်ပွားနေသော ဒေသတို့၏ ထုံးစံအတိုင်း ဒေသ၏စီးပွားရေးနှင့် လုံခြုံရေး တည်ငြိမ်မှုမရှိသည်မှာ ဓမ္မတာပင်ဖြစ်ပေသည်။ စစ်အေးကာလအချိန်ကတည်းက ဘုရားသုံးဆူနှင့် သံဖြူဇရပ်ကားလမ်းတစ်လျှောက် ဘုရားသုံးဆူနှင့် ကြာအင်းဆိပ်ကြီးကားလမ်းတစ်လျှောက် ဘုရားသုံးဆူနှင့် သပြုသတ္တုတွင်းအကြားရှိ မဲကသာစစ်တောများ ဇမိချောင်းအရှေ့ဘက်ခြမ်းသစ်တောများတွင် စီးပွားရေးကို အဓိကထားလုပ်ကိုင်နေကြသည့် သစ်လုပ်ငန်းရှင်များ စီးပွားရေးလုပ်ငန်းရှင်များသည် စစ်အစိုးရအဖွဲ့အစည်းများနှင့် ကင်းကွာ၍မရသလို ကေအဲန်ယူအဖွဲ့အစည်းနှင့်လည်း ကင်းကွာ၍မရခဲ့သည်မှာ အမှန်ဧကန်ပင်ဖြစ်ပေသည်။

    ထိုကဲ့သို့ ကင်းကွာ၍ မရခဲ့ခြင်းကြောင့်လည်း စီးပွားရေလုပ်ငန်းရှင်များက ၄င်းအဖွဲ့အစည်းများနှင့် နှစ်စဉ် နှစ်တိုင်း သယံဇာတဖြစ်အောင် စီးပွားရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြသော်လည်း ယခုကဲ့သို့သော အခြေအနေ အကြောင်းကြောင်းကြောင့် လာမည့် ၂၀၁၁ ခုနှစ်အတွက် စီးပွားရေးလုပ်ငန်းများကို အကောင်အထည်ဖော်ရန်အတွက် လုပ်ငန်းရှင်များက မဝံ့မရဖြစ်နေကြသလို ၄င်းလုပ်ငန်းများ အပြီးသတ်ရပ်ဆိုင်းသွားမည်ကိုလည်း လုပ်ငန်းရှင်များက စိုးရိမ်ကြကြောင်း သစ်လုပ်ငန်းရှင်တစ်ဦးက ဆိုပါသည်။

    ၄င်းလုပ်ငန်းရှင်က အရင်နှစ်တွေတုန်းဆိုလျှင် နိုဝင်ဘာတတိယအပတ်လောက်ကတည်းက ကားလမ်းတွေပေါက်ပြီး ခရီးသည်တွေ ကုန်ကားတွေလည်း သွားလာနေကြပြီး ကျနော်တို့ သစ်လုပ်တဲ့ လူတွေဆိုလျှင်လည်း ကေအဲန်ယူအဖွဲ့အစည်းမှာ သစ်ကွက်တွေ စပေါ်တင် သစ်တိုက်ဘို့ ကားလမ်းတွေဖောက်နဲ့ လုပ်ငန်းတွေ စနေကြပြီး ဒီနှစ်တော့ အခြေအနေအရဘဲ လုပ်ငန်းတွေလုပ်ဖို့ ဘယ်သူမှလည်း မစရသေးဘူးဟု ပြေသည်။

    စစ်ရေးအကဲခတ်သူများ၏ သုံးသပ်ချက်အရ နအဖစစ်တပ်များက စီးပွားရေးလုပ်ငန်းရှင်များ အလုပ်လုပ်ကြရမည့် ကေအဲန်ယူအဖွဲ့အစည်းများ ကြီးစိုးရာ နယ်မြေများတွင် အခြေကုပ်စခန်းများ တပ်များထိုင်ရန် အစီအစဉ်ရှိခြင်းကြောင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ငွေရှင်ကြေးရှင်များက ၄င်းလုပ်ငန်းများအပေါ်တွင် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရန် မဝံ့မရဲဖြစ်နေကြကြောင်း အကယ်၍ ၄င်းနယ်မြေအတွင်း လုပ်ငန်းများကို နအဖစစ်တပ်နှင့် ကေအဲန်ယူအဖွဲ့အစည်းများက လုပ်ကိုင်ခွင့်များ ပြုခဲ့လျှင်သော်လည်း နအဖစစ်တပ်နှင့် ကေအဲန်ယူအဖွဲ့အစည်းအကြား စစ်မက်ဖြစ်ပွားမှုအခြေအနေနှင့် အခွန်အကောက်များ အဆမတန် များပြားလာနိုင်ခြင်းတို့ကြောင့် လုပ်ငန်းများကို ယခုအချိန်အထိ မည်သည့်လုပ်ငန်းရှင်ကမှ အကောင်အထည်ဖေါ်လုပ်ကိုင်ခြင်း မရှိသေးကြောင်း သစ်လုပ်ငန်းရှင်တစ်ဦးကလည်း ဆိုပါသည်။

    လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်ကတည်းက လုပ်ကိုင်လာသော သစ်ကွက်များတွင် ရာသီကုန်ဆုံး၍ လုပ်၍မကုန်ဘဲ သစ်များကျန်ရှိနေသေးသည့် ရင်းနှီးမြုပ်နှံထားသော လုပ်ငန်းရှင်တစ်ချို့မှာလည်း အခက်အခဲများနှင့် ရင်ဆိုင်နေပေသည်။ တည်ငြိမ်အေးချမ်းနေသော နယ်စပ်ဒေသ၏ စီးပွားရေးနှင့် လုံခြုံရေးကို မမျှော်လင့်ဘဲ ပျက်စီးစေခဲ့သည့် နိုဝင်ဘာ ၈ ရက်နေ့ ပစ်ခတ်မှုသည် စစ်အစိုးရနှင့် ဒီကေဘီအေအဖွဲ့အစည်းကြားက ပဋိပက္ခများသာ ဖြစ်သော်လည်း ထိုပဋိပက္ခများ၏ ဂယက်ရိုက်မှုကြောင့် ဖြစ်ပေါ်ပြီးခဲ့သည့် ဆိုးကျိုးများနှင့် နောင်ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို ရင်စည်း၍ ခံကြရမည့်သူများမှာ လက်နက်မဲ့ အာဏာမဲ့ အခွင့်အရေးမဲ့နေကြသည့် ပြည်သူများသာဖြစ်ကြောင်း တင်ပြလိုက်ရလေသည်။

    ဆက်စပ်သတင်း

    5 COMMENTS

    1. ဘာပဲပြောပြော နှုတ်ခမ်းမွှေးအမိန့်နဲ့ အေ၀မ်းမွှေခဲ့တဲ့မီးပဲလေ။ ဦးဆာမိတို့ ၊ မောင်တင်လှိုင်တို့လည်း သိသိကြီးနဲ့နှုတ်ပိတ်နေကြတာလေ။ သစ်ပိတ်တာ ကေအင်ယူပိတ်ထားတာပါ။မနှစ်ကတည်းကပါကွာ။သူတို့ က နိုင်ငံခြားကနေ သစ်တောထိန်းသိမ်းဖို့ ကုန်ကျစရိတ်ဆိုးပြီး ဒေါ်လာတွေ လူကြီးပိုင်းကစားထားပြီးပြီ။ ငယ်သားတွေကစားစရာ ငပိတောင်နပ်မမှန်တော့ဘူး။ ဓါးမ တစ်ချောင်းတောင်အနိုင်နိုင်ကိုင်နေရတဲ့ ရွာသားတွေကတော့ ပြောမနေနဲ့တော့၊ အေ၀မ်းတောင်သူ့ ရာဘာခြံရောင်းနေရပြီ ။ ဗိုလ်လေး၀ါးတို့၊ ဦးရင်သောင်းတို့က ကြက်တိုက်လို့ကောင်းတုန်းပဲ။

    2. ဘာပဲပြောပြော နှုတ်ခမ်းမွှေးအမိန့်နဲ့ အေ၀မ်းမွှေခဲ့တဲ့မီးပဲလေ။ ဦးဆာမိတို့ ၊ မောင်တင်လှိုင်တို့လည်း သိသိကြီးနဲ့နှုတ်ပိတ်နေကြတာလေ။ သစ်ပိတ်တာ ကေအင်ယူပိတ်ထားတာပါ။မနှစ်ကတည်းကပါကွာ။သူတို့ က နိုင်ငံခြားကနေ သစ်တောထိန်းသိမ်းဖို့ ကုန်ကျစရိတ်ဆိုးပြီး ဒေါ်လာတွေ လူကြီးပိုင်းကစားထားပြီးပြီ။ ငယ်သားတွေကစားစရာ ငပိတောင်နပ်မမှန်တော့ဘူး။ ဓါးမ တစ်ချောင်းတောင်အနိုင်နိုင်ကိုင်နေရတဲ့ ရွာသားတွေကတော့ ပြောမနေနဲ့တော့၊ အေ၀မ်းတောင်သူ့ ရာဘာခြံရောင်းနေရပြီ ။

    3. ဘာပဲပြောပြော နှုတ်ခမ်းမွှေးအမိန့်နဲ့ အေ၀မ်းမွှေခဲ့တဲ့မီးပဲလေ။ ဦးဆာမိတို့ ၊ မောင်တင်လှိုင်တို့လည်း သိသိကြီးနဲ့နှုတ်ပိတ်နေကြတာလေ။ သစ်ပိတ်တာ ကေအင်ယူပိတ်ထားတာပါ။မနှစ်ကတည်းကပါကွာ။သူတို့ က နိုင်ငံခြားကနေ သစ်တောထိန်းသိမ်းဖို့ ကုန်ကျစရိတ်ဆိုးပြီး ဒေါ်လာတွေ လူကြီးပိုင်းကစားထားပြီးပြီ။

    4. ဘာပဲပြောပြော နှုတ်ခမ်းမွှေးအမိန့်နဲ့ အေ၀မ်းမွှေခဲ့တဲ့မီးပဲလေ။ သစ်ပိတ်တာ ကေအင်ယူပိတ်ထားတာပါ။မနှစ်ကတည်းကပါကွာ။သူတို့ က နိုင်ငံခြားကနေ သစ်တောထိန်းသိမ်းဖို့ ကုန်ကျစရိတ်ဆိုးပြီး ဒေါ်လာတွေ လူကြီးပိုင်းကစားထားပြီးပြီ။

    5. သစ်ပိတ်တာ ကေအင်ယူပိတ်ထားတာပါ။မနှစ်ကတည်းကပါကွာ။သူတို့ က နိုင်ငံခြားကနေ သစ်တောထိန်းသိမ်းဖို့ ကုန်ကျစရိတ်ဆိုးပြီး ဒေါ်လာတွေ လူကြီးပိုင်းကစားထားပြီးပြီ။

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,600SubscribersSubscribe
    spot_img

    Latest posts