မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / အမြင်နှင့်သုံးသပ်ချက် / ဒုတိယ ပင်လုံညီလာခံနဲ့ အမျိုးသား ရင်ကြားစေ့ရေးတို့အပေါ် မျှော်လင့်ချက်

ဒုတိယ ပင်လုံညီလာခံနဲ့ အမျိုးသား ရင်ကြားစေ့ရေးတို့အပေါ် မျှော်လင့်ချက်

ရေးသားသူ:

ရွှေဟင်္သာ – လွန်ခဲ့သော အောက်တိုဘာလ (၂၄) ရက်နေ့က ကလေးမြို့မှာ (NLD, UNLD, UNA) နဲ့ ဝါရင့်နိုင်ငံရေးသမား ကြီးများအဖွဲ့တို့က စုပေါင်းထုတ်ပြန်ခဲ့တဲ့ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး ကျေညာချက်ဟာ တိုင်ရင်းသား စည်းလုံးညီညွတ်ရေးကို ပြန်လည်တည်ဆောက်ဖို့ အဓိကဦးတည်ထားတဲ့အမြင် ဖြစ်တယ်။ နိုဝင်ဘာ (၁၄) ရက်နေ့မှာ အများပြည်သူကို ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ရင်ကြားစေ့ရေး ဆိုတာက ကျနုပ်တို့ ပြည်ထောင်စုအတွင်း နိုင်ငံရေးအင်အားစု အချင်းချင်း အမြင်ကွဲပြားပြီး ပဋိပက္ခ ဖြစ်ပွားနေတာကို ပြန်လည်သင့်မြတ်ကြဖို့ အဓိကဦးတည်ထားတဲ့ အမြင်ဖြစ်တယ်။

ကလေးမြို့က ထုတ်ပြန်တဲ့ အမြင်သဘောထားနဲ့ ဒေါ်စုရဲ့ ပြောစကားတွေဟာ အချိန်၊ နေရာ၊ ပုဂ္ဂိုလ် နဲ့ သုံးစွဲတဲ့ ဝေါဟာရတွေ ကွာခြားနေလို့ သာမာန်အားဖြင့် ကွဲပြားနေသလို ထင်ရပေမဲ့ သူတို့အချင်းချင်း တွေ့ဆုံကြပြီး ဆွေးနွေးလိုက်တော့ ဦးတည်ချက်က တခုတည်း၊ တထပ်တည်း ဖြစ်သွားကြပြီ။ ဒါထက်မက ဒီဦးတည်ချက်ကို ရောက်ရှိဖို့ အကောင်အထည်ဖေါ်ရာမှာ ဒေါ်စုကို ဦးဆောင်တာဝန်ယူပေးဖို့ နိုဝင်ဘာ (၂ဝ) ရက်နေ့က ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းဖေရဲ့ နေအိမ်မှာ အဖွဲ့ပေါင်းစုံမှ နိုင်ငံရေးခေါင်းဆောင်ကြီးများက ပြောဆိုတာဝန်ပေးလိုက်ကြတယ်။ ဒီကိစ္စအပေါ် စစ်အစိုးရနှင့် အပေါင်းပါတွေက လွဲပြီး နိုင်ငံရေး အင်အားစု အားလုံးလိုလိုက စိတ်ဝင်စားပြီး အားပေးနေကြတာကို တွေ့ရတယ်။ ဒါ့ကြောင့် ဒီအရေးကိစ္စဟာ ဘယ်လိုအလားအလာ ရှိပြီး ကျနုပ်တို့နိုင်ငံရဲ့ အနာဂတ်ကို ဘယ်လိုပြောင်းလဲ ဖြစ်ပေါ်လာစေနိုင်တယ်ဆိုတာ အလေးထားပြီး သုံးသပ်ဖို့ လိုမယ်လို့ မြင်ပါတယ်။

လူတဦးရဲ့ အနာဂတ်ကံကြမ္မာကို ဗေဒင်ဆရာတဦးက အားလုံးမှန်အောင် ဟောနိုင်စွမ်း မရှိလေတော့ လူအများနဲ့ဆိုင်တဲ့ နိုင်ငံကံကြမ္မာကို အားလုံးမှန်အောင် ဘယ်နိုင်ငံရေးသမားမှ တွက်ချက်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော်တို့ နိုင်ငံမှာ ဖြစ်ရှိနေတဲ့ နိုင်ငံရေး အခင်းအကျင်းမှာ ပါဝင်နေတဲ့ အဓိကဇာတ်ကောင် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များရဲ့ ဆန္ဒသဘောထား၊ နိုင်ငံကိုယ်စားပြု ပြည်သူလူထု အများစုကြီးရဲ့ လိုလားတောင်းဆိုချက်နဲ့ ပတ်ဝန်းကျင် အင်အားစုများရဲ့ တွန်းပို့မှု အခြေအနေတွေအပေါ် ပြည့်ပြည့်စုံစုံ ထည့်သွင်းစဉ်းစားပြီး ဘက်လိုက်မှု ကင်းကင်းနဲ့ သုံးသပ်မယ်ဆိုရင် အနာဂတ်အလားအလာကို တော်တော်များများ ခန့်မှန်းတွက်ချက်နိုင်မယ်လို့ ယုံကြည်တယ်။ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး စတာတွေမှာ ကြိုတင်တွက်ချက်မှု မှန်ကန်ရင် တဝက်ကျော် အကျိုးဖြစ်ထွန်းဖို့ သေချာတယ်၊ တွက်ချက်မှု မှားရင် တဝက်ကျော် ဆုံးရှုံးမှာ သေချာတယ်။ ကြိုတင်တွက်ချက် ခန့်မှန်းခြင်းဟာ နစ်နာနိုင်စရာ အကြောင်းမရှိ၊ အကျိုးကိုသာ ဖြစ်စေမှာမို့ တွက်ချက်ကြည့်ရအောင်။

ဦးစွာအားဖြင့် ကျနော်တို့နိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်းမှာ ပါဝင်လှုပ်ရှားနေကြတဲ့ အဓိကဇာတ်ကောင် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များရဲ့ သဘောထားတွေအပေါ် အခြေခံပြီး သုံးသပ်ကြည့်လိုတယ်။ ကျနော်တို့နိုင်ငံရဲ့ အပြောင်းအလဲကို လုပ်ဆောင် နိုင်စွမ်းအရှိဆုံး အင်အားစုဟာ ဒီနေ့အနေအထားအရ အာဏာရ စစ်အစိုးရ ဖြစ်တယ်။ ဒါကိုကျနော်တို့ မကြိုက်လည်း ငြင်းပယ်လို့ မရပါဘူး။ သူတို့ကသာ ဒုတိယ ပင်လုံညီလာခံ၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ဦးတည်ပြီး လုပ်မယ်ဆိုရင် ဒီနေ့လည်း ဖြစ်နိုင်တယ်၊ နက်ဖန်လည်း ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ သူတို့ရဲ့ ဦးတည်ချက်က ဒါမျိုးမဟုတ်သလို ဒါနဲ့နီးစပ်တဲ့ ဦးတည်ချက်လည်း မဟုတ်ဘူး။ သူတို့က သူတို့ချမှတ်ထားတဲ့ လမ်းပြမြေပုံအတိုင်း လုပ်ဆောင်လာနေတာ တဝက်ကျော်လို့ အဆုံးကို ရောက်ခါနီးပြီ။ သူတို့မှာ ဆက်လက်အခြေပြု လုပ်ဆောင်သွားဖို့ (၂ဝဝ၈) ဖွဲ့စည်းပုံ အခြေခံဥပဒေလည်း ရှိထားပြီ။ (၂ဝ၁ဝ) ရွေးကောက်ပွဲလည်း လုပ်ထားပြီးပြီ။ ဒါတွေကို အပျက်ခံပြီး အမျိုးသား ရင်ကြားစေ့ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးလိုင်းကို ပြောင်းလဲလုပ်ဆောင်ဖို့ဆိုတာ အလွန်ကို မလွယ်တဲ့ အနေအထားမျိုးမှာ ရှိနေတယ်။

သူတို့ရဲ့ အခြေခံနိုင်ငံရေး အမြင်သဘောထားက မဟာလူမျိုးကြီးဝါဒကို စစ်အာဏာရှင်စနစ်နဲ့ အကောင်အထည် ဖေါ်ဆောင်ရေး ဖြစ်တယ်။ ဒီအမြင်သဘောထားဟာ (၁၉၆၂) ခု ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ စစ်တပ်အာဏာသိမ်းခဲ့တဲ့ အချိန်က အစပျိုးလာတာ ဖြစ်တယ်။ (၁၉၈၈) မှာ ဟန်ဆောင်အာဏာသိမ်းမှုနဲ့ အသွင်ပြောင်းခဲ့ပေမဲ့ လူသာ ပြောင်းတယ်၊ လူမျိုးရေးရာကိစ္စမှာ အတွေးအခေါ် မပြောင်းဘူး၊ စစ်တပ်ဆိုတဲ့ အဖွဲ့အစည်းကလည်း မပြောင်းဘူး။ စစ်တပ်ထဲမှာ လူငယ် လူသစ်တွေနဲ့ ပြောင်းလဲအစားထိုးတာ ရှိပေမဲ့ ဦးဆောင်အသိုင်းအဝိုင်းမှာ လူဟောင်းတွေကသာ ချုပ်ကိုင်ထားတယ်။ ဒီစစ်ခေါင်းဆောင်တွေရဲ့ အခြေခံသဘောထားနဲ့ အာဏာရထားတဲ့ ကာလတလျှောက် သူတို့ခံစားရရှိထားတဲ့ အကျိုးစီးပွားတွေအပေါ် တွက်ပြီး သူတို့ဘက်က အပြောင်းအလဲကို လက်ခံဖို့ လွယ်မှာမဟုတ်ဘူး။ သူတို့ရဲ့အကျင့်စရိုက်နဲ့ စိတ်ဓါတ်တွေကို ပြန်ကြည့်ရင် ဒီပဲယင်းအရေးအခင်းနဲ့ (၂ဝဝ၇) သံဃာအရေးအခင်းတွေမှာ အကဲဖြတ်လို့ ရနိုင်ပါတယ်။ ဒီအပေါ်မှာ တွက်ရင် ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး၊ အမျိုးသား ရင်ကြားစေ့ရေး အစီအစဉ်ဟာ လွယ်လွယ်နဲ့ ဖြစ်ပေါ်လာနိုင်စရာ မရှိသေးဘူး၊ အခက်အခဲ အကျပ်အတည်းများစွာကို ဖြတ်ကျော်ရမယ့် အခြေအနေမှာ ရှိနေပါလိမ့်မယ်။

တဖက်က ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ထုတ်ဖေါ်တောင်းဆိုလာတဲ့ အင်အားစုဘက်ကို ပြန်ကြည့်ရင် (၁၉၉ဝ) ရွေးကောက်ပွဲမှာ လူထုထောက်ခံမှု အများစုရထားတဲ့ (NLD) က အဓိက ခေါင်းဆောင်တွေ၊ ပြည်နယ်တွေမှာ ပြည်သူလူထု ထောက်ခံမှု အားကောင်းတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ ဝါရင့် နိုင်ငံရေးသမားကြီးအဖွဲ့က ခေါင်းဆောင်တွေနဲ့ အများပြည်သူနဲ့ နိုင်ငံတကာက လေးစားတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပါဝင်နေကြတယ်။ ဒီလူတွေရဲ့ နောက်မှာ ဒီမိုကရေစီ လိုလားသူများ၊ တိုင်းရင်းသားပြည်သူများ၊ တက်ကြွတဲ့ လူငယ်များ၊ သံဃာထု စတဲ့ အင်အားစုများ ရှိနေတယ်။ ခေါင်းဖေါ်ခွင့် မရှိသေးလို့ ဒီအင်အားစုတွေကို မမြင်နိုင်ပေမဲ့ ပြည်သူအများစုကြီးဟာ သူတို့နောက်မှာ ရှိနေတယ်ဆိုတာ အားလုံးသိကြပါတယ်။ နိုင်ငံတကာရဲ့ စာနာထောက်ထားမှုကိုလည်း ရထားတယ်။ သာမာန်အပေါစား နိုင်ငံရေးခေါင်းဆောင်တွေ မဟုတ်ကြဘူး။ ဒီခေါင်းဆောင်တွေက ဒီလိုသဘောထားအမြင်တွေကို ထုတ်ဖေါ်လာတာဟာ စစ်အစိုးရ ကျင်းပတဲ့ (၂ဝ၁ဝ)ရွေးကောက်ပွဲရဲ့ မရှေးမနှောင်း အဝန်းအဝိုင်းကာလမှာ ဖြစ်နေတယ်။ ဒီကာလဟာ စစ်အစိုးရဘက်က သည်းခံနိုင်စွမ်း အလွန်နည်းတဲ့ ကာလလည်း ဖြစ်တယ်။ ဒါပေမဲ့ ပြတ်သားတောက်ပြောင်တဲ့ နိုင်ငံရေးခေါင်းဆောင်များပီပီ အန္တရာယ်ကို မမှုပဲ ထုတ်ဖေါ်ပြောသင့်တဲ့ စကားတွေကို ပြောသင့်တဲ့အချိန်မှာ ထုတ်ပြောလာတာ ဖြစ်တယ်။ သူတို့ ဒီလို ထုတ်ဖေါ်ပြောကြားလာတာဟာ စစ်အစိုးရ ချီတက်နေတဲ့ လမ်းကြောင်းကို မှားနေတယ်၊ မထောက်ခံနိုင်ဘူးလို့ ပြောလိုက်တာနဲ့ အတူတူပဲ။ ဒါဟာ နိုင်ငံရေး အားပြိုင်မှု ဖြစ်တယ်။

ဒီကာလမှာ အခြားအင်အားစုကြီးတရပ် ဖြစ်တဲ့ လက်နက်ကိုင် တော်လှန်နေကြတဲ့ တိုင်းရင်းသား အင်အားစုများကလည်း ဒီကိစ္စအတွက် ကြိုးပမ်းလာကြတယ်။ သူတို့ကတော့ ကျေညာချက် ထုတ်ပြီး ပြောဆိုတာမျိုး မဟုတ်ဘူး။ စစ်အစိုရရဲ့ နယ်ခြားစောင့်တပ်အဖြစ်၊ ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းရေးကို ဆန့်ကျင်ပြီး သူတို့အချင်းချင်း ပူးပေါင်းကာ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး ကော်မီတီ [ Committee for Emergence of Federal Union (CEFU)] ကို နိုဝင်ဘာလ () ရက်မှာ ဖွဲ့စည်းလိုက်ကြတယ်။ ဒီအဖွဲ့မှာ အပစ်အခတ်ရပ်စဲရေးကို လက်မခံတဲ့အဖွဲ့ () ဖွဲ့နဲ့ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားခဲ့တဲ့ အဖွဲ့ () ဖွဲ့၊ ပေါင်း () ဖွဲ့နဲ့ စတင်ဖွဲ့စည်းလိုက်တယ်။ နောက်ထပ် အဖွဲ့သစ်တွေ ပါဝင်လာဖို့လည်း ရှိနေတယ်။ ဒီအဖွဲ့ရဲ့ အဓိကဦးတည်ချက်ကလည်း ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးပဲ ဖြစ်တယ်။ ဒီအချိန် ဒီကာလမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ တနည်းအားဖြင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို သူတို့နည်း သူတို့ဟန်နဲ့ တည်ဆောက်ဖို့ ဦးတည်နေတာ ဖြစ်တယ်။ သူတို့က အပြောနဲ့ မဟုတ်၊ သူတို့နဲ့ ကိုက်ညီတဲ့ အလုပ်နဲ့ အကောင်အထည်ဖေါ်ဖို့ စတင်လိုက်တာ ဖြစ်တယ်။

ပြည်တွင်းက နိုင်ငံရေးခေါင်းဆောင်ကြီးများ ဦးတည်တောင်းဆိုတဲ့ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး၊ အမျိုးသား ရင်ကြားစေ့ရေးနဲ့ နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များ ဦးတည်တဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့ဟာ ၁၉၄၇ ခု၊ ပင်လုံညီလာခံရဲ့ သဘောတူညီချက် ဖြစ်တဲ့ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး မူအရ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်ရန် ဖြစ်တယ်။ ဒီလို အမြင်သဘောထား ဘာကြောင့် တူညီနေကြတာလဲ။ တကယ်တော့ အာဏာရ စစ်အုပ်စုက လွဲပြီး နိုင်ငံရေးခေါင်းဆောင် အသီးသီးက ကျနုပ်တို့နိုင်ငံအတွက် အဓိကလိုအပ်ချက်ဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဖြစ်တယ်။ ဒီတိုင်းရင်းသား စည်းလုံးညီညွတ်ရေးကိုလည်း ပင်လုံသဘောတူညီချက်နဲ့သာ ရယူ ဖြေရှင်းနိုင်မယ်ဆိုတာ ထင်ထင်ရှားရှား မြင်လာကြလို့ ဖြစ်တယ်။

ကျနော်တို့ နိုင်ငံရှိ ပြည်သူလူထု အများစုအနေနဲ့ အမျိုးသား ရင်ကြားစေ့ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဟာ နိုင်ငံအတွက် အဓိက လိုအပ်ချက်တရပ်အဖြစ် သိမြင်ခံယူကြတဲ့ အတိုင်းအတာ ဘယ်လောက်ရှိတယ်ဆိုတာ သုံးသပ်ကြည့်မယ်ဆိုရင် သာမာန်ပြည်သူလူထု အများစုဟာ ကျောင်းပညာ သင်ကြားခဲ့ရမှု အဆင့်နိမ့်ပြီး နိုင်ငံရေးအသိမှာလည်း အားနည်းကြပါတယ်။ တဖက်မှာ စားဝတ်နေရေး ကျပ်တည်းနေပြန်တာကြောင့် နိုင်ငံရေးအပေါ် စိတ်ဝင်စားမှု နည်းကြတယ်။ မြို့ပြနေ ပြည်သူတွေက ယေဘုယျအားဖြင့် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စားဝတ်နေရေး ဖူလုံရေးလောက်ကိုပဲ အဓိကလိုအပ်ချက်လို့ မြင်တတ်ကြတယ်။ လွတ်လပ်တဲ့နိုင်ငံ ဖြစ်ပါလျက်နဲ့ ဘာကြောင့် ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ပျက်ပြားနေရတာလဲ။ နိုင်ငံမှာ သဘာဝ သယံဇာတ ပေါကြွယ်ဝပြီး စိုက်ပျိုးစရာ မြေယာတွေ ပေါနေပါလျက်နဲ့ ဘာကြောင့် ဆင်းရဲကျပ်တည်းနေရတာလဲဆိုတဲ့ ကိစ္စရပ်တွေအပေါ် အတွင်းကျကျ သိမြင်နားလည်နိုင်ခြင်း အားနည်းနေပါသေးတယ်။ မိမိ ရပ်ကွက်၊ ဒေသထဲက အာဏာရှိသူ၊ ဗဟုသုတရှိသူ၊ ပညာတတ်သူတွေ ပြောပြသလောက်ကိုသာ နားလည်ခံယူပြီး နောက်က လိုက်နေကြတာ များပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ပြီး အာဏာရှိသူတွေကသာ ပြောရေးဆိုခွင့် ရှိနေတာကြောင့် ကျယ်ကျယ်ပြန့်ပြန့် သိမြင်နိုင်မှု အားနည်းနေပါတယ်။ ဒါပေမဲ့ လက်ရှိ စစ်အစိုးရအပေါ်မှာတော့ ယုံကြည်ထောက်ခံမှု အလွန်အားနည်းနေပါတယ်။ အဖိနှိပ်ခံ တိုင်းရင်းသားတွေ၊ ပြည်နယ်က လူထုတွေကတော့ အမျိုးသား အခွင့်အရေးတွေ ဆုံးရှုံးပြီး စစ်ဘေးစစ်ဒဏ်ကို ပိုမို ခံစားနေရလို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ အမျိုသား ရင်ကြားစေ့ရေးကို ပိုပြီး နားလည်ရယူလိုနေကြတယ်။

နိုင်ငံရေးအမြင် အထိုက်အလျှောက် ရှိကြတဲ့ ကျောင်းသားခေါင်းဆောင်တွေ၊ သံဃာ့ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်း ခေါင်းဆောင်တွေ အနေနဲ့ကတော့ တော်တော်များများက အမျိုသား စည်းလုံးညီညွတ်ရေး ပျက်ပြားလို့ ပြည်တွင်းစစ် ဖြစ်နေရတယ်။ ပြည်တွင်းစစ်ကြောင့် စစ်တပ်ခေါင်းဆောင်တွေ အခွင့်အာဏာ ပိုရလာတယ်။ အဲဒီကနေ စစ်တပ်က အာဏာသိမ်းမှု ဖြစ်လာတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို ကန့်သတ်ပြီး စစ်အာဏာရှင်စနစ် ကျင့်သုံးလာတယ်။ စစ်တပ်က နိုင်ငံအုပ်ချုပ်ရေးအာဏာကို ချုပ်ကိုင်လာတာကြောင့် စီးပွားရေး ကမောက်ကမ ဖြစ်ပြီး ဆင်းရဲကျပ်တည်းလာရတယ်။ စစ်အစိုးရဟာ စစ်အင်အားကို တိုးချဲ့ပြီး အတိုက်အခံ မှန်သမျှကို စစ်အင်အားနဲ့ တိုက်ခိုက်အနိုင်ယူဖို့ လုပ်ဆောင်လာတာကြောင့် တောနယ်မှာရော မြို့တွင်းမှာပါ သွေးထွက်သံယိုမှု ပိုမိုများပြားလာရတယ်။ နောက်ဆုံးတော့ ကျောက်မျက်ရတနာ၊ ရေနံ၊ ဆန်စပါးနဲ့ သစ်တောတွေ ပေါကြွယ်ဝတဲ့ နိုင်ငံတခုဟာ ကမ္ဘာ့ဖွံ့ဖြိုးမှု အနိမ့်ဆုံး (အဆင်းရဲဆုံး) နိုင်ငံ စာရင်းဝင် ဖြစ်ခဲ့ရတယ်။ နိုင်ငံခြား စိုးမိုးခြယ်လှယ်မှု အောက်က လွတ်မြောက်ခဲ့ပေမဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပျောက်ဆုံးပြီး အကျဉ်းသားပမာ ဖြစ်ခဲ့ရတယ်။

ကျနော်တို့ ပြည်သူတွေဟာ သူတပါးနိုင်ငံမှာ စစ်ပြေးဒုက္ခသည်ဘဝ၊ ကျွန်ခံပြီး ရပ်တည်နေရတဲ့ဘဝ၊ လိုက်လံတောင်းစားနေရတဲ့ဘဝ၊ ခန္ဓာကိုယ်ကို ရောင်းစားနေရတဲ့ဘဝ၊ အမှိုက်ပုံကို မှီပြီး ရပ်တည်နေရတဲ့ဘဝ၊ ဒီလိုဘဝမျိုး ရောက်ခဲ့ကြရတယ်။ ဒီလိုဖြစ်နေရခြင်းရဲ့ အကြောင်းတရားဟာ အမျိုးသား စည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပျက်ပြားနေလို့ပဲ ဖြစ်ရတယ်ဆိုတာ သိမြင်လာကြပြီ။ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သလို တိုင်းရင်းသား စည်းလုံးညီညွတ်ရေး မရှိရင်၊ ပြည်သူအတွင်း စည်းလုံးညီညွတ်ရေး မရှိရင် ဘယ်အစိုးရပဲတက်တက် ဖါသည်နိုင်ငံပဲ ဖြစ်နေပါလိမ့်မယ်ဆိုတာ လက်တွေ့က ပြနေပြီ ဖြစ်တယ်။

ဒီလိုဘဝမျိုး ရောက်နေကြရတာဟာ အချို့က စစ်အာဏာရှင်ကြောင့်လောက်ကိုပဲ မြင်နေကြတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ရလာရင် အားလုံးပြန်ကောင်းသွားမယ်လို့ ထင်မြင်နေကြတယ်။ ဒီအမြင်က တပိုင်းလောက်ပဲ မှန်တယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေဟာ စစ်ဖြစ်နေတဲ့ နိုင်ငံတခုမှာ ရေရှည် ရပ်တည် ရှင်သန်နိုင်ခြင်း မရှိပါဘူး။ ကျနော်တို့ နိုင်ငံမှာ ၁၉၆၂ ခုနှစ်၊ စစ်တပ် အာဏာမသိမ်းခင်က ဒီအခွင့်အရေးတွေ အတော်အတန် ရှိခဲ့ဘူးပါတယ်။ ဒါပေမဲ့ စစ်ကြီး ဖြစ်လာတယ်။ စစ်အနိုင်တိုက်ရေးကို ဦးစားပေးလာရတော့မယ်ဆိုရင် ဘဏ္ဍာငွေကြေးတို့ လူ့အခွင့်အရေးတို့ဟာ စစ်အင်အား ဖြည့်စွမ်းနိုင်ရေး အောက်ကို ရောက်သွားပြီး လျှော့နည်း ပျောက်ကွယ်သွားရတာပဲ။ ဒါကိုနားလည်တဲ့ နိုင်ငံခေါင်းဆောင်တွေဟာ သူတို့နိုင်ငံအတွင်းမှာ လူမျိုးရေး ပြဿနာ၊ ကိုးကွယ်ယုံကြည်မှု ပြဿနာတွေ ဖြစ်မလာအောင် ထိန်းသိမ်း ပြုပြင်ကြတယ်။ စီးပွားရေးနဲ့ ပညာရေးကို ဦးစားပေးပြီး ပြုပြင်တည်ဆောက်ရေးတွေ လုပ်တယ်။ ဒီလိုနဲ့ အချိန်တိုအတွင်းမှာ တိုးတက်ဖွံ့ဖြိုးသွားကြတာပဲ။

ဥပမာ – စင်ကာပူနိုင်ငံ၊ ၁၉၆၅ ခုမှာမှ လွတ်လပ်တဲ့နိုင်ငံ ဖြစ်လာတယ်။ သယံဇာတ ဘာမှ မရှိဘူး။ စိုက်ပျိုးစရာ လယ်ယာမြေတွေ မရှိဘူး။ တိုင်းပြည်က ကျဉ်းကျဉ်း၊ သောက်ရေတောင် ပြည်ပက သွင်းနေရတယ်။ လူမျိုးဆိုတာလည်း တမျိုးတည်း မဟုတ်ဘူး၊ ကိုးကွယ်တဲ့ ဘာသာလည်း တခုတည်း မဟုတ်ဘူး။ ဒါပေမဲ့ မတူတဲ့ လူမျိုးရေး၊ ဘာသာရေးတွေကြောင့် ပြဿနာ အဖြစ်မခံဘူး။ တရုတ်တွေကလည်း တရုတ်စကားပြော၊ တရုတ်စာသင်၊ တရုတ်တို့ ကိုးကွယ်ယုံကြည်ရာ တာအိုဘာသာကို ကိုးကွယ်၊ မလေးကလည်း မလေးစကားပြော၊ မလေးစာသင်၊ မလေးကိုးကွယ်ရာ မူဆလင်ဘာသာကို ကိုးကွယ်၊ တမီးလ် (ကုလား) တွေကလည်း သူတို့ စကားကိုပြော၊ သူတို့ စာကိုသင်၊ သူတို့ ကိုးကွယ်ယုံကြည်ရာ ဟိန္ဒူဘာသာကို ကိုးကွယ်၊ လူမျိုးရေးနဲ့ ဘာသာရေးမှာ တန်းတူရေးနဲ့ လွတ်လပ်ခွင့်တွေ ပေးထားတယ်။ ဘုံဘာသာစကားအဖြစ် နိုင်ငံတကာ ဆက်ဆံရေးတွေမှာလည်း အဆင်ပြေအောင် အင်္ဂလိပ်စကားနဲ့ အင်္ဂလိပ်စာကို အသုံးပြုထားတယ်။ ဘာသာစကား လေးမျိုးစလုံးကို ရုံးသုံးဘာသာအဖြစ် အသိအမှတ်ပြုထားတယ်။ တရုတ်၊ မလေးနှင့် တမီလ်းလူမျိုးစု သုံးစုအကြားမှာ လူမျိုးတခုခုကို ဦးစားပေးထားခြင်း မရှိဘူး။ ဒီလိုလူမျိုးရေး၊ ဘာသာရေးမှာ ဦးစားပေးမှု၊ ဖိနှိပ်မှုတွေ မရှိတော့ ပြဿနာလည်း ကြီးကြီးမားမား ဖြစ်လာစရာ မရှိတော့ဘူး။ ပြည်သူတွေကြားမှာ ချစ်ကြည်ညီညွတ်မှု ခိုင်မာအားကောင်းစေတယ်။ စီးပွားရေးနဲ့ ပညာရေးကို ဇောက်ချ လုပ်ဆောင်ခွင့် ရလို့ နှစ်အနည်းငယ်အတွင်းမှာ ဖွံ့ဖြိုးတဲ့နိုင်ငံတခု ဖြစ်လာတာပဲ။

ကျနော်တို့နိုင်ငံမှာ အာဏာရထားတဲ့ စစ်ခေါင်းဆောင်တွေက ဒီလို အမြင်သဘောထားမျိုး မရှိကြဘူး။ ဒါနဲ့ ပြောင်းပြန်လူမျိုးတွေ များလို့ ပြဿနာတွေ များနေရတယ်။ ကိုးကွယ်ယုံကြည်မှု ဘာသာတွေများလို့ ပြဿနာတွေ များနေရတယ်။ လူမျိုး ဘာသာ တခုတည်း ဖြစ်မှ စည်းလုံးညီညွတ်မှု ရှိမယ်၊ ဒါကြောင့် ဒါတွေကို တခုထဲ ဖြစ်အောင် တူညီသွားအောင် ဗမာစကားကိုပဲ ရုံးသုံးသတ်မှတ်၊ ဗမာစကားကိုပဲ ကျောင်းမှာသင်၊ ဗမာတွေ ယုံကြည်ကိုးကွယ်တဲ့ ဗုဒ္ဓွဘာသာကိုပဲ ဦးစားပေး မြှင့်တင်၊ ဒီလို တိုင်းရင်းသား လူမျိုးတွေအပေါ် ဗမာဖြစ်ရေး နည်းနာအမျိုးမျိုးနဲ့ သွတ်သွင်း ဝါးမျိုနေတာကြောင့် လူမျိုးရေး၊ ဘာသာရေး ပြဿနာတွေ တက်နေရတာ ဖြစ်ပါတယ်။ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေရဲ့ စိတ်ခံစားချက်ထဲမှာ သူတို့ဟာ အင်္ဂလိပ်ကိုလိုနီဘဝကနေ ဗမာကိုလိုနီဘဝကို ၁၉၄၈ ခုနှစ်မှာ ကျရောက်သွားရတယ်။ ၁၉၆၂ ခုနှစ်က စပြီး ဗမာဖက်ဆစ် စစ်အာဏာရှင်အောက် ကျရောက်သွားရပြန်တယ်လို့ ရှုမြင်ခံစားနေကြတယ်။ ဒါကြောင့် ဒီအသွင်သဏ္ဍာန်ကို မပြင်နိုင်သမျှ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်မှာ မဟုတ်ဘူး။ လက်နက်နဲ့ အကြမ်းဖက် ရှင်းရင် သူတို့ကလည်း ခုခံတွန်းလှန်မှာပဲ။ ပြည်တွင်းစစ် အနှစ် (၆ဝ) ကျော်ခဲ့ပြီ။ အာဏာရ အစိုးရဘက်ကလည်း သူတို့ကို မချေမှူန်းနိုင်၊ သူတို့ကလည်း အစိုးရကို မဖယ်ရှားနိုင်၊ ဒီလိုနဲ့ ပြည်တွင်းစစ် ဝဲဂယက် ဗွက်အိုင်ထဲမှာ နိုင်ငံသားအားလုံးရဲ့ဘဝ နစ်မွန်းနေရတယ်။

ဒီလို နစ်မွန်းနေရတဲ့ ဘဝက ရုန်းထွက်နိုင်ဖို့အတွက် ထွက်ရပ်လမ်းကတော့ သုံးပွင့်ဆိုင် ဆွေးနွေးဖြေရှင်းရေး ဖြစ်တယ်။ ဒီလိုနည်းနဲ့ ဖြေရှင်းဖို့ ကမ္ဘာ့ကုလသမဂ္ဂမှာ သုံးသပ်ရှုမြင်ပြီး ၁၉၉၄ ခုနှစ်ကတည်းက ချမှတ်ထားခဲ့တယ်။ နိုင်ငံတကာ ခေါင်းဆောင်များရဲ့ အမြင်မှာ ဒီလိုသုံးပွင့်ဆိုင် ဖြေရှင်းမှ ပြေလည်နိုင်မယ်ဆိုတာ သိထားပြီး ဖိအား၊ တွန်းအား၊ ဖေးမအားတွေနဲ့ အပြောင်းအလဲ ဖြစ်အောင် နည်းပေါင်းစုံ ကြိုးပမ်းလာခဲ့ကြတယ်။ ဒါပေမဲ့ အဓိကကာယကံရှင်က ခေါင်းမာမာနဲ့ ငြင်းဆိုနေလို့ မအောင်မြင်သေးဘူး။ နိုင်ငံတခုဆိုတာ မိသားစုတခုလိုပါပဲ။ လင်၊ မယား၊ သားသမီး တွေကြားမှာ ပြဿနာတွေ ဖြစ်နေရင် ပတ်ဝန်းကျင်အနေနဲ့က ချွေးသိမ့်၊ ဖြောင်းဖြ၊ အကြံပေးကြရုံပါပဲ။ အဓိက ပြုပြင်ရမှာက အိမ်သားတွေပါ။ ကိုယ့်အမြင်အပေါ် ကိုယ်ရပ်တည်၊ ကိုယ့်အကျိုးဘက်ကချည်း ကိုယ်ရှုမြင်ပြီး အာဏာသုံး သောင်းကျန်းနေသမျှ ပြေလည်နိုင်စရာ မရှိဘူး။ ဆွေးနွေးဖြေရှင်းရေးဆိုတာ သူ့ဘက်ကိုယ့်ဘက် မျှပြီး အကျိုးကျေးဇူးတွေ မျှဝေ၊ နစ်နာချက်တွေ မျှခံ၊ အပြန်အလှန် စာနာပြီး အလျှော့အတင်း အပေးအယူ လုပ်ရေး ဖြစ်တယ်။ အချင်းချင်းလည်း အတိတ်က အပြစ်အနာအဆာတွေကို သင်ပုန်းချေ၊ ကျေအေးကြဖို့ လိုပါတယ်။ ဒါဟာ အလွန့်အလွန် သင့်မြတ်တဲ့ နည်းနာပါ။

လူတွေမှာ မိမိတို့ ယုံကြည်ချက် အယူအဆ တခုခုအပေါ် မှန်တယ်လို့ မြင်ပြီး ရပ်တည်လုပ်ဆောင်ခဲ့တာကို အထူးအပြစ်မမြင်သင့်ဘူး။ အကျိုးမရှိမှန်း၊ မှားမှန်း သိလျက်နဲ့ မိမိကိုယ်ကျိုးစီးပွားအတွက် ဆက်လက် လုပ်ဆောင်နေတာက ကောက်ကျစ်တဲ့ စိတ်ပဲ။ ဒီလိုလူမျိုးကိုသာ အပြစ်မြင်ပြီး စည်းခြားသင့်တယ်။ လူတွေမှာ အယူအဆ မတူ၊ အမြင် မတူတိုင်း ရန်သူလို့ မမြင်သင့်၊ မသတ်မှတ်သင့်ဘူး။ အမြင်တို့၊ အယူအဆတို့ ဆိုတာ ဘဝနဲ့ အတွေ့အကြုံက ဖန်တီးပေးတာ ဖြစ်တယ်။ သူ့ဘဝ အခြေအနေကြောင့် သူ့မှာ ဒီလိုအယူအဆတွေ ဖြစ်ပေါ်နေရတယ်၊ မတူတဲ့ ဘဝက လူတွေရဲ့ ခံစားချက်ကို သိမြင်ခံစား နားလည်အောင် ဆွေးနွေးပြောပြရမှာက လူတိုင်းမှာ တာဝန်ရှိတယ်။ လူတွေဟာ အချင်းချင်း အမှီပြုကြမှ အေးချမ်းမယ်၊ လုံခြုံမယ်၊ တိုးတက်မယ်၊ အချင်းချင်း ရန်ပြုကြမယ်ဆိုရင် နေစရာ မရှိဘူး။ လက်ရှိ အနုမြူ ညူးကလီးယားဗုံးတွေဟာ ကမ္ဘာတခုလုံးကို ပြာကျသွားစေနိုင်တယ်။

ဒီတော့ ကျနော်တို့ နိုင်ငံမှာ ဖြစ်ရှိနေတဲ့ အမျိုးသားချင်း ရန်ပွားမှု၊ တိုင်းရင်းသား အချင်းချင်း သွေးကွဲမှုတွေကို ဘယ်လိုအခြေခံသဘောထားနဲ့ ဖြေရှင်းတာ အကောင်းဆုံး ဖြစ်မယ်ဆိုတာ အားလုံး အမြင်တူကြပါလိမ့်မယ်။ ဒီလိုဘဝက သင်ကြားပေးလိုက်တဲ့ အသိအမြင်တွေကြောင့် ပြည်တွင်းက လက်နက်မဲ့၊ အာဏာမဲ့ နိုင်ငံရေး ခေါင်းဆောင်တွေက ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး၊ အမျိုးသား ရင်ကြားစေ့ရေးကို တောင်းဆိုလာကြခြင်း ဖြစ်ပါတယ်။ ဒါကို မျိုးချစ်၊ ပြည်ချစ်၊ နိုင်ငံချစ် ပုဂ္ဂိုလ်များအားလုံး နားလည်ကြပါတယ်။ နယ်စပ်နဲ့ တောတွင်းက လက်နက်ကိုင် အမျိုးသား အင်အားစုတွေကလည်း လေးလေးနက်နက် နားလည်သဘောပေါက်ကြတယ်။ ဒီလိုနားလည်လို့ ၁၉၆၃ ခုမှာ ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ တော်လှန်ရေးကောင်စီ စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာခဲ့ကြတယ်။ ၁၉၈၉ ခုကနေ ၂ဝ၁ဝ အထိ၊ အဖွဲ့များစွာဟာ နဝတ၊ နအဖ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့ကြတယ်။ သူတို့လိုလားတဲ့ အခွင့်အရေးတွေကို အမျိုးသားညီလာခံ အတွင်းမှာရော အပြင်မှာပါ တင်ပြတောင်းဆိုခဲ့ကြတယ်။ ဒါပေမဲ့ ဘာမှမရတဲ့အပြင် သူတို့တပ်ဖွဲ့ဝင်တွေကို အသွင်ပြောင်းရေး (ဖျက်သိမ်းရေး) လုပ်လာလို့ နောက်ဆုံး လမ်းခွဲသွားကြတာ ဖြစ်တယ်။ သူတို့ဘက်က သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို တောင်းဆိုနေတာ ကြာပြီ ဖြစ်တယ်။ သူတို့ရဲ့ ဦးတည်ချက်ဟာ ခွဲထွက်ရေး မဟုတ်ဘူး၊ အမျိုသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်တယ်။

စစ်မှန်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ရင်ကြားစေ့ရေးအတွက် မတူကွဲပြားတဲ့ အုပ်စုတွေ၊ ပြိုင်ဘက်တွေအကြား တွေ့ဆုံဆွေးနွေးရေး တံတားကို ဖြတ်ပြီးမှ သင့်မြတ်မှုကို ရောက်နိုင်မယ်။ ဒီလိုတွေ့ဆုံဆွေးနွေးနိုင်ဖို့ ဆိုတာကို အာဏာလက်ရှိ အစိုးရဘက်က ငြင်းပယ်နေသမျှ ဖြစ်လာဖို့ မလွယ်ဘူး။ လက်နက်မဲ့ တောင်းဆိုနေတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ အဆင်မသင့်ရင် ထောင်ထဲ ရောက်ကုန်ကြလိမ့်မယ်။ သူတို့လက်ခုပ်ထဲကရေ ဖြစ်နေတဲ့ဘဝမှာ ဘာပဲပြောပြော သူတို့အလေးထား နားဝင်ဖို့ လွယ်မှာ မဟုတ်ဘူး။ အမှန်တရားမို့ ပျားသကာလို ကိုယ့်ဘက်က ထင်နေပေမဲ့ သူတို့နားထဲမှာ ခါးတမာလို ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။ သူတို့ဘက်က အတွေးအခေါ် အမြင်တွေ ပြောင်းလာဖို့အတွက် အပြောနဲ့ချည်း မရနိုင်ဘူး၊ သင့်တော်တဲ့ အလုပ်နဲ့ ပြရမယ်။ နည်းပရိယာယ်ကြွယ်ဖို့ လိုသလို အချိန်ယူဖို့လည်း လိုအပ်တယ်။ ဒီကာလတွေမှာ ကြိုးပမ်းသူများအနေနဲ့ ထောင်ကို မကြောက်ပေမဲ့ ဦးတည်ချက် အောင်မြင်ဖို့ ရေရှည် အလုပ်ဆက်လုပ်သွားနိုင်ရန် လိုအပ်မှာ ဖြစ်ပါတယ်။ ရေရှည် အမြစ်တွယ်ပြီး ခိုင်မာနေတဲ့ အမြင်တခုကို ပြောင်းလဲနိုင်ဖို့ဆိုတာ ပြည်သူအများစုရဲ့ တွန်းအား၊ နိုင်ငံတကာရဲ့ တွန်းအား၊ ဘက်ပေါင်းစုံက အားတွေနဲ့ လုပ်ဆောင်နိုင်ဖို့ လိုပါလိမ့်မယ်။

ချုပ်ပြီး သုံးသပ် ကောက်ချက်ချရမယ်ဆိုရင် ဒီဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး၊ အမျိုးသား ရင်ကြားစေ့ရေးဟာ အလွန်ကို လိုအပ်နေတဲ့ မှန်ကန်သင့်မြတ်တဲ့ ကိစ္စရပ် ဖြစ်တယ်။ ဒါကြောင့် တောင်းဆိုကြိုးပမ်းသူများအပေါ် ထောက်ခံ အားပေး ကူညီကြဖို့ လိုတယ်။ လက်ရှိအခြေအနေအရ လွယ်လွယ်ကူကူနဲ့ ဖြစ်လာဖို့ မရှိသေးဘူး။ အခက်အခဲ များစွာနဲ့ ရင်ဆိုင်ရဖို့ ရှိတယ်။ အချိန်များစွာ ယူဖို့လိုတယ်။ ဒါပေမဲ့ မလွယ်ကူလို့ မလုပ်သေးဘူး ဆိုပြီး ရပ်ကြည့်နေဖို့ မဟုတ်ဘူး။ အောင်ပွဲကြီးကြီးအတွက် အခက်အခဲကြီးကြီးကို ဖြတ်ကျော်ရမှာပဲ။ နိုင်ငံရေးဆိုတာ လူတဦး၊ မျိုးဆက်တခုနဲ့ လုပ်တဲ့အလုပ် မဟုတ်ဘူး။ လူအများက မျိုးဆက်နဲ့ ချီပြီး လုပ်သွားရမယ့် အလုပ် ဖြစ်တယ်။ တူညီတဲ့ ဦးတည်ချက် တခုအတွက် သိတတ်နားလည်သူများအားလုံး ဝိုင်းဝန်းလုပ်ကြဖို့ လိုပါတယ်။ မိမိလုပ်နိုင်တဲ့ အပိုင်းက လုပ်ပါ။ မိမိတာကို လုံပါစေ၊ တာဝန် ကျေပါစေ။ ကျနော်တို့ရဲ့ အနာဂတ်ဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ရင်ကြားစေ့ရေးကို အကောင်အထည် ဖေါ်နိုင်တဲ့အပေါ်မှာ တည်မှီနေပါတယ်။ ပြည်သူလူထု အများစုက ဒီလိုနားလည် ခံယူပြီး ဝိုင်းလုပ်ကြပါမှ မြန်မြန် အကောင်အထည် ပေါ်လာနိုင်မယ်လို့ မြင်ပါတယ်။

About မွန်သတင်းအေဂျင်စီ

Check Also

သံလွင်ရဲ့ ညီညွှတ်မှုတေး

‘သံလွင်’ဟုဆိုလိုက်တာနဲ့မြွေလိမ်မြွေကောက်အသွင်သဏ္ဍာန်နဲ့တရုတ်နိုင်ငံမှမြစ်ဖျားခံစီးဆင်းလာသည့်မြစ်ဖြစ်သည်။ မြစ်အဆုံးရာမညနဲ့ သံလွင်သည်ခွဲခြားလို့မရနိုင်သောဆက်စပ်မှုပင်ဖြစ်သည်။ တရုတ်နိုင်ငံမှတဆင့်မြန်မာနိုင်ငံနယ်နိမိတ်များဖြစ်သောရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့ကိုဖြတ်သန်းစီးဆင်းကာ မုတ္တမပင်လယ်ကွေ့မှ ဘင်္ဂလားပင်လယ်အော်ထဲသို့စီးဝင်သည်။ နှစ်ပေါင်းများစွာသံလွင်ဟာ လူသားတို့၏ ဘဝများစွာအတွက်အသုံးတော်ခံရပ်တည်ပေးခဲ့သည်။ သံလွင်ဟာလူသားတို့အတွက် သဘာဝဖန်တီးပေးထားသော အနဂ္ဃရတနာတစ်ပါးပင်ဖြစ်သည်။ …

%d bloggers like this: