မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / ဒုတိယပင်လုံ (သို့) တန်းတူရေး

ဒုတိယပင်လုံ (သို့) တန်းတူရေး

ရေးသားသူ:

ဗညားရံ – ဒုတိယပင်လုံညီလာခံ တစ်ခု ခေါ်ယူကျင်းပမှာ ဖြစ်ကြောင်း ကျေညာခဲ့တဲ့ အောက်တိုဘာလ (၂၄) ရက်ကနေ့က စပြီး ပြည်တွင်းပြည်ပမှာ နိုင်ငံရေးဂယက်တစ်ခု ဖြစ်ပေါ်ခဲ့တယ်။ ဒီဂယက်က စစ်အစိုးရတဖက်သတ် ရေးဆွဲသွားတဲ့ ၂၀၀၈-အခြေခံဥပဒေနဲ့ မတရားလုပ်သွားတဲ့ ၂၀၁၀-ရွေးကောက်ပွဲတို့မှ တွန်းကန်အားကြောင့် ဖြစ်ပေါ်ခဲ့ရတာပါ။ စစ်မှန်တဲ့ မျိုးချစ်စိတ်ဓာတ်နဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတော်တစ်ခုကို ထူထောင်မှာဖြစ်ကြောင်း ကြွေးကြော်ထားတဲ့ စစ်အစိုးရက ကြိုတင်မဲများနဲ့ နိုင်သွားတဲ့ ပြည်ခိုင်ဖြိုးပါတီကို ရင်ခွင်ပိုက်အစိုးရ ဖွဲ့နိုင်အောင် တိတ်တဆိတ် ထိန်းကျောင်းပေးလျက် ရှိတယ်။ ပြည်ခိုင်ဖြိုးပါတီကလည်း ပထမဆုံးလွှတ်တော်ကို ခေါ်ယူနိုင်ဖို့ ညလုံးပေါက်အစည်းအဝေးတွေ ဆက်တိုက် ထိုင်နေရတယ်။
ဒီအချိန်မှာပဲ စစ်အစိုးရအလိုကျ ရေးဆွဲထားတဲ့ လက်ရှိအခြေခံဥပဒေမှာ ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီဘူး၊ လက်ရှိရွေးကောက်ပွဲဟာ မတရားဘူး၊ စစ်အစိုးရ ကျောထောက်နောက်ခံပြုတဲ့ နောက်တက် ပြည်ခိုင်ဖြိုးအစိုးရကလည်း အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဆောင်ကျဉ်းမပေးနိုင်သည်သာမက အခြေအနေကို ပိုပြီးတော့ ဆိုးရွားစေမယ်လို့ ယူဆကြတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားခေါင်းဆောင်များက ဒုတိယပင်လုံညီလာခံကို ခေါ်ယူကျင်းပဖို့ စိုင်းပြင်းနေပါတယ်။ ဒုတိယပင်လုံညီလာခံနဲ့ ပတ်သက်ပြီး သဘောထားအမြင်တွေနဲ့ ဖြစ်ပေါ်နိုင်မယ့် အခြေအနေအရပ်ရပ်တွေကို သိရှိနိုင်ဖို့ ပြည်ပဒီမိုကရေစီအင်အားစုများကလည်း မိမိတို့နဲ့ နီးစပ်ရာအဖွဲ့အစည်းများကို ဖိတ်ခေါ်ပြီး အစည်းအဝေးများ ကျင်းပနေကြတယ်။
စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ မဖြစ်နိုင်တော့ဘူးလို့ ယူဆတဲ့ NCUB က လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး ဖက်ဒရယ် စင်ပြိုင်ပါလီမာန်နဲ့ ဖက်ဒရယ် စင်ပြိုင်အစိုးရတစ်ခု ဖြစ်ပေါ်ဖို့ အားစိုက်လာတာကို တွေ့ရတယ်။ ဖက်ဒရယ် စင်ပြိုင်အစိုးရ ဖွဲ့စည်းဖို့ဆိုတဲ့နေရာမှာ ဒေါက်တာစိန်ဝင်းတို့ရဲ့ လက်ရှိစင်ပြိုင်အစိုးရနဲ့ ထိပ်တိုက်တွေ့နေတယ်။ ဒေါက်တာစိန်ဝင်းတို့ ဦးဆောင်တဲ့ စင်ပြိုင်အစိုးရ NCGUB ဟာ MPU ရဲ့ ထောက်ခံမှုနဲ့ ဒဗ္ဗလင်သဘောတူညီချက်ကိုပဲ ဆုပ်ကိုင်ပြီး NCUB နဲ့ ခပ်ဝေးဝေး နေနေတယ်။ ဒီကြားထဲမှာ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကော်မတီ (CEFU) စီဖူကလည်း ပေါ်ပေါက်လာရာ ဒီအဖွဲ့မှာ တိုင်းရင်းသားလက်နက်ကိုင် (၆) ဖွဲ့ ပါဝင်နေတယ်လို့ သိရတယ်။ ဒီစီဖူအဖွဲ့ဟာ အရင်က NDF အဖွဲ့နဲ့ ဘယ်လိုကွာလဲ စိစစ်ရဦးမှာပါ။ အချုပ်မှာ ဒီအဖွဲ့တွေအားလုံးက DAB မှာ ပါတဲ့အတွက် DAB ရဲ့ ဒုတိယပင်လုံညီလာခံ သဘောထားထုတ်ပြန်ချက်ကလည်း အရေးကြီးနေမှာပါ။

လက်ရှိ NCUB ရဲ့ ကြိုးပမ်းချက်မှာ အနှစ် (၂၀) ကျော် ကာလအတွင်း အကြီးကျယ်ဆုံး သတ္တိအရှိဆုံး စွန့်စားမှုတစ်ခုလို့ ယူဆရပါတယ်။ စစ်အစိုးရကိုသော်လည်းကောင်း၊ စစ်အစိုးရနောက် တက်လာမယ့် ပြည်ခိုင်ဖြိုးအစိုးရကိုသော်လည်းကောင်း ကောင်းကောင်းယှဉ်နိုင်ဖို့ စင်ပြိုင် ဖက်ဒရယ်ပါလီမာန်တစ်ခုနဲ့ စင်ပြိုင်ဖက်ဒရယ်အစိုးရတစ်ခု လိုအပ်နေတယ်လို့ ယူဆခြင်းမှာ လျော်ကန်သင့်မြတ်ပါတယ်။ ဒါပေမယ့် NCUB က DAB ကနေ ပေါက်ဖွားလာသလို NCGUB ကို မွေးဖွားသန့်စင် ပေးလိုက်တယ်လို့ ဆိုရမှာပါ။ NCUB က DAB ရဲ့ ထိန်းကျောင်းမှုကို မည်မျှခံယူနိုင်တယ်၊ NCGUB ကို မည်မျှထိန်းကျောင်းနိုင်တယ် ဆိုတဲ့အပေါ်မှာ မူတည်ပြီး NCUB ရဲ့ အရေးပါအရာရောက်မှုကို သုံးသပ်ရမှာ ဖြစ်တယ်။

ဒီဇင်ဘာလမှာ ပြည်တွင်းမှာကျတော့ စစ်အစိုးရကရော အင်န်အဲလ်ဒီကပါ အမျိုးသားနေ့ကို ကျင်းပကြတယ်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက လမ်းပြမြေပုံ အဆင့် (၅) ပြီးခဲ့ပြီ၊ နောက်နှစ်ဆင့်ပြီးယင် နိုင်ငံတော်အာဏာကို ပြည်သူလူထုထံ လွဲပြောင်းပေးမယ်လို့ သဝဏ်လွှာပါးခဲ့တယ်။ အင်န်အဲလ်ဒီဌာနချုပ်မှာ ကျင်းပခဲ့တဲ့ နှစ် (၉၀) ပြည့် အမျိုးသားနေ့မှာ အမျိုးသားရေးအောင်ပွဲ ပေါ်ထွန်းရန် အားလုံးက ပါဝင်လုပ်ဆောင်ရမှာ ဖြစ်ကြောင််း၊ တိုင်းရင်းသားတွေ မပါဘဲ အမျိုးသားရင်ကြားစေ့ရေး လုပ်ဆောင်ဖို့ မဖြစ်နိုင်ကြောင်း၊ စစ်အစိုးရအနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ပူးပေါင်းပါဝင်စေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းမှာကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒုတိယပင်လုံညီလာခံ ခေါ်ယူရေးအတွက် တိုင်းရင်းသားများရဲ့ တာဝန်လွှဲအပ်ချက်ကို လက်ခံထားပြီး ယင်းဒုတိယပင်လုံညီလာခံမှာ စစ်တပ်ကိုလည်း ပါဝင်စေချင်ကြောင်း သိသာပါတယ်။

အပြန်အလှန် သုံးသပ်ယင် ပြည်ပမှာ စင်ပြိုင်ဖက်ဒရယ်ပါလီမာန်နဲ့ စင်ပြိုင်ဖက်ဒရယ်အစိုးရ ပေါ်ပေါက်ဖို့ NCGUB ပါဝင်လာအောင် စည်းရုံးရ ခက်သလို ပြည်တွင်းမှာလည်း ဒုတိယ ပင်လုံညီလာခံအတွက် စစ်အစိုးရ (သို့) ပြည်ခိုင်ဖြိုးအစိုးရ ပူးပေါင်းပါဝင်ဖို့ အလားအလာ မရှိသလောက် ဖြစ်နေပါတယ်။ အမှန်မှာ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် အရေးကြီးတဲ့ ဒီပင်လုံစာချုပ်ကို ဗမာလူမျိုးအချို့က ခေတ်အဆက်ဆက်မှာ ဆန့်ကျင်လာခဲ့တာ ရှိပါတယ်။
၁၉၄၇-ခု ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့မှာ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်မှာ ဦးဆောင်ဦးရွက် ပြုခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားတာနဲ့ သူနဲ့အတူ မြေမြှုပ်ခံခဲ့ရပါတယ်။ ဗိုလ်ချုပ်ကို ဆက်ခံတဲ့ ဦးနုနဲ့ သူ့ပါလီမာန်အစိုးရတို့က အခြေခံဥပဒေကို ရေးဆွဲတဲ့အခါ အဲဒီစာချျပ်ကို မသိမသာ ချောင်ထိုးထားခဲ့ပါတယ်။ ၁၉၄၇-ခု ဥပဒေမှာ ပြည်ထောင်စုစစ်စစ်မူ မဟုတ်ဘဲ ဗြိတိသျှတို့ရဲ့ ဖွဲ့စည်းပုံကို အတုခိုးခဲ့ပြီး တိုင်းရင်းသားရေးရာအတွက် လူနည်းစု အခန်းကဏ္ဍသဘောလောက်ပဲ ထည့်သွင်းခဲ့တာပါ။

ဗမာတွေနဲ့ ဆယ်နှစ်လောက် နေကြည့်ပါ၊ တန်းတူအခွင့်အရေး မရယင် ခွဲထွက်ပါလို့ ဗိုလ်ချုပ်က ပြောခဲ့ပါတယ်။ ခွဲထွက်ပိုင်ခွင့်ကိုလည်း ပင်လုံစာချုပ်မှာ အတိအလင်း ဖော်ပြပေးပါတယ်။ အချို့က ဒီစာပိုဒ်ကြောင့်ပဲ ဗမာပြည် ပြည်တွင်းစစ် ဖြစ်ရသတဲ့။ ဒီစာပိုဒ်ကြောင့်လို့ ပြောမယ့်အစား ပင်လုံစာချုပ်ကို ဗမာခေါင်းဆောင်တွေ လျစ်လျုရှုခဲ့ခြင်းကြောင့်လို့ ပြောယင် ပိုမှန်ပါလိမ့်မယ်။ တိုင်းရင်းသား လူမျိုးများကလည်း သီးခြားနိုင်ငံ ထူထောင်ကြမယ်ဆိုပြီး လက်နက်ကိုင်ကြတာ မဟုတ်ဘူး။ ပါလီမာန်အစိုးရမှာ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပြည်နယ်ကို တောင်းဆိုရင်း ကျည်သင့်ခဲ့ရတဲ့အဖြစ် လုပ်ကြံခံခဲ့ရတဲ့အဖြစ်များ ရှိခဲ့လို့ မလွဲမရှောင်သာ လက်နက်ကိုင်ခဲ့ရတယ်ဆိုတာ မကြာသေးခင်က သမိုင်းမော်ကွန်းမှာ ရှိပါတယ်။ ပြည်ထောင်စုကို တပြည်ထောင် လုပ်ချင်တဲ့ ဗမာ့အစိုးရကို တုန့်ပြန်တဲ့အနေနဲ့ နောက်ပိုင်းမှာ အချို့တိုင်းရင်းသားလူမျိုးများက သီးခြားနိုင်ငံ ထူထောင်မှာဖြစ်ကြောင်း နည်းပရိယာယ်ကြွယ်ကြွယ်နဲ့ တိုက်ပွဲ ဝင်ခဲ့ခြင်းသာ ဖြစ်တယ်။

၁၉၆၁-ခု ဇွန်လ (၈) ရက်နေ့ တောင်ကြီးညီလာခံ မှတ်တမ်းကို ကြည့်ယင် တိုင်းရင်းသားတွေက ခွဲထွက်ဖို့ အဲဒီစာပိုဒ်နဲ့ အကျပ်မကိုင်ခဲ့ပါဘူး။ သမိုင်းအစဉ်အလာ ကြီးမားခဲ့တဲ့ ဗမာ၊ မွန်၊ ရခိုင်တို့ကို ပြည်နယ်ဖွဲ့ခွင့်ပေးပြီး ပြည်နယ် (၈) ခုနဲ့ ဖက်ဒရယ် ပြည်ထောင်စုတစ်ခု တည်ဆောက်ဖို့ပဲ တောင်းဆိုခဲ့တာပါ။ ဒါကို ဦးနုအစိုးရကလည်း လက်ခံစ ပြုလာပါတယ်။ ဒီအချိန်မှာပဲ ပင်လုံစာချုပ်ကို ပြက်ရယ်ပြုတဲ့ နောက်ထပ် ဗမာ့အဖွဲ့အစည်းတစ်ခု ပေါ်ပေါက်လာတယ်။ အဲဒါကတော့ ဗိုလ်နေဝင်း ဦးဆောင်တဲ့ ဆိုရှယ်လစ်တပ်မှူးတွေပဲ ဖြစ်တယ်။ ဖက်ဒရယ်ကို ခွဲထွက်ခွင့်လို့ ယူဆတယ်။ ပြည်ထောင်စုကြီး ပြိုကွဲမယ်လို့ လူများစု ဗမာတွေကို လန့်ဖြန့်အောင် လုပ်တယ်။ ၁၉၇၄-ခု ဖွဲ့စည်းပုံမှာ ပြည်နယ်ပြည်မ မခွဲခြားတော့ဘဲနဲ့ တိုင်းနဲ့ ပြည်နယ် (၁၄) ခု ဖြစ်လာတယ်။ တိုင်းနဲ့ ပြည်နယ် (၁၄) ခုက တန်းတူအခွင့်အရေး ရှိတယ်လို့ ဆိုပါတယ်။ ရှိသမျှ ပြည်ထောင်စု အမွေအနှစ်တွေ အားလုံးကို ဗမာမှု ပြုလိုက်ပါတော့တယ်။ ဦးနေဝင်းရဲ့ (၂၆) နှစ်ကြာ မှိုင်းတိုက်မှုကြောင့် ပြည်သူတွေက ဖက်ဒရယ်ဆို ကြောက်ကြတယ်။ တပြည်ထောင်စနစ်နဲ့ ပြည်ထောင်စုစနစ်ကို ရောကုန်ကြတယ်။ မဟာလူမျိုးကြီးဝါဒနဲ့ စစ်မှန်တဲ့ မျိုးချစ်စိတ်ဓာတ်ကို သမမွှေလိုက်တယ်။ မျိုးဖြုတ်စိတ်ဓာတ်နဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို တတန်းတည်း ထားလိုက်တယ်။

ရှစ်လေးလုံး အရေးအခင်း နောက်ပိုင်းမှာ အခြေအနေအရ ဗမာလူမျိုးနဲ့ တိုင်းရင်းသားလူမျိုးများဟာ ဘဝတူများ ဖြစ်လာကြပြီး ဘုံရန်သူ စစ်အစိုးရကို အတူတူ ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ကြတယ်။ အနှစ် (၂၀) ကျော် ကြာတဲ့အချိန်မှာ လူများစု ဗမာလူမျိုးများက လူနည်းစု တိုင်းရင်းသားလူမျိုးများကို စာနာတတ်လာကြတယ်။ ဖက်ဒရယ်ဆိုတာ ပြိုကွဲရေးလမ်းစဉ် မဟုတ်ဘူးလို့ သဘောပေါက်လာကြတယ်။ တိုင်းရင်းသားတွေဟာ ဗမာတွေနဲ့အတူ ပြည်ထောင်စု အသိုက်အမြုံမှာ အေးအတူ ပူအမျှ နေချင်ကြတယ်လို့ သိရှိလာကြတယ်။ မဟာလူမျိုးကြီးဝါဒဟာ ဗမာလူမျိုးတို့အတွက် ရေရှည်ကောင်းကျိုး မပေးဘူးလို့ သတိထားမိကြတယ်။ တိုင်းရင်းသားတွေဘက်ကလည်း ဗမာ့တပ်ရဲ့ ဒဏ်ကို နှစ်ကြာခံလာခဲ့ရပေမယ့် ခံရသူတွေထဲမှာ ဗမာလူမျိုးတွေလည်း ပါတယ်ဆိုတာ သိကုန်ကြပြီ။ ဒီအပြန်အလှန် နားလည်မှု ဖြစ်စဉ်တွေကနေပဲ ဒုတိယ ပင်လုံညီလာခံကို ဦးတည်သွားတာပါ။ ဒုတိယ ပင်လုံညီလာခံကို တိုင်းရင်းသား လူမျိုးများဘက်က တက်တက်ကြွကြွ ပါဝင်ကြသလို ဗမာ့ခေါင်းဆောင်များကလည်း အားတက်သရော ပူးပေါင်း ပါဝင်လာကြတယ်။ ဒါဟာ နိုင်ငံရေးအရ အင်မတန်မှပဲ အကျိုးအမြတ် ရှိပါတယ်။

NCGUB နဲ့ USDP တို့က ပူးပေါင်းသည် ဖြစ်စေ၊ မပူးပေါင်းသည် ဖြစ်စေ၊ ဒုတိယ ပင်လုံညီလာခံလို့ ခေါ်သည် ဖြစ်စေ၊ (၂၁) ရာစု ပင်လုံညီလာခံလို့ ခေါ်သည် ဖြစ်စေ (၂၀၁၁) ခုမှာ ပြည်တွင်း ပင်လုံညီလာခံတစ်ခုနဲ့ ပြည်ပ ဖက်ဒရယ် စင်ပြိုင်အစိုးရတစ်ခု ပေါ်ပေါက်ဖို့ သေချာနေပါပြီ။ ဒီပင်လုံညီလာခံမှာ ဗိုလ်ချုပ်အောင်ဆန်း ရင်ဆိုင်ရတဲ့ ပြဿနာထက် ပိုကြီးမားတဲ့ စိန်ခေါ်ချက်တွေကို ဒေါ်စုနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေက ရင်ဆိုင်ရမှာပါ။ အဘယ်ကြောင့်ဆိုသော် ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တို့ရဲ့ စာချုပ်ကို ဗြိတိသျှအစိုးရက အသိအမှတ်ပြုခဲ့သလို မဟုတ်ဘဲ ဒေါ်စုနဲ့ တိုင်းရင်းသားခေါင်းဆောင်တို့ရဲ့ သဘောတူညီချက်ကို ပျက်ပြားအောင် စစ်အစိုးရ (သို့) ပြည်ခိုင်ဖြိုးအစိုးရက လုပ်ဆောင်မှာ ဖြစ်လို့ပါပဲ။

ဒါကြောင့်ပဲ ပင်လုံညီလာခံကို ကျင်းပတဲ့အခါမှာ လုံခြုံရေးအရ စိုးရိမ်မှု ဖြစ်ရသလို ဆွေးနွေးတဲ့ အကြောင်းအရာတွေကလည်း အတိမ်းအစောင်းခံလို့ ရမှာ မဟုတ်ဘူး။ ဒီညီလာခံကို စစ်အစိုးရ (သို့) ပြည်ခိုင်ဖြိုးအစိုးရက ဘယ်လိုကိုင်တွယ်မလဲ ဆိုတာကလည်း စိတ်ဝင်စားစရာ ကောင်းနေတာ အမှန်ပဲ။ သေချာတာက (၁၉၄၇) ဖွဲ့စည်းပုံနဲ့ (၁၉၇၄) ဖွဲ့စည်းပုံတို့လိုပဲ ဒီ (၂၀၀၈) ဖွဲ့စည်းပုံကလည်း ဖက်ဒရယ်ကို လက်ခံမှာ မဟုတ်လို့ ဒီအကြောင်းကို ဆွေးနွေးယင် စစ်အစိုးရနဲ့ ပြည်ခိုင်ဖြိုးအစိုးရတို့ရဲ့ ငြိုငြင်မှုကို ခံရမှာပါ။အနာဂတ်မှာ ပြည်ခိုင်ဖြိုးအစိုးရဟာ ပင်လုံစာချုပ်ကို ပြယ်ရယ်ပြုမယ့် အဖွဲ့အစည်းလို့ မြင်ပါတယ်။ ပါလီမာန်အစိုးရခေတ်၊ မဆလအစိုးရခေတ်ထက် ဒီကြံ့ဖွံ့ခေတ်က ပိုခက်သယောင် ရှိပေမယ့် ဖက်ဒရယ်စနစ်ကို တိုင်းရင်းသား မိဘပြည်သူများ သိရှိနားလည်အောင် ပညာပေးနိုင်ယင် ကြံ့ဖွံ့က ဟန့်တားနိုင်မှာ မဟုတ်ဘူး။

စိတ်ဝင်စားစရာ အကောင်းဆုံးက ဒီဒုတိယ ပင်လုံညီလာခံမှာ ဘာတွေ ဆွေးနွေးကြမလဲ ဆိုတာပါပဲ။ ပြည်ထောင်စုစစ်စစ်မူ ဆိုလိုက်ရုံနဲ့ ဗမာပြည်နယ် ဖွဲ့စည်းဖို့ သင့်မသင့်၊ ပြည်ထောင်စု ရုံးသုံးဘာသာစကား၊ ပြည်ထောင်စု နိုင်ငံအမည်နာမတို့က ထိပ်ဆုံးက ဝင်လာလေ့ ရှိတယ်။ တန်းတူရေး ဖြစ်ဖို့ ဗမာလူမျိုးအတွက် ဗမာပြည်နယ်တစ်ခု ဖွဲ့စည်းပေးသင့်တယ်လို့ တိိုင်းရင်းသားလူမျိုးများက ယူဆကြတယ်။ ပြည်ထောင်စု ရုံးသုံးမှာ အင်္ဂလိပ်စာ ဖြစ်သင့်တယ်လို့ အချို့က အဆိုပြုတယ်။ နိုင်ငံ့အမည်ကိုလည်း လူမျိုးကို ကိုယ်စားပြုတဲ့အမည် မဟုတ်ဘဲ သုဝဏ္ဏဘူမိလို ဒေသန္တရအမည် ဖြစ်သင့်တယ်လို့ ဆိုကြတယ်။ အမျိုးသား ရင်ကြားစေ့ရေးအတွက် အဲဒါတွေ လိုအပ်တယ်လို့ တိုင်းရင်းသားလူမျိုးများက ယူဆနေကြတယ်။ ဒါပေမယ့် ဒါကိုပဲ ဗမာတွေက စိုးရိမ်မကင်း ဖြစ်ရတယ်။ ပြည်ထောင်စုမှာ ဗမာလူမျိုးရဲ့ အခန်းကဏ္ဍ မှေးမှိန်သွားမှာ စိုးကြတယ်။ ဒါကိုပဲ အညှာကိုင်ပြီး စစ်အစိုးရက ကြီးပွားနေတာပါ။ လူမျိုးတန်းတူရေးအတွက် တိုက်ပွဲဝင်မိလို့ ပြည်တွင်းစစ် သက်တမ်းရှည်ကြာရတယ်လို့ အပြစ်တင်မယ့်အစား တန်းတူရေးကို လက်မခံနိုင်တဲ့ မဟာဗမာဝါဒီအချို့ကြောင့် စစ်အစိုးရ သက်တမ်း ရှည်ကြာနေရတာပါလို့ပဲ ပြောချင်ပါတယ်။

အချို့က ပြည်နယ်တွေကို ဖွဲ့စည်းတဲ့နေရာမှာ လူမျိုးကို အခြေမခံဘဲ အမေရိကန်ပြည်ထောင်စုမှာလို ဒေသကို အခြေခံသင့်တယ်လို့ အဆိုပြုပါတယ်။ ဒီအပေါ်မှာ ဗမာတွေရော ဗမာမဟုတ်တဲ့ လူမျိုးများရော သတ္တိရှိရမယ်လို့ ဆိုပါတယ်။ စာရေးသူအမြင်အရ တကယ်လို့ ဒေသကို အခြေခံပြီး ဖွဲ့စည်းယင် သုဝဏ္ဏဘူမိ ပြည်ထောင်စုကို တိုင်းလေးတိုင်းနဲ့ ပြီးပါတယ်။ ရာမညတိုင်း၊ သုနာပရန္တတိုင်း၊ ဓညဝတီတိုင်းနဲ့ ကမ္ဗောဇတိုင်းတို့ပဲ။ အောက်မြန်မာနိုင်ငံ (တောင်ခြမ်း) ကို ရာမညတိုင်း၊ အထက်မြန်မာပြည် (မြောက်ခြမ်း) ကို သုနာပရန္တတိုင်း၊ အနောက်ခြမ်းကို ဓညဝတီတိုင်း၊ အရှေ့ခြမ်းကို ကမ္ဗောဇတိုင်းပေါ့။ သမိုင်းအစဉ်အလာအရ ဒီလိုသတ်မှတ်ပေမယ့် ဒီတိုင်းတွေမှာ ဘာသာစကား ခွဲခြားမှု မရှိဘူးပေါ့။ အမေရိကန် ပြည်ထောင်စုလိုပဲ ရုံးသုံးဘာသာစကား မည်မည်ရရ မထားဘူးပေါ့။ ဗမာစကားကို တွင်တွင်ကျယ်ကျယ် အသုံးပြုပေမဲ့ ဘာသာစကားတိုင်းကိုလည်း နေရာတိုင်းမှာ သုံးလို့ ရတယ်ပေါ့။ ဂျာမနီတို့ နယူးဇီးလန်တို့လို ကျင့်သုံးလို့ ရတယ်။ ဒါပေမယ့် ဒါကို ချင်း၊ ကချင်၊ ကယား၊ ကရင်တို့က လက်ခံပါ့မလား။ ဒါကိုလည်း ဒုတိယ ပင်လုံညီလာခံမှာ ထည့်စဉ်းစားသင့်တာပါပဲ။

နောက်တစ်ချက်က အမေရိကန် ပြည်ထောင်စုလို မဟုတ်ဘဲ ရုရှားဖက်ဒရေးရှင်းနိုင်ငံလို စဉ်းစားကြည့်ကြရအောင်ပါ။ ရုရှားနိုင်ငံဟာ ဆိုဗီယက် ပြည်ထောင်စုတုန်းကလို ပြည်နယ်တိုင်းမှာ ရုရှားစာကို အတင်းအကျပ် မသင်ခိုင်းတော့ဘဲ ပြည်နယ်လွတ်လပ်ခွင့် ပေးလိုက်တယ်။ ရုရှားဟာ ဒေသကို အခြေခံတာ မဟုတ်ဘဲ လူမျိုးကို အခြေခံပြီး သမ္မတနိုင်ငံတွေ၊ ပြည်နယ်တွေ၊ ကိုယ်ပိုင်အုပ်ခွင့်ရ ဒေသတွေနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံပါ။ ရုရှားလူမျိုးဟာ နိုင်ငံလူဦးရေရဲ့ (၈၀) ရာခိုင်နှုန်းနီးပါး ရှိပါတယ်။ တာတာလူမျိုးနဲ့ အခြားလူမျိုးများဟာ (၂၀) ရာခိုင်းနှုန်းမျှသာ ရှိတာပါ။ ရုရှားနိုင်ငံဟာ ကမ္ဘာမှာ အကျယ်ဆုံးနိုင်ငံ ဖြစ်ပြီး အချိန်ဇုံ (၉) ဇုံ ရှိပါတယ်။ ရုရှားနိုင်ငံဟာ မြန်မာနိုင်ငံလိုပဲ တိုင်းရင်းသားတွေနေတဲ့ ဒေသဟာ လူများစုနေတဲ့ ရုရှားဒေသထက် ကျယ်ဝန်းပါတယ်။ သမ္မတနိုင်ငံတွေ၊ ပြည်နယ်တွေ၊ ဒေသတွေ (၈၃) ခုလောက်နဲ့ ဖွဲ့စည်းထားတာပါ။ အဲဒီ (၈၃) ခုတွေက ဖက်ဒရယ် အထက်လွှတ်တော်နဲ့ ဒူးမားအောက်လွှတ်တော်တို့ကို ကိုယ်စားလှယ် လွှတ်နိုင်ကြတယ်။ သမ္မတနိုင်ငံ၊ ပြည်နယ်၊ ဒေသတိုင်းမှာ မိမိတိုင်းရင်းဘာသာစကားကို ရုံးသုံးအဖြစ် အသုံးပြုနိုင်ကြတယ်။ ဒါပေမယ့် ရုရှားရဲ့ အုပ်ချုပ်ရေးစနစ်ဟာ ပြည်နယ် ပြည်မ နည်းနည်းဆန်နေသေးတယ်။ ဒါကို အခြေခံပြီး ဒီမိုကရက်တစ် ဖက်ဒရေးရှင်း အော့ဖ် ဘားမားမှာ ဗမာပြည်နယ် ဖွဲ့စည်းရေး မဖွဲ့စည်းရေးကို အာရုံမထားဘဲ ဗမာမှအပ ပြည်နယ်ရ လူမျိုးများက မိမိပြည်နယ်မှာ မိမိရဲ့ တိုင်းရင်းဘာသာစကားကို ရုံးသုံးအဖြစ် အသုံးပြုနိုင်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ ရရှိဖို့ကိုပဲ အဓိကထားခြင်း ဖြစ်တယ်။ ဒါကိုလည်း ဒုတိယပင်လုံမှာ သတိထား ဆွေးနွေးရမယ့် အချက်တစ်ချက်ပါ။

တတိယအချက်မှာ တန်းတူညီတူ ပြည်နယ်ရှစ်ခုဖြင့် ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ခြင်း ဖြစ်တယ်။ ဒီဖက်ဒရယ် ပြည်ထောင်စုမှာ ပြည်နယ်အလိုက် ညီတူညီမျှ စေလွှတ်လိုက်တဲ့ ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်လွှတ်တော် (သို့) အထက်လွှတ်တော်၊ လူဦးရေအလိုက် ရွေးကောက် တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားလွှတ်တော် (သို့) အောက်လွှတ်တော်၊ ဒီလွှတ်တော်နှစ်ရပ်နဲ့ ဖွဲ့စည်းထားတဲ့ ပါလီမာန်အောက်မှာ အုပ်ချူပ်မယ့် ဖက်ဒရယ်အစိုးရ ရှိနေမှာ ဖြစ်တယ်။ ပြည်နယ်တိုင်းမှာ မိမိတိုင်းရင်းဘာသာစကားကို ရုံးသုံးအဖြစ် အသုံးပြုနိုင်ပြီး ဖက်ဒရယ်ရုံးသုံးအဖြစ် အင်္ဂလိပ်စာက အသင့်တော်ဆုံး ဖြစ်ပါလိမ့်မယ်။ ဖက်ဒရယ်ရုံးသုံးမှာ ဗမာစာ ဗမာစကား ဖြစ်နေယင်လည်း လက်ခံသင့်တယ်။ ပြည်နယ်တိုင်းမှာ ဖက်ဒရယ်ဥပဒေကို မကျော်လွန်တဲ့ ဥပဒေပြုခွင့်၊ ကိုယ်ပိုင်အစိုးရနဲ့ ကိုယ်ပိုင်တရားစီရင်ရေး စနစ်တွေလည်း ရှိနေမှာပါ။

စတုတ္ထအချက်မှာ ပြည်နယ်တိုင်းကို သမ္မတနိုင်ငံလို့ သဘောထားပြီး ပါလက်စတိုင်းနဲ့ အစ္စရေးတို့လိုမျိုး စဉ်းစားကြည့်ခြင်း ဖြစ်တယ်။ လူမျိုးတိုင်းက ကိုယ်ပိုင်အစိုးရ ကိုယ်ပိုင်လွှတ်တော် ကိုယ်ပိုင်တရားရုံးနဲ့ ကိုယ်ပိုင်စစ်တပ် ရှိနေမှာပါ။ နိုင်ငံတိုင်းကိုလည်း ကူးလူးဆက်ဆံနိုင်သလို အားကစား အစရှိတဲ့ သာမန်ပြိုင်ပွဲတွေကို ကိုယ်စားပြုနိုင်တဲ့ အဆင့်ပါ။ ဗြိတိသျှ အင်ပါယာလိုမျိုး ဖြစ်ပါတယ်။ မြောက်အိုင်ယာလန်၊ ဝေးလ်၊ စကော့တလန် နဲ့ အင်္ဂလန် ပေါင်းပြီး ယူနိုက်တက်ကင်းဒမ်း ဖြစ်သလိုမျိုးပေါ့။ ဒီစနစ်က ပြည်နယ်အခွင့်အရေးတွေ များနေလို့ အန္တရာယ်များမယ့် စနစ်ပါ။ ဒါပေမဲ့ ဒုတိယ ပင်လုံညီလာခံမှာ ဒီအချက်ကိုလည်း ထည့်သွင်းစဉ်းစားသင့်တာပါပဲ။

အထက်ဖော်ပြပါ အချက် (၄) ချက်မှာ မြန်မာနိုင်ငံနဲ့ အကိုက်ညီဆုံးက ဒုတိယနဲ့ တတိယအချက်တွေပါပဲ။ ဒုတိယ ပင်လုံညီလာခံမှာ မည်သည့်အချက်ကို လက်ခံဆွေးနွေးသည်ဖြစ်စေ လူအခွင့်အရေး၊ ဒီမိုကရေစီရေးနဲ့ လူမျိုးတန်းတူရေးကို လျစ်လျူရှုမှာ မဟုတ်ဘူးလို့ မျှော်လင့်မိပါတယ်။ တပြည်ထောင်စနစ်လည်း မဟုတ်၊ သီးခြားသမ္မတနိုင်ငံလည်း မဟုတ်၊ လူမျိုးတိုင်း ကိုယ်ပိုင်ပြဌာန်းခွင့် ရှိတဲ့ ဖက်ဒရယ် ပြည်ထောင်စုစစ်စစ် ဖြစ်လာဖို့ပဲ အရေးကြီးတာပါ။ အရေးကြီးဆုံးမှာ အနှစ် (၂၀) လုံးလုံး အဖွဲ့အစည်းပေါင်း များစွာက သဘောတူညီချက်ပေါင်း များစွာကို လက်မှတ်ရေးထိုးပြီး ချောင်ထိုးထားလိုက်သလို ဖြစ်မနေဘဲ အဲဒီသဘောတူညီချက်ကို အကောင်အထည်ဖော်နိုင်အောင် လမ်းပြမြေပုံအသစ်တစ်ခု စင်ပြိုင်ရေးဆွဲထားဖို့ပါပဲ။ အဲဒီလမ်းပြမြေပုံအတိုင်း တစိုက်မတ်မတ် လုပ်ဆောင်ကြဖို့ လိုအပ်ပါလိမ့်မယ်။ ဒါမှပဲ နိုင်ငံရေးအနှစ်သာရနဲ့ ပြည့်ဝတဲ့ ဒုတိယ ပင်လုံညီလာခံလို့ ခေါ်ဆိုနိုင်ပါလိမ့်မယ်။

About မွန်သတင်းအေဂျင်စီ

Check Also

NCA ကို ပြန်လည်သုံးသပ်ဖို့လိုပြီ

တိုင်းရင်းသားလက်နက်ကိုင်များအနေနှင့် ကနဦးကာလ၌ လက်နက်စွန့်ရန်မလိုဘဲ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် Nationwide Ceasefire Agreement- NCA ချုပ်ဆိုခြင်းနှင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲရလဒ်များကို အခြေခံပြီး လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များ အဆင့်ဆင့်ပြုလုပ်သွားခြင်းဖြင့် …

%d bloggers like this: