spot_img
Friday, March 29, 2024
More
    spot_img
    Homeမေးမြန်းချက်ဒုတိယပင်လုံ ညီလာခံ ခေါ်ယူရေးကို ထောက်ခံစေချင်တယ်

    ဒုတိယပင်လုံ ညီလာခံ ခေါ်ယူရေးကို ထောက်ခံစေချင်တယ်

    -

    ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် မွန်အမျိုးသားရေးရာအဖွဲ့ချုပ် (MAU) ၏ သူမအပေါ် ထားရှိသော သဘောထားနှင့် သူမအပေါ် မျှော်လင့်ချက်များကို သိရှိနိုင်ရန် မွန်အမျိုးသားရေးရာအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ နိုင်လရီရွတ်ကို လွတ်လပ်သော မွန်သတင်းအေဂျင်စီမှ မိရိုင်မရော့က ဆက်သွယ်မေးမြန်းထားပါသည်။

    မေး ။    ။ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ကနေ လွတ်မြောက်လာခြင်းနဲ့ ပတ်သက်ပြီးတော့ မွန်အမျိုးသားရေးရာ အဖွဲ့ချုပ်အနေနဲ့ ဘယ်လိုသဘောထားပါသလဲ။

    ဖြေ ။    ။ မွန်အမျိုးသားရေးရာ အဖွဲ့ချုပ် (MAU) အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာတာနဲ့ ပတ်သက်ပြီး ဝမ်းမြောက်မိကြောင်း (Statement) ကြေငြာချက် ထုတ်ပြန်ထားတာလည်း ရှိခဲ့တယ်။ ဒေါ်စုဟာ ပြည်သူတွေရဲ့ ခေါင်းဆောင်တစ်ယောက်လို့လဲ ကျနော်တို့အနေနဲ့ မြင်ပါတယ်၊ သိန်းသန်းချီတဲ့ ပြည်သူတွေ မျှော်မှန်းသလိုပဲ ကျနော်တို့လည်း ဒေါ်စုဟာ ဗမာပြည် ဒီမိုကရေစီလမ်းကြောင်းကို ဖော်ဆောင်ပေးနိုင်မယ့် အနာဂတ်အလင်းတန်းတစ်ခုပါ။ တိုင်းရင်းသားများအားလုံး တောင့်တနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် ဖော်ဆောင်ရာမှာ ဒေါ်စုကို အများကြီး မျှော်လင့်ပါတယ်၊ အကယ်၍ ဒေါ်စုသာ တိုင်းရင်းသားတို့ရဲ့ လိုအပ်ချက်အတိုင်းသာ လုပ်ဆောင်သွားမယ်ဆိုရင် တိုင်းရင်းသားတွေအတွက် အများကြီး အကျိုးရှိနိုင်ပါတယ်။ အထူးသဖြင့် ကျနော်တို့ မွန်ခေါင်းဆောင်တွေ အပါအဝင် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူနိုင်ဖို့ ထုတ်ပြန်ခဲ့တဲ့ ကြေငြာချက်အပေါ် ဒေါ်စုက ဦးဆောင်လမ်းညွှန် ပေးနိုင်လိမ့်မယ်လို့ တွေးပြီး အများကြီး ဝမ်းမြောက်မိပါတယ်။

    မေး ။    ။ တကယ်လို့ (NLD) အနေနဲ့ တရားဝင် နိုင်ငံရေးပါတီအဖြစ် စစ်အစိုးရမှာ (Register) ပြန်လုပ်မယ်ဆိုရင်ကော (MAU) အနေနဲ့ အဲဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

    ဖြေ ။    ။ အခုဆို ရွေးကောက်ပွဲလည်း ပြီးသွားပြီ၊ (NLD) အနေနဲ့ စစ်အစိုးရမှာ နိုင်ငံရေးပါတီအဖြစ် ပြန်လည်အသိအမှတ်ပြုပေးဖို့ တောင်းဆိုဖို့ဆိုတာ ဖြစ်နိုင်မယ်လို့တော့ မထင်ပါဘူး၊ ဗမာပြည်မှာ စစ်အစိုးရက သူတို့အလိုအတိုင်း သူတို့လုပ်ချင်သလို လုပ်နေတာ၊ တကယ်လို့ သူတို့လိုချင်တဲ့ပုံစံ သူတို့ဆန္ဒအတိုင်း သူတို့ ဆွေးနွေးလို့ ရမယ်ဆိုရင် ဒါတွေဟာ ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်ဖို့ အင်မတန် အလားအလာ နည်းပါတယ်၊ တကယ်လို့ (NLD) က တရားဝင်နိုင်ငံရေးပါတီတခု အနေနဲ့ မှတ်ပုံတင်မယ် ဆိုရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် ဆန့်ကျင်တဲ့ပါတီတစ်ခု ပေါ်လာပြီးတော့ ပြည်သူတွေအတွက် အားအင်တခု ဖြစ်လာပါလိမ့်မယ်။

    မေး ။    ။ ဒေါ်စုက (အမျိုးသား ပြန်လည် သင့်မြတ်ရေး) ကို လုပ်ဆောင်နိုင်လိမ့်မယ်လို့ (MAU) အနေနဲ့ ယုံကြည်ပါသလား။

    ဖြေ ။    ။ ဒေါ်စုလွတ်မြောက်လာတာကို ကြည့်ခြင်းအားဖြင့် ပြည်သူတွေ သိန်းချီ ကြိုဆိုကြပါတယ်၊ လူငယ်အဖွဲ့တွေ ပြည်ပရောက် အဖွဲ့အစည်းတွေ တိုင်းရင်းသားအဖွဲ့အစည်းတွေ ကြိုဆိုထောက်ခံတဲ့ အသံတွေ ထွက်လာပါတယ်။ အကယ်၍ စစ်အစိုးရသာ နောက်ထပ် ပြန်ပြီး ထိန်းသိမ်းခြင်း မပြုဘူးဆိုရင် အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်လာနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်၊ ဒါပေမယ့် စစ်အစိုးရက သူတို့ရဲ့ ညစ်ပတ်တဲ့ ပရိယာယ်တွေကို သုံးပြီး ဖမ်းဆီးချုပ်နှောင်လာမယ်ဆိုရင် ပွဲပျက်သွားနိုင်တယ်။ အဲဒါကိုပဲ စိုးရိမ်နေမိတယ်။

    မေး ။    ။ သုံးပွင့်ဆိုင် ဆွေးနွေးတာကရော ဘယ်လိုဖြစ်လာနိုင်လဲ။

    ဖြေ ။    ။ သုံးပွင့်ဆိုင် ဆွေးနွေးတယ်ဆိုတာက အများက လိုလားပြီး တောင်းဆို စောင့်မျှော်နေတာ ဖြစ်တယ်၊ ဒါပေမယ့် ပြည်ပနိုင်ငံတွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖိအားတွေ ပေးနေပေမယ့်လည်း ဖြစ်မလာခဲ့ဘူး။ ဖြစ်မလာခဲ့ဘူး ဆိုတာက စစ်အစိုးရက လက်ရှိအာဏာ လက်လွတ်ဆုံးရှုံးသွားမှာ စိုးတဲ့အတွက်ကြောင့် ပြည်သူတွေ လိုလားတဲ့ သုံးပွင့်ဆိုင် ဆွေးနွေးရေးကို လက်မခံခဲ့တာ ဖြစ်တယ်၊ အကယ်၍ ဒေါ်စုက ဆွေးနွေးဆက်သွယ် ပေးနိုင်မယ်ဆိုရင်တော့ ပြည်သူတရပ်လုံး လက်ခုပ်တီးပြီး အားပေးကြိုဆိုကြမှာပါ။

    မေး ။    ။ နည်းဗျူဟာသစ်နဲ့ ဒေါ်စုသာ  စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးခဲ့မယ်ဆိုရင် ဘာတွေအကောင်းဆုံး ဖြစ်လာလိမ့်မယ်လို့ (MAU) အနေနဲ့ မျှော်လင့်ပါသလဲ။

    ဖြေ ။    ။ ဗမာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီ ပေါ်ထွန်းဖို့အတွက် ဆွေးနွေးတောင်းဆို နိုင်လိမ့်မယ်လို့ (MAU) အနေနဲ့ အကောင်းဆုံး မျှော်လင့်ထားတယ်၊ အများပြည်သူတွေ အပါအဝင် တိုင်းရင်းများအားလုံး လက်ခံနိုင်ဖို့အတွက်၊ ယနေ့ဖြစ်ပေါ်နေတဲ့ ဗမာပြည်ပြဿနာအတွက် နည်းလမ်းရှာပြီး ဘယ်လို ဖြေရှင်းသွားမလဲဆိုတာ ဒေါ်စုအနေနဲ့ စဉ်းစားပြီး လုပ်ဆောင်ပါလိမ့်မယ်။ ဒါပေမယ့် စစ်အစိုးရက သူတို့ဆန္ဒအတိုင်းသာ ဗျူဟာချပြီး လုပ်ဆောင်သွားပါလိမ့်မယ်။

    မေး ။    ။ (MAU) အနေနဲ့ ဒေါ်စုအပေါ် ဘယ်လောက် အယုံအကြည် ရှိပါသလဲ၊ ပြီးတော့ ဒေါ်စုအနေနဲ့ တိုင်းရင်းသားပြဿနာတွေကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ယုံပါသလား။

    ဖြေ ။    ။ ဒီအချိန်မှာ အပြောအဆို၊ ပေါ်လစီနဲ့ လုပ်ကိုင်ဆောင်ရွက်နေတာတွေဟာ အနာဂတ်လုပ်ငန်းအတွက် လမ်းခင်းထားတာ တွေ့ရလို့ လက်ခံနိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့အနေနဲ့ စောင့်ကြည့်သွားရလိမ့်ဦးမယ်၊ ဒေါ်စုအပေါ် ယုံကြည်မှု အနည်းအများကိုတော့ မပြောနိုင်သေးဘူး၊ သူမရဲ့ အပြောအဆို၊ အလုပ်အကိုင်၊ ပြီးတော့ သူမလျှောက်မယ့် လမ်းတွေပေါ် စောင့်ကြည့်ရဦးမယ်၊ ဒေါ်စု ပြီးတော့ ဒေါ်စုနဲ့အတူ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေဟာ အများပြည်သူတွေအပေါ် ဘယ်လောက်အကျိုး ရှိနိုင်မလဲ၊ တိုင်းရင်းသားတွေအပေါ် ဘယ်လောက်အကျိုး ရှိနိုင်မလဲ ဆိုတာကို အရင်စမ်းစစ်သွားရမယ်၊ တိုင်းရင်းသား ပြဿနာ ဖြေရှင်းရေးမှာ စစ်အစိုးရက ဘယ်လောက်ထိ လုပ်ပိုင်ခွင့် ပေးနိုင်သလဲ ဆိုတဲ့အပေါ်မှာ အများကြီး မူတည်နေပါတယ်။

    မေး ။    ။ (MAU) အနေနဲ့ မျှော်မှန်းထားတဲ့အတိုင်း အကယ်၍ ဒေါ်စုသာ မလုပ်ဆောင်ပေးနိုင်ဘူး၊ တိုင်းရင်းသားတွေအတွက် အကျိုးမရှိလာဘူးဆိုရင် ဒေါ်စုအပေါ် ဘယ်လို သဘောထားမလဲ။

    ဖြေ ။    ။ ကျနော်တို့ မျှော်မှန်းထားတာက တိုင်းရင်းသားတွေအတွက် အကျိုးရှိတာ အဓိကဖြစ်တယ်၊ တန်းတူမှု ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု စစ်စစ် ပေါ်ထွက်လာဖို့ ၊ ရပ်ရွာ ဖွံ့ဖြိုးတိုးတက်ပြီး ပြည်သူတွေ ငြိမ်းချမ်းစွာနဲ့ ပျော်ရွှင်စွာ နေနိုင်ဖို့အတွက်ပဲ ဖြစ်တယ်၊ အကယ်၍ အဲဒီလို ဖြစ်မလာဘူးဆိုရင် ကျနော်တို့နဲ့ အတွေးအမြင်၊ ရည်မှန်းချက်တွေ တူညီတဲ့ လူတွေနဲ့ ပူးပေါင်းပြီး ကျနော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ဆီ ရောက်အောင် ရှေ့ဆက်လျှောက်သွားရမှာပဲ။

    မေး ။    ။ နောက်ထပ်တစ်လ ဒါမှမဟုတ် နှစ်လအတွင်းမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ ဘယ်လိုဖြစ်လာနိုင်မလဲ၊ ဆိုးသွားမယ့် အခြေအနေရော ရှိနိုင်လား။

    ဖြေ ။    ။ အခြေအနေကတော့ တည်ငြိမ်မှု မရှိဘူးလို့ မြင်တယ်၊ ဆိုးသွားတဲ့ အနေအထားလည်း ရှိတယ်၊ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲကို မထောက်ခံ ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေ အများကြီး ရှိနေပြီးတော့ နည်းလမ်းအမျိုးမျိုးတွေနဲ့ ဆန့်ကျင်တိုက်ပွဲဝင်သွားကြမှာ ဖြစ်တယ်၊ ဒါ့အပြင် တိုက်ပွဲဝင်နေတဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ၊ စစ်အစိုးရနဲ့ အပစ်ရပ်ထားပြီး ရွေးကောက်ပွဲကိုလည်း မထောက်ခံ၊ နယ်ခြားစောင့်တပ် ဒါမှမဟုတ် ပြည်သူ့စစ် ပြောင်းလဲဖို့ကိုလည်း လက်မခံတဲ့ အဖွဲ့တွေနဲ့ ရှုပ်ထွေးတဲ့အတွက် နိုင်ငံရေးပြဿနာ အကြီးအကျယ် ဖြစ်လာနိုင်တယ်လို့ မြင်ပါတယ်။

    မေး ။    ။ အကယ်၍ စစ်အစိုးရက နိုင်ငံရေးပါတီတွေအပေါ် သူတို့ရဲ့ အုပ်ချုပ်ကွပ်ကဲမှုအောက် ရောက်သွားဖို့ ဖိအားပေး လုပ်ဆောင်လာမယ်ဆိုရင် (MAU) အနေနဲ့ ဘယ်လိုပြင်ဆင်မှုတွေ လုပ်ဆောင်ထားတာ ရှိလဲ။

    ဖြေ ။    ။ မွန်အမျိုးသား ရေးရာအဖွဲ့ချုပ်ရဲ့ မူဝါဒလမ်းစဉ်အပေါ် သဘောတူ ဆုံးဖြတ်ထားတဲ့အတိုင်း ခိုင်မာစွာနဲ့ ရှေ့ဆက်သွားမယ်၊ လုပ်ငန်းဆောင်တာတွေကိုလည်း ဗဟိုကော်မတီ အစည်းအဝေးမှာ ချမှတ်ထားတဲ့အတိုင်း အရှိန်မြှင့်ပြီး လုပ်ဆောင်သွားမယ်၊ အထူးသဖြင့် လူမှုအဖွဲ့အစည်းတွေ ပြည်ပက အဖွဲ့အစည်းတွေ များများလှုပ်ရှားနိုင်အောင် ဆောင်ရွက်ပေးသွားမယ်။

    မေး ။    ။ ဒေါ်စုလွတ်လာတာနဲ့ ပတ်သက်ပြီးတော့ ဘာများ ထပ်ပြောချင်ပါသေးလဲ။

    ဖြေ ။    ။ ဒေါ်စုလွတ်လာတာနဲ့ ပတ်သက်ပြီးတော့ မွန်အမျိုးသားရေးရာ အဖွဲ့ချုပ်အနေနဲ့ သူမအပေါ် တောင်းဆိုချင်တာ ၃ ချက်ရှိတယ်၊ နံပါတ် (၁) က ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့က ကျင်းပတဲ့ ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ် မပြုပဲ သုံးပွင့်ဆိုင် ဆွေးနွေးရေးကို လုပ်ဆောင်စေချင်တယ်၊ နံပါတ် (၂) က ထောင်ထဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အားလုံးလွှတ်ပေးဖို့နဲ့ အမျိုးသား ဒီမိုကရေစီ အပါအဝင် တိုင်းရင်းသား ခေါင်းဆောင်များ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာဖို့ လုပ်ဆောင်စေချင်တယ်၊ နံပါတ် (၃) က  တိုင်းရင်းသားများ တန်းတူရေးအပေါ် အခြေခံပြီးတော့ တရားမျှမှု လွတ်လပ်မှု ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖေါ်ထုတ်ဖို့အတွက် ဒုတိယပင်လုံ ညီလာခံ ခေါ်ယူရေးကို ထောက်ခံအားပေးဖို့ လုပ်ဆောင်စေချင်တယ်။

    ဆက်စပ်သတင်း

    1 COMMENT

    1. မေးခွန်းတွေ အားမရဘူး ဒါပြီးဒါပြန်ထပ်နေတယ်၊ အခြားအင်တာဗျုးတွေများများဖတ်ပါ အကြံပေးချင်တယ်၊ ဆက်လုပ်တဲ့အစီအစဉ်ရှိရင်ပေါ့လေ၊

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    20,700SubscribersSubscribe
    spot_img

    Latest posts