မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / သတင်း / အနာဂတ်မဲ့ပေမယ့် မျှော်လင့်ချက်ရှိနေဆဲ

အနာဂတ်မဲ့ပေမယ့် မျှော်လင့်ချက်ရှိနေဆဲ

ရေးသားသူ:

ကျလွန်းထော – “ဒီရောဂါ နာမည်ဆိုးတစ်ခုကို အရမ်းမုန်းတယ်၊ အခြားရောဂါ ရပါစေ ခံနိုင်တယ်၊ အသက်ရှင်နေနိုင်ပေမယ့် နာမည်ဆိုးကြောင့် အရမ်းခံစားရတယ်” ဟုဆိုပြီး AIDS ရောဂါဝေဒနာကို ခံစားနေရတဲ့ မဖြူက သူမရင်ထဲက စို့နစ်နေတဲ့ ခံစားချက်ကို မျက်ရည်သုတ်ရင်း ပြန်ပြောပြခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ် စံခလပူရီမြို့၏ အရှေ့တောင်ဘက်အရပ်ရှိ အလှမ်းကွာဝေးလှတဲ့ ဝေ့မလိုင်ကျေးရွာတွင် Save House လို့ခေါ်တဲ့ နာတာရှည်ရောဂါသည်များ လုံခြုံရေးဂေဟာမှာ လူနာပေါင်း (၆၀) ရှိနေပါတယ်။ စိတ္တဇ ရောဂါဝေဒနာသည်၊ တီဘီ (ခေါ်) အဆုတ်နာရောဂါနှင့် HIV/AIDS ရောဂါ ဝေဒနာသည်တွေကို စောင့်ရှောက်ကာ ဆေးဝါးကုသပေးနေတဲ့ ဂေဟာလေးတစ်ခု ဖြစ်ပါတယ်။

ကျယ်ပြောလှတဲ့ ဂေဟာဝင်းထဲ ဝင်လိုက်တာနဲ့ အေးမြပြီး သစ်ပင်အရိပ်တွေနဲ့ အေးချမ်းတဲ့ ခြံဝင်းထဲမှာ ဝေဒနာသည်တွေ အထည်ယက်လုပ်သူက လုပ်၊ တံမျက်စည်းလှည်းသူက လှည်း၊ ဆော့ကစားနေသူတွေနဲ့ ရေဒီယိုလိုင်းမှ ထုတ်လွှင့်ပေးနေတဲ့ တေးသီချင်းတွေကို နားထောင်နေသူတွေက နားထောင်နဲ့ သူ့နည်း သူ့ဟန်နဲ့ ဝေဒနာသည်တွေရဲ့ လှုပ်ရှားမှုကိုပါ မြင်တွေ့ရပါတယ်။ ခြံဝင်းထဲမှာ လူနာတွေ နားနေရာ သီးသန့်အဆောင်တွေနဲ့ ငြိမ်းချမ်းတဲ့ သစ်ပင်ရဲ့ အရိပ်အာဝါသတွေဟာ ဝေဒနာသည်တွေအတွက် စိတ်ပိုင်းဆိုင်ရာ ကုစားပေးနိုင်တဲ့ နေရာလေးတစ်ခုဆိုရင်လည်း မမှားနိုင်ပါဘူး။

ရောဂါအမျိုးမျိုးနဲ့ ဝေဒနာရှင်တွေက AIDS ရောဂါဝေဒနာခံစားနေသူ ၆ ဦးက ဂေဟာမှာ နားခိုနေကြပါတယ်။ သူတို့တတွေဟာ AIDS ဆိုတဲ့ ရောဂါဆိုးကြီးကို အိမ်ထောင်ရေးဖောက်ပြန်မှု၊ လိင်ဘက်ဆိုင်ရာ လိုက်စားမှုကနေ ကူးဆက်ခံလာခဲ့ရသူတွေဖြစ်ပါတယ်။ အချို့ကတော့ ခင်ပွန်းသည်ထံကနေ ရောဂါကူးဆက်ခံလာရသူတွေလည်း ရှိနေပါတယ်။

ခင်ပွန်းသည်ကနေ ကူးစက်ခံရသူတွေအထဲမှာတော့ မဖြူဆိုတဲ့ ဝေဒနာသည်လည်း ပါဝင်တာပေါ့၊ မဖြူကတော့ သူမရဲ့ အမျိုးသားဆီကနေ ရောဂါ ကူးဆက်ခံခဲ့ရပုံကို ညှိးနွမ်းနေတဲ့ မျက်နှာလေးနဲ့ သူမဘဝရဲ့ ရင်နာစရာကောင်းတဲ့ အဖြစ်အပျက်တွေကို အခုလို ရှင်းပြပေးပါတယ်။

“ကျမယောက်ျားက မူးလာရင် ကျမကို အမြဲတမ်းရိုက်တယ်၊ အဲဒီလို ရိုက်နှက်တဲ့ဒဏ်ကို မခံနိုင်တော့လို့ ကျမ ထွက်ပြေးလာတာ အမျိုးသမီးအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ ဒီ Save House ကိုရောက်လာတယ်၊ အဲဒီအချိန် ကျမမှာ ဘာရောဂါမှ မရှိသေးဘူး၊ ကျမ ဒီမှာ တစ်နှစ်လောက် နေလိုက်တော့ ကျမ အမျိုးသားက လာပြန်ခေါ်တယ်၊ သူနည်းနည်း ကောင်းလာပြီးဆိုတဲ့အတွေးနဲ့၊ ခလေးတွေရဲ့ မျက်နှာကိုထောက်ပြီး ကျမ သူ့နောက်ကို ပြန်လိုက်သွားခဲ့တယ်၊ ကံဆိုးချင်တော့ ကျမသူနဲ့ အတူတူမရှိခင်က သူပျော်ပါးလိုက်စားထားတာ ကျမ မသိခဲ့ဘူး၊ ကျမလည်း ယောက်ျားကို တစ်နှစ်လုံးလုံး ပစ်ထားတော့ ဒီရောဂါကူးမှာပေါ့၊ သူကလူပျိုမဟုတ်တော့၊ ပထမတော့ သူ ကျမကို မရိုက်တော့ပါဘူးလို့ ဂတိတွေအမျိုးမျိုးပေးတယ်၊ ဒါပေမယ့် မကြာပါဘူး ကျမကို ပြန်ရိုက်တယ်၊ ထုတယ်၊ ဒါကြောင့် ကျမလည်း ဒီအဖွဲ့အစည်းတွေနဲ့ ပြန်ဆက်သွယ်ပြီး ဒီမှာပြန်နေချင်တယ် ပြောပြီး ပြန်လာခဲ့တယ်”

များမကြာခင်အချိန်မှာပဲ နေထိုင်မကောင်းဖြစ်တဲ့အတွက် ဆေးရုံးမှာ သွေးစစ်ကြည့်တော့ ရောဂါပိုးရှိမှန်း သိလိုက်ရပါတယ်။ မဖြူမှာ ရောဂါ ဝေဒနာခံစားရမှန်း သိရပြီးနောက် ဘဝတစ်ခုလုံး ပျိုလဲကျဆင်းသွားသလို ခံစားရကြောင်းနဲ့ ထမင်းမစားနိုင် ရေမသောက်နိုင်လည်းဖြစ်ခဲ့ပြီးတော့ မိမိကိုယ်ကို သတ်သေပြီး ဘဝကို အဆုံးသတ်ပြစ်လိုက်ဖို့အထိ စိတ်ကူးခဲ့ကြောင်းလည်း မဖြူက ပြောပါတယ်။

“ကျန်နေသေးတဲ့ သားသမီးတွေအတွက် ကျမအသက်ရှင်ရမယ်လို့ တွေးပြီး ဆရာဝန်ကြီးတွေလည်း အားပေးစကားပြောလာတော့ အရှက်ကိုနောက်မှာထားပြီး ကျမဘဝ အသက်ဝင်လာခဲ့တယ်၊ ဒါပေမယ့် အခုချိန်ထိတော့ ခံစားနေရတုန်းပါပဲ” ဟု မဖြူက အားငယ်နေတဲ့ အသံတိုးတိုးတိတ်တိတ်လေးနဲ့ ပြောပါတယ်။

ကိုယ်ကိုတိုင် ရှာယူလို့မဟုတ်ဘဲ ကူးစက်ခံရသည့်အတွက် အရှက်ရခဲ့ပါတယ်၊ အကယ်၍ အမျိုးသားဖြစ်သူမှာ ဒီရောဂါ ရှိမှန်းသိခဲ့မယ်ဆိုရင် ပြန်ပေါင်းမိမှာမဟုတ်သလို မမျှော်လင့်ဘဲ AIDS ရောဂါ ခံစားရတဲ့အတွက်ကြောင့်လည်း ရင်ကွဲမတက် ပြောမပြတက်အောင် ဝမ်းနည်းခံစားရတဲ့အကြောင်းကို ပါးပြင်ကနေ မျက်ရည်ပေါက်ပေါက်ကျနေတဲ့ မဖြူက သူမဘဝရဲ့ ဝမ်းနည်းစရာကောင်းခဲ့တာတွေကို ပြောပြပါတယ်။

ထိုင်း-မြန်မာနယ်စပ်ဟာ နယ်စပ်ဆိုတဲ့အလျောက် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က လူပေါင်းစုံတွေနဲ့ ထိုင်းနိုင်ငံလူတွေ စီးပွားရေး လုပ်ကိုင် သွားလာလှုပ်ရှားနေကြပါတယ်။ အချို့မှာ ၄င်းရောဂါကြောင့် အသက်ဆုံးရှုံးသွားရသူများလည်း ရှိသလို အချို့မှာ NGO’s အဖွဲ့များ၏ ပညာပေးဟောပြောမှုကို လက်ခံလာတဲ့အတွက် သာမန်လူသားများနည်းတူ အသက်ရှင်နေကြသူများလည်း အများအပြားရှိနေပါတယ်။

ထိုင်း-မြန်မာနယ်စပ်ရှိ စက်ရုံအလုပ်ရုံများတွင် နှစ်စဉ်နှစ်တိုင်း HIV/AIDS နှင့်ပတ်သက်တဲ့ ပညာပေး ဟောပြောမှုအပြင် ရောဂါရှာဖွေရေး၊ သွေးစစ်ဆေးမှုများကိုလည်း နယ်စပ်ရှိ NGO’s အဖွဲ့အစည်းများ အလေးအနက်ထား ဆောင်ရွက်နေတဲ့အတွက် အလုပ်သမားတွေအကြားမှာလည်း ရောဂါစစ်ဆေးဖို့ သတ္တိများ ပြည့်ဝလာခဲ့တာတွေလည်းရှိနေတယ်ဆိုတာကို ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာအလုပ်သမားများကို ကူညီစောင့်ရှောင့်ပေးနေသည့်် Pattanarak Foundation မှ တာဝန်ရှိသူ ကိုလူချောက ပြောပါတယ်။

HIV/AIDS ရောဂါဟာ လူမျိုးပေါင်းစုံနဲ့ ရူပ်ထွေးနေတဲ့ နယ်စပ်ဒေသမှာသာမကပဲ ပြည်တွင်းမှာလည်း ရောဂါဝေဒနာတွေတွေ အများအပြားရှိနေပါတယ်၊ ထိုနည်းလည်းကောင်ပဲ မွန်ပြည်နယ်အတွင်းမှာလည်း ရောဂါဝေဒနာသည်တွေကို နိုင်ငံတကာရွှေ့ပြောင်းသူများဆိုင်ရာအဖွဲ့အစည်း (အိုင်အိုအမ် IOM) ဆိုတဲ့ NGO’s အဖွဲ့တစ်ဖွဲ့က ဝင်ရောက်ကူညီပေးနေတာ ရှိခဲ့ပါတယ်။

မွန်ပြည်နယ်မှာ လက်လှမ်းမီသလောက် မြို့နယ်တွေမှာ AIDS ရောဂါဝေဒနာသည်တွေကို ART ဆေးဝါးအပြင် အာဟာရဖြစ်စေတဲ့ ဆေးဝါးနဲ့ အစားစာတွေကို လစဉ်ပုံမှန် ထောက်ပံ့မှုပေးနေတဲ့အတွက် ရောဂါသည်တွေလည်း သွားလာလှုပ်ရှားနိုင်တယ်ဟု မွန်ပြည်နယ် မုဒုံမြို့နယ်မှ IOM အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“လူနာတွေတော့ မပိုလာဘူး၊ အရင်ကနဲ့စာရင် ခွဲခြားဆက်ဆံမှုတွေ တော်တော်လေး လျော့နည်းသွားပြီ” ဟု သူမက ပြောသည်။

မဖြူသည် ထားဝယ်သူ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပါတယ်။ သူမမှာ ၁၃ နှစ်အရွယ်နဲ့ ၁၁ နှစ်အရွယ် သားနှစ်ဦးရှိပြီးတော့ သူမရဲ့သားနှစ်ဦးကိုတော့ Save House ကို ဦးဆောင် တာဝန်ယူနေတဲ့ ဆရာမ နော်ဖောလူးလူးဆီမှာ အပ်ထားပါတယ်။ သားနှစ်ဦးကို ရှင်ပြုပေးစေလိုတဲ့ မျှော်လင့်ချက်နဲ့ ဂေဟာမှာ နေ့စဉ် ရက်ကန်း ယက်ပြီးတော့ ငွေစုဆောင်နေတယ်လို့လည်း သူမရဲ့ အနာဂတ်ကြယ်ပွင့်လေးအပေါ် မျှော်လင့်ချက်ကြီးမားစွာနဲ့ ပြောပါတယ်။

Save House ဂေဟာမှာ ရောက်ရှိနေတဲ့ အချို့သောဝေဒနာသည်တွေဟာ ပျော်ရွှင်ရယ်မောနိုင်ပေမယ့် မဖြူတစ်ယောက်ကတော့ ဝေဒနာကို ရင်မှာပိုက်ပြီး ပူဆွေးသောကတွေနဲ့ ပျော်နိုင်မယ့်ပံ မပေါ်ပါဘူး။

“သူတို့တွေ ပျော်နိုင်မှာပေါ့လေ ကျမလို ဘာအပူအပင်မှမရှိတာ၊ ကျမမှာက ခလေးတွေ ရှေ့ရေးအတွက်လည်း စဉ်းစားနေရတယ်။ ကျမကြားတယ် ဒီရောဂါပျောက်တဲ့ဆေး နိုင်ငံခြားမှာ ထွက်နေပြီးတဲ့၊ တကယ်လို့ ဒီရောဂါ ပျောက်ခဲ့မယ်ဆိုရင် ခလေးတွေ ရှေ့ရေးအတွက်
ကျမ အလုပ်သွားလုပ်မယ်” ဟု အားတက်တဲ့အသံလေးနဲ့ မျှော်လင့်ချက်ကြီးစွာ မဖြူက ပြောပါတယ်။

AIDS ရောဂါဝေဒနာသည် မဖြူကတော့ သူမရဲ့ လက်ရှိခံစားနေရတဲ့ ရောဂါဝေဒနာတွေ သူတပါးတွေ မခံစားရလေအောင် အခုလို စကားလက်ဆောင်ပါးခဲ့ပါတယ်။

“ကျမလိုဘဝမျိုး မခံစားရလေအောင် ကိုယ်ယောက်ျားမယူခင် ဒါမှမဟုတ် ယောက်ျားနဲ့ ကွဲသွားပြီးလို့ ပြန်ပေါင်းရင်လည်း သွေးစစ်ပြီးမှ ယူပါ” ဆိုပြီးတော့ မဖြူက စကားပါးလိုက်ပါတယ်။

မြန်မာနိုင်ငံတွင် အိတ်ချ်အိုင်ဗွီ ပြန့်ပွားမှုနှုန်းမှာ ၂၀၀၀ ပြည့်နှစ်တွင် ၀ ဒသမ ၉၅ ရာခိုင်နှုန်းမှ ၂၀၀၉ ခုနှစ်တွင် ၀ ဒသမ ၆၁ ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်းနှင့် ရောဂါ ဟန့်တားစေသည့် ART ဆေးကုထုံးရရှိနေသူ ဦးရေမှာ ၂၀၁၀ ပြည့်နှစ် ဇူလိုင်လအထိ ၂ သောင်း ကျော်ရှိနေကြောင်း Weekly eleven ဂျာနယ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသည် အေအိုင်ဒီအက်စ်၊ တီဘီနှင့် ငှက်ဖျားရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် ကမ္ဘာ့ရန်ပုံငွေအဖွဲ့ (Global Fund) က ပေးအပ်သည့် နှစ်နှစ်စာရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၀၅ ဒသမ ၂ သန်း ရရှိထားသည်ဟု Weekly Eleven က ထုတ်ပြန်ထားသည်။

About မွန်သတင်းအေဂျင်စီ

Check Also

မော်လမြိုင်တွင် အမှိုက်ဖျက်ဆီးစက်ရုံတည်ဆောက်ရန်ညှိနှိုင်း

မွန်ပြည်နယ်၊မော်လမြိုင်မြို့တွင် စွန့်ပစ်အမှိုက်ဖျက်ဆီးစက်ရုံ တည်ဆောက်ရန် ဖင်လန် နိုင်ငံမှ ကုမ္ပဏီများနှင့် ဆွေးနွေးညှိနှိုင်းနေကြောင်း မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။ Related

%d bloggers like this: