spot_img
Thursday, April 25, 2024
More
    spot_img
    Homeဆောင်းပါး‘ ဇရာ’ ဆိုသည့် ဝေါဟာရ မနှစ်သက်သူ (သို့) မွန်နိုင်ငံရေး ခေါင်းဆောင် နိုင်ထွန်းသိန်း

    ‘ ဇရာ’ ဆိုသည့် ဝေါဟာရ မနှစ်သက်သူ (သို့) မွန်နိုင်ငံရေး ခေါင်းဆောင် နိုင်ထွန်းသိန်း

    -

    အာကာ –  လွန်ခဲ့သည့် ၁၀ နှစ်။ ၂၀၀၀ ပြည့်နှစ် ဇွန်လ မိုးဦးကျချိန် ဖြစ်သည်။
    အသက် ၈၄ နှစ် ရှိပြီ ဖြစ်သည့် အရပ်မြင့်မြင့် ပိန်ပိန်ပါးပါး အဘိုးအို တစ်ဦး။ စနေနေ့တိုင်း ရန်ကုန် သုဝဏ္ဏမြို့သစ်မှ အဖေါ်မပါပဲ ခရီးသည်များဖြင့် ပြည့်ကျပ်နေသည့် ရန်ကုန်လိုင်းကားကို စီးကာ ရွှေတိဂုံစေတီတော်၏ တောင်ဘက်မုခ် မွန်ဓမ္မာရုံသို့ လာရောက်အနားယူမြဲ။

    သူကား တော်လှန်ရေး၊ နိုင်ငံရေး ခရောင်းလမ်း အသွယ်သွယ်တွင် ဘဝကို နှစ်မြှုပ်ရင်း ထောင်နန်း အကြိမ်ကြိမ် စံခဲ့ရသူ။ စစ်အစိုးရက ၁၉၉၂ ခုနှစ်၊ မတ်လ ၁၉ ရက် (မွန်ပြည်နယ်နေ့) တွင် တရားဝင်ပါတီ တည်ရှိခွင့်မှ ရုပ်သိမ်းခဲ့သည့် မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့၏ ဥက္ကဌ။ အမည်ကား နိုင်ထွန်းသိန်း။

    ထိုစဉ်က ကျနော်တွေ့ခဲ့ရသည့် နိုင်ထွန်းသိန်း နှင့် ယနေ့တွင် အသက် ၉၄ နှစ် ပြည့်ပြီ ဖြစ်သည့် နိုင်ထွန်းသိန်းကား မတူညီတော့။ နိုင်ငံရေး ခံယူချက်၊ နိုင်ငံရေး ဂုဏ်သိက္ခာ၊ ကိုယ်ကျင့်တရား ပြောင်းလဲခြင်းကြောင့် မတူညီဟု ဆိုလိုသည် မဟုတ်။ အတိတ်ကို မှတ်မိနိုင်စွမ်း အားနည်းခြင်းကြောင့် ဆိုလိုခြင်း ဖြစ်သည်။

    ထိုစဉ်က အသက် ၈၄ နှစ် ရှိပြီ ဖြစ်သော်လည်း ကျန်းမာသန်စွမ်းဆဲ။ လိုင်းကားကို အဖော်မပါ တကိုယ်တည်း စီးမြဲ။ မှတ်ညာဏ် ကောင်းဆဲ။ မွန်ကျောက်စာကို မွန်သံဃာတော်များအား သင်ပြဆဲ။

    ယခုတော့ သူဖြတ်သန်းခဲ့သည့် အတိတ်၏ အရိပ်များကို သူကောင်းကောင်း မမှတ်မိတော့။
    လွတ်လပ်ရေးရပြီးစ ၁၉၄၉ က သူတောခိုခဲ့သည်။ မွန်ပြည်သူ့တပ်ဦး လက်နက်နှင့် ဒီမိုကရေစီ မလဲမီ ၁၉၅၈ ခုနှစ်အထိ လက်နက်ကိုင် တော်လှန်ရေးနယ်မြေတွင် ကျင်လည်ခဲ့သည်။ မွန်ပြည်သူ့တပ်ဦး ဥက္ကဌကိုပင် သူအာရုံတွင် မပီပြင်တော့။

    “ဆရာတို့ မွန်ပြည်သူ့တပ်ဦး ဥက္ကဌ က ဘယ်သူလဲ” ဟု နှုတ်ပြောသမိုင်း သုတေသီ(မွန်) မင်းစိုင်းနွန်ဒေါ က မေးသည်။

    “နိုင်အောင်ထွန်း ပဲ မဟုတ်ဘူးလား” ဟု မရေမရာ ဖြေသည်။ အဖြေကား မှန်ပါသည်။ သို့သော် သူ့စိတ်က ထွက်ပေါ်လာသည့် သန္နိဌာန် အဖြေမဟုတ်။ အခြားမေးသမျှကို မှတ်တမ်းအားကိုပြီး ဖြေကြားနေရပြီ။

    မင်းစိုင်းနွန်ဒေါ သည် လွန်ခဲ့သည့် ဆယ်စုနှစ် သုံးစုကျော်ကာလတွင် နိုင်ထွန်းသိန်း ထံမှ နိုင်ငံရေးသမိုင်းနှင့် နိုင်ငံရေးအတွေ့အကြုံပညာများကို သင်ယူဆည်းပူးခဲ့သူ ဖြစ်သည်။

    “ကျနော် ဆရာ့ဆီမှာ ရှိစဉ်က ဆရာ ကျနော့်ကို ပြောခဲ့တဲ့ အကြောင်းတွေကိုပဲ မှတ်တမ်းတင်ဖို့ ကျနော်ပြန်ပြီး မေးမြန်းခဲ့တာပါ၊ ဆရာက သူဖြတ်သန်းခဲ့ရတဲ့ သမိုင်းအချက်အလက်တချို့ကို မမှတ်မိတော့ဘူးလို့ ဆိုပါတယ်။ စာရေးသားထားတာတွေကိုပဲ ဖတ်ကြည့်ပါလို့ ဆိုပါတယ်” ဟု နှုတ်ပြောသမိုင်းသုတေသီ(မွန်) က ဆိုပါသည်။

    နိုင်ထွန်းသိန်း၏ အာရုံတွင် အရာအားလုံးက ဝေဝါးနေပြီ။ ၁၉၉၀ ရွေးကောက်ပွဲက မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့မှ ကိုယ်စားလှယ် ဘယ်နှစ်ဦး အနိုင်ရခဲ့သည်ကိုလည်း ရေရေရာရာ မမှတ်မိတော့။ ဖြစ်လည်း ဖြစ်သင့်သည့် အသက်အရွယ်ကို ရောက်နေပြီ၊ နောင် ၆ နှစ်ဆို သူ့အသက်က အနှစ် ၁၀၀ ပြည့်ပေတော့မည် မဟုတ်ပါလား။

    မင်းစိုင်းနွန်ဒေါ က လွန်ခဲ့သည့် လပိုင်းက သူမှတ်တမ်းတင်ခဲ့သည့် နိုင်ထွန်းသိန်း၏ နှုတ်ပြောသမိုင်း ဗွီဒီယိုကို ကြည့်ပြီး များစွာ သံဝေဂ ရကြောင်း ပြောသည်။

    “အဲဒီအခါ ဇရာဆိုတဲ့သဘောကိုု ကျနော် နားလည်မိပါတော့တယ်။ ဆရာက အသက်အကြီးဆုံး ထင်ရှားတဲ့ မွန်နိုင်ငံရေးသမားတစ်ဦးပါ။ အခုအသက် (၉၄) နှစ်၊ ဒီခေတ်ကာလမှာ ဒီအသက်အရွယ်နဲ့ ဘယ်လွယ်မလဲ” ဟု ဝမ်းနည်းစွာ ဆိုသည်။

    သူ့ဘဝ၏ အတိတ်ပုံရိပ်များ သူ့အာရုံတွင် အမှတ်မထင် မကျန်ရစ်ခဲ့စေဦးတော့၊ သူဖြတ်သန်းခဲ့သမျှ သမိုင်းမှတ်တိုင်များက ပြည်သူများ၏ နှလုံးသားတွင် စိမ့်ဝင်ကာ နေရာယူထားပြီ ဖြစ်သည်။ သူ့ကို မြတ်နိုးသည့် မွန်ပြည်သူများက မှတ်တမ်းတင်ထားခဲ့ပေပြီ။

    သံလွင်မြစ်ကမ်းနဘေးရှိ မော်လမြိုင်မြို့နယ် ကတိုးရွာသည် သူ၏ ဇာတိချက်ကြွေ မွေးရပ်မြေ ဖြစ်သည်။ လူကုံထံ မိသားစုမှ ဆင်းသက်လာသော်လည်း ပကာသန မာန်မာန မရှိ။ စည်းစိမ် ပကာသန ကို မမက်မော။ ရောင့်ရဲလွယ်သူ ဖြစ်သည်။

    ၁၉၄၇ မှ ၁၉၄၉ ခုနှစ်ထိ ကျိုက္ခမီခရိုင် ၈ မြို့နယ် ပညာအုပ်အဖြစ် ဆောင်ရွက်စဉ် အမေရိကန်နိုင်ငံ မီချီကန် တက္ကသိုလ်တွင် ဓာတုဗေဒဘာသာ ပညာရပ်ကို ဆက်လက်သင်ကြားရန် ပညာတော်သင်အဖြစ် ရွေးချယ်ခံရသော်လည်း မြေအောက်မွန်လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွင် ပါဝင်ခဲ့ပြီး နိုင်ငံခြားပညာတော်သင် သွားခြင်းကို လက်လွှတ်ခဲ့သည်။
    လူကြီး လူငယ်များ၏ နှုတ်ဖျားက သူ့အကြောင်းကို ပြောလေ့ ရှိသည်။ သူ၏ မကောင်းကြောင်းကို တလုံးတပါဒမျှ မကြားမိ။ သူ့ကို စံထားပြီး ကြိုးစားကြရန် လူကြီးများက လူငယ်များကို သွန်သင်လမ်းကြောင်းပေးတတ်သည်။ သူ့အကြောင်းကို ကြားမိသူတိုင်းက အားကျဂုဏ်ယူကြသည်။
    ရာထူး ဂုဏ်သိမ် စည်းစိမ်တို့ကို စွန့်လွှတ်ကာ ၁၉၄၉ ခုနှစ်မှစ၍ မွန်ပြည်သူ့တပ်ဦး လက်နက်နှင့် ဒီမိုကရေစီ မလဲမီအချိန်ထိ ခက်ထန် ကြမ်းတမ်းသော လက်နက်ကိုင် တော်လှန်ရေးခရီးကို နှင်ခဲ့သည်။ သူ၏ အရည်အချင်းနှင့် စိတ်ရှည် သည်းခံတတ်ပြီး ဆက်ဆံရေး ပြေပြစ်သူ ဖြစ်သည့်အားလျော်စွာ မွန်ပြည်သူ့တပ်ဦးတွင် နိုင်ငံခြားဆက်သွယ်ရေး တာဝန်ခံအဖြစ် မြဝတီတွင် သူ့ကိုတာဝန်ပေး ခန့်အပ်ခဲ့သည်။ ထိုင်းမွန်လူမျိုးများကို စည်းရုံးရာတွင်လည်း များစွာ အောင်မြင်ခဲ့သည်။

    ဖဆပလ၏ ဖိတ်ခေါ်ချက်အရ ဥပဒေဘောင်အတွင်း အမျိုးသားနိုင်ငံရေး လုပ်ရန်အတွက် ၁၉၅၈ ဇူလိုင်လ ၁၉ ရက်နေ့တွင် မွန်ပြည်သူ့တပ်ဦးက ပဆပလ အစိုးရထံ လက်နက်နှင့် ဒီမိုကရေစီ လဲခဲ့သည်။ ထိုတွင် နိုင်ထွန်းသိန်းလည်း ပါဝင်ခဲ့သည်။ ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) နယ်မြေသို့ ရောက်ရှိနေသည့် နိုင်ရွှေကျင်အား လူလွှတ်ခေါ်သော်လည်း “ဥပဒေဘောင်အတွင်း ဝင်ရောက်ပြီး နိုင်ငံရေး လှုပ်ရှားခြင်းသည် အမျိုးသား လွတ်မြောက်ရေးအတွက် အကျိုးမရှိ” ဟု ယုံကြည်သဖြင့် “မွန်ပြည်သစ်ပါတီ” ကို ဖွဲ့စည်းကာ လက်နက်ကိုင် တော်လှန်ရေးကို ဆက်လက်ဆင်နွှဲခဲ့သည်။

    လက်နက်နှင့် ဒီမိုကရေစီ လဲပြီးနောက်တွင် နိုင်ငံရေး ရပ်တည်ချက် ခိုင်မာသူ နိုင်ထွန်းသိန်းနှင့် မွန်ပြည်သူ့တပ်ဦး ခေါင်းဆောင်များက ဥပဒေဘောင်အတွင်း အမျိုးသားရေးနှင့် နိုင်ငံရေးလုပ်ငန်းများကို တစိုက်မတ်မတ် ဆက်လက်လုပ်ကိုင်ခဲ့သည်။

    အထိန်းသိမ်းခံ နေ့ရက်များ

    ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်း ဦးစီးသည့် စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးပွဲများတွင် နိုင်ထွန်းသိန်းက ပါဝင်ဆောင်ရွက်နေစဉ် ဆွေးနွေးပွဲ ပျက်သွားသဖြင့် ၁၉၆၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှ ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့အထိ မော်လမြိုင်ထောင်တွင် ထိန်းသိမ်းခံခဲ့ရသည်။

    နိုင်ငံရေးသမားအတွက် ထောင်သည် ၎င်းတို့၏ ခေတ္တအနားယူရာနှင့် နိုင်ငံရေးစိတ်ဓါတ်ကို ခိုင်မာအောင် လေ့ကျင့်ပေးရာဌာန ဖြစ်သည်ဟု နိုင်ထွန်းသိန်းက တပည့်တဦးကို ပြောခဲ့ဘူးသည်။
    ထောင်မှ လွတ်ပြီးနောက်တွင် နိုင်ငံရေး၊ အမျိုးသားရေး၊ ပညာရေး နှင့် လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်ရင်း ၁၉၈၈ အရေးအခင်းကာလ မော်လမြိုင် မွန်လူထု ဆန္ဒပြပွဲအပြီးတွင် မော်လမြိုင် မွန်ဓမ္မာရုံ၌ ကျင်းပသည့် မွန်လူထု အစည်းအဝေးတွင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

    ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဖွဲ့စည်းတည်ထောင်သော မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့တွင် ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့ပြီး ၁၉၉၀ မေလ ၂၇ ရက်နေ့တွင် ကျင်းပသည့် ရွေးကောက်ပွဲ၌ သံဖြူဇရပ် မဲဆန္ဒနယ် အမှတ် (၂) မှ ပြည်သူ့ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။

    ၁၉၉၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့၌ ဖမ်းဆီးခံရပြီး ၁၉၉၂ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် ထောင်ဒဏ် ၂၁ နှစ် ကျခံရန် အမိန့်ချမှတ်ခံရသည်။ ပြစ်ဒဏ်လျှော့ပေါ့ပြီး ၁၉၉၄ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့သည်။
    ၁၉၉၈ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့မှစ၍ ရဲမွန်စစ်တပ် ဧည့်ဂေဟာတွင် ထိန်းသိမ်းခံရသည်။ မျက်စိခွဲစိတ် ကုသရန် ၁၉၉၉ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် လွှတ်ပေးခဲ့သည်။
    ၁၉၉၉ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့တွင် စစ်တပ်ဧည့်ဂေဟာ၌ ပြန်လည်ထိန်းသိမ်းခံရပြီး ၂၀၀၀ ပြည့်နှစ် ဧပြီလ ၆ ရက်နေ့တွင် သွေးတိုးရောဂါကြောင့် အပြင်ဆေးရုံတွင် တက်ရောက်ကုသခွင့် ပေးခဲ့သည်။

    ဘဝတလျှောက်တွင် လေးကြိမ်တိုင် ဖမ်းဆီးခံခဲ့ရသည်။

    သူကား အများအကျိုးအတွက်၊ မွန်လူမျိုးတို့၏ အကျိုးအတွက် ဘဝ၏ သုံးပုံ နှစ်ပုံခန့်ကို နှစ်မြှုပ် ပေးဆပ်ပြီးခဲ့လေပြီ။ ကျန်ရှိနေသည့် အချိန်ကိုလည်း ဆက်လက်ပေးဆပ်ဦးမည်ပင်။
    သူသည် မွန်အကြောင်း သိကောင်းစရာ (မြန်မာဘာသာ)၊ ဟံသာဝတီရာဇဝင်သမိုင်း၊ မွန်စကားပြေ၊ မွန်-မြန်မာအဘိဓာန် သဒ္ဒါနှုုိင်းယှဉ်ချက်အပြင် အခြားမွန်မှုရေးရာများကိုလည်း မဂ္ဂဇင်းများတွင် မွန်-မြန်မာဘာသာများအပြင် အင်္ဂလိပ်ဘာသာဖြင့်လည်း ရေးသားခဲ့သည်။ ထို့အပြင် မွန်ကျောက်စာများကိုလည်း မွန်-မြန်မာ လူငယ်များနှင့် ရဟန်းသံဃာတော်များကို သင်ကြားပို့ချပေးခဲ့သည်။

    လက်ရှိတွင် ဖျက်သိမ်းခံထားရသည့် ဥက္ကဌ ဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ၏ မွန်အမျိုးသား ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်သည်။ ထို့ပြင် ဒုတိယပင်လုံ ညီလာခံ ကျင်းပရန်အတွက်လည်း (NLD) အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များနှင့် လက်တွဲဆောင်ရွက်ရန် ကြိုးစားဆောင်ရွက်လျက် ရှိသည်။

    ဇရာကြောင့် အတိတ်က သူ၏ နေ့ရက်များ၊ အတိတ်က သူ၏ အရိပ်များကို သူမမှတ်မိတော့ပြီ၊ သို့သော်လည်း နိုင်ငံရေး အမျိုးသားရေးအတွက် “ဇရာ” ဆိုသည့် ဝေါဟာရ သူမနှစ်သက်။ “ဒီဘဝမှာ မပြီးပြတ်သေးတဲ့ အလုပ်တွေကို နောင်ဘဝမှာ ဆက်လုပ်မယ်၊ သေဆုံးခြင်း ဆိုတာ ဘဝတစ်ခုနဲ့ ဘဝတစ်ခုကြားမှာ ခေတ္တအနားယူခြင်းပဲ” ဟု သူ၏ ခံယူချက်ကို တပည့်ဖြစ်သူက ပြန်လည်ပြောပြသည်။

    “သူ အသက်ကြီးသွားပြီဆိုတဲ့အကြောင်း သူ့ကို မပြောပါနဲ့၊ ၁၉၉၄-၉၅ လောက်မှာ သူ ထောင်က ပြန်လွတ်လာတာကို တွေ့တော့ ‘ ဆရာဆံပင်ဖြူသွားတယ်’  ပြောမိတော့ သူ ကျနော့်ကို အရမ်းစိတ်ဆိုးတာ သတိထားမိတယ်” ဟု တပည့်ဖြစ်သူ နှုတ်ပြောသမိုင်း သုတေသီ(မွန်) မင်းစိုင်းနွန်ဒေါ က အတိတ်ကို တသသည့် လေးတွဲ့သည့် စကားလုံးများဖြင့် ပြန်လည်ပြောပြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,700SubscribersSubscribe
    spot_img

    Latest posts