မွန်  ၊ အင်္ဂလိပ် ၊  Font

Breaking News
Home / ဆောင်းပါး / မျှော်တိုင်းဝေးသည့် ဒီမိုကရေစီ

မျှော်တိုင်းဝေးသည့် ဒီမိုကရေစီ

ရေးသားသူ:

ကျော်မြင့် –  ဤနေ့ကို ကျမတို့မျှော်လင့်ခဲ့ကြတာ၊ ကျမတို့ရဲ့တိုင်းပြည် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ယိုယွင်းချို့တဲ့နေတဲ့ စနစ်ကနေ တိုးတက်ကောင်းမွန်တဲ့ အပြောင်းအလဲများ ဖြစ်ပေါ်လာဖို့အတွက် ပြည်သူတို့၏ အသဲကြားမှ ဖြစ်ပေါ်လာသည့် ဆန္ဒမဲဖြင့် ပြည်သူတို့ကိုယ်တိုင် ဆန္ဒပြုရမည့်နေ့ ကျရောက်လာလေပြီ။

ညက ကျမ တစ်ညလုံး အိပ်၍မရခဲ့ပါ။ မနက်ဖြန်မှာ မဲရုံကိုသွားပြီး မဲထည့်ရမည့်အတွက် စိတ်အလွန် လှုပ်ရှားနေမိ၍ ဖြစ်ပါသည်။ ယခု ကျမအသက် လေးဆယ့်ငါးနှစ်ရှိခဲ့ပြီ။ ဤကဲ့သို့သော စိတ်လှုပ်ရှားမှုကို ကျမတစ်သက်တာ၌ နှစ်ကြိမ်သာ ကြုံဘူးခဲ့ပါသည်။ ပထမအကြိမ် ၁၉၉၀ ခုနှစ်တုန်းကတော့ နိုင်ငံရေးဆိုတာဘာလဲဟုမေးလျှင် အပေါ်ယံသဘောလောက်သာ နားလည်ထားသည်က တစ်ကြောင်း၊ တိုင်းပြည်၏ အဖက်ဖက်မှ ချွတ်ခြုံကျဆင်းနေမှုကို ဤမျှလောက် အသေးစိတ် နားမလည်သေးသည်က တစ်ကြောင်း၊ အတွေ့အကြုံနည်းနေသည်ကတစ်ကြောင်း၊ စိတ်ဝင်စားမှုဒီဂရီက ဤနှစ်လောက် မမြင့်မားခဲ့တာ အမှန်ပါ။ ဤနှစ်တွင် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ နိုင်ငံရေး အစရှိသဖြင့် ရှိရှိသမျှ အရေးအရာတွေမှာ စိတ်ပျက်အားငယ်ဖွယ်ရာ၊ ရှက်ရွံ့ကြောက်မက်ဖွယ်ရာ မြင်တွေ့ကြုံဆုံနေရသည်။ ဒီဆင်းရဲမှုတွေ `လူတန်းစားကွာဟမှ’ တွေ `စိတ်ပျက်မှုတွေ’ စိုးရိမ်ကြောင့်ကြမှ’ တွေ`မကျေနပ်မှုတွေ ဤလိုအပ်ချက်တွေကို ဖြည့်ဆည်းစွမ်းဆောင် လုပ်ကိုင်ပေးနိုင်မယ့် တနည်းအားဖြင့် အပြောင်းအလဲတွေကို လုပ်ဆောင်ပေးနိုင်မယ့် နိုင်ငံရေးပါတီ အထူးသဖြင့် ကျမအနေဖြင့် ကိုယ့်တိုင်းရင်းသားပါတီဖြစ်တဲ့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို မဲထည့်ပေးမည်။ ဒီပါတီရဲ့ အောင်မြင်မှ’နဲ့အတူ နောင်ကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အဘက်ဘက်မှ တိုးတက်ဖွံ့ဖြိုးလာမည့် တိုင်းပြည်ကြီးရဲ့ အနာဂတ်ပုံရိပ်ကို စိတ်အာရုံမှာ ပုံဖေါ်စိတ်ကူးရင်း အိပ်မပျော်နိုင် ဖြစ်နေမိပါသည်။

မနက် (၄) နာရီမှာမှနိုးတော့့ နေ့စဉ်အလုပ်ဖြစ်တဲ့ သွားတိုက် မျက်နှာသစ် ခေါင်းဖြီး ပြီးတော့ထမင်းဟင်းတွေချက် ဆွမ်းကပ်၊ ဘုရားရှိခိုး၊ ပုတီးစိပ်၊ ဆွမ်းလောင်း ပြီးတော့ မဲရုံဆီသွားဖို့ အိမ်နားနီးချင်းတွေကို ကြည့်လိုက်တော့ သူတို့တတွေလည်း ပြင်ဆင်နေကြတယ်။ ကျမကိုမြင်တော့ “အန်တီမြကြည် သွားတော့မ လား? သမီးတို့လည်း သွားဖို့ပြင်ဆင်နေတယ်။ ကလေးနိုးလာရင်သွားမယ်။ သမီးနဲ့မမတို့ အတူတူသွားကြမယ်။ မွန်ပါတီက ဘာတံဆိပ်နဲ့လဲ” ဟုလှမ်းမေးရာ ကျမက “ဟုတ်လား။ အေး အေး ကောင်း တယ်။ စောစောသွားရင် ကလေးနေမပူဘူးပေါ့။ မွန်ပါတီက ဟင်္သာတံဆိပ်လေ၊ မှတ်ထားနော်၊ အနီခံမှာ ဟင်္သာ အဝါရောင်လေး၊ အဘိုး ရောသွားပြီလား” “သွားမယ်။ သွားမယ်အားလုံးသွားကြမယ်။ အဘိုးက တစည ပါတီဝင်မို့လို့ သူတစ်ယောက်ထဲပဲ။ တစညကိုထည့်မှာ သမီးတို့တော့မွန်ကိုပဲပေးမယ်” “အေး၊ အေး သွားကြမယ်” ဒီအချိန်မှာပဲ ခြေရင်းအိမ်ဖက်ကအစ်ကို ခေါ်လိုက်တဲ့အသံကြားရပြန်တယ်။ “ဟေ့ကွန်းဗလာတို့အဖေနဲ့ အမေ သွားတော့မလား” “အင်းသွားတော့မယ်” “တခြားသွားစရာလေးရှိလို့ စောစောသွား လိုက်တော့မယ်” “ဟ ဒီစုံတွဲ တော်တော်တက်ကြွနေပါလား?” “ဒါပေါ့ အပြောင်းအလဲလိုချင်တယ်ဆို။ အစိုးရကောင်းကောင်း လိုချင်တယ်ဆို၊ အစိုးရကောင်းရဖို့ အပြောင်းအလဲရဖို့ဆိုရင် နိုင်ငံသားကောင်းတစ်ယောက်အနေနဲ့ ကိုယ်တိုင် ပါဝင်လုပ်ဆောင်ပေးရတာ နိုင်ငံသားတစ်ဦးရဲ့တာဝန်ပဲလေ မဟုတ်ဘူးလား” “ဟား ဟား ဟား ဟုတ်ပါပြီ။ ဟုတ်ပါပြီ` လာ လာ သွားကြစို့” ဒီတစ်ခါ ကျမက “ဒါနဲ့ခဏနေပါအုံး၊ အစ်မတို့ရော၊ နောက်ပြီး အကိုတို့ရဲ့အပျိုကြီး (သမီး) တွေရော မသွားကြဘူးလား” ဟု မေးလိုက်တော့ သူရဲ့အမျိုးသမီးက “မဲသွားထည့်လဲ ဘာထူးမှာလဲ၊ နိုင်တဲ့သူက ဘယ်သူလဲဆိုတာ ရှိနေပြီးသားပဲ၊ ဘယ်လိုပဲထည့်ထည့် နောက်ဆုံးကျတော့ သူတို့ပဲနိုင်မှာ၊ အိမ်မှာဘဲနေတော့မယ်” လို့ပြော လာခဲ့တော့ ကျမက “ဒါကသူတို့အပိုင်းပါ၊ ဒါပေမယ် မြန်မာ့ရုပ်မြင်သံကြားမှာတော့ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲရဲ့ လုပ်နည်းလုပ်ဟန်တွေ၊ ပြည်သူတွေဘယ်လို လုပ်ကိုင်နိုင်တာတွေ၊ ကိုယ့်နိုင်ငံတိုးတက် ဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးနိုင်မယ်ထင်တဲ့ ပါတီကို စိတ်ကြိုက်ရွေးပြီး မဲထည့်ဖို့ကို အမြဲပြောနေတာပဲ။ သူလိမ်မယ်ဆိုရင်လဲ ဘယ်လိုလိမ်မလဲဆိုတာ စောင့်ကြည့်ကြပေါ့အစ်မရယ်” လို့ကျမပြန်ပြောလိုက်တယ်။ “အိုး မထူးပါဘူး၊ မသွားတော့ပါဘူးလေ” ဟု ပြန်ပြောပြီးနောက် အိမ်ထဲပြန် ဝင်သွားလိုက်တယ်။ ကျမတို့ အားလုံးလူစုခွဲပြီး ကျမနဲ့ကျမအမျိုးသားလည်း ဆိုင်ကယ်ဖြင့် အိမ်မှ မဲရုံဆီသို့ ထွက်သွား ကြပါသည်။

ကျမတို့သည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ (××) အရပ်မှာနေကြပါသည်။ ကျမတို့ရပ်ကွက်ဟာ ကိုယ့်ခြံကိုယ့်ဝင်ဖြစ်နေပေမယ့် ရွာဓလေ့အတိုင်း သွားရာလမ်းတစ်လေဈာက်လု∙းရှိ လမ်းရဲ့ ဟိုဘက်ဒီဘက်အိမ်များဆီမှ ကျမတို့ကို “ဘယ်လိုလဲမမြကြည် မွန်ပါတီကိုဘဲ မဲပေးမယ်မဟုတ်လား၊ အဒေါ်ကြီးတို့လည်း မွန်ပါတီကို ဘဲမဲပေးကြမယ်။ အခုတော့ ဟောဒီကမျောက်ကလေးတွေရဲ့ ဝေယျာဝစ္စတွေ လုပ်လိုက်ပြီးမှသွားတော့မယ်” ဟုကျမတို့ကိုအော်ပြောရင်း တဖက်ကလည်း သူမ၏မြေးလေးများကို “ဟိတ် သံချောင်းနဲ့ရေခဲ လာတော့၊ မုန့်စားမယ်” ဟုအော်ခေါ်ရင်း သွားရန်ပြင်ဆင်နေသူကပြင်ဆင်၊ ကျမကလည်း “အစ်ကိုဗိုက်ကြီး မသွားသေးဘူးလား” ဟု အရှေ့အိမ်ကမိသားစုကို လှမ်းမေး` သူတို့ကလည်း ကျမကို ပြန်လှမ်းမေးကြ၊ ကျမကလည်းလှမ်းဖြေရင်း ရပ်ကွက်နယ်မြေဆုံတဲ့အထိ အော်ဟစ်မေးမြန်းကြရင်းဖြင့် မဲရုံသို့သွားခဲ့ပါ သည်။ သွားရင်း လမ်းမကြီးဘက်ရောက်သည့်အခါ  အမှတ် (×) အစိုးရကျောင်း၊ မဲရုံရှေ့တွင် မဲပေးမည့်သူများကို သိပ်မတွေ့ရပေမယ့် မဲဆွယ်စည်းရုံးနေတဲ့ လူတွေကိုသာအတွေ့များနေသည်။ ကျမ စဉ်းစားမိသည်။  ငါတို့ကပဲ အလာစောတာလား၊ ဒါမှမဟုတ် လူတွေကပဲ မဲထည့်ဖို့ကို စိတ်မဝင်စားတာလား တစ်ခုခုတော့ တစ်ခုခုဘဲ။ ဒီလိုဖြင့် ဆက်ပြီးထွက်လာခဲ့ရာ ကျမတို့မဲပေးရမည့် မဲရုံသို့ရောက်လာပါသည်။  မဲရုံဝင်းထဲတွင် ရပ်ကွက်သားများနှင့် မဲဆွယ်နေသည့် ပြည်ထောင်စုကြ့ံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအဖွဲ့ဝင်များကို တွေ့နေရပါသည်။ ကျမ ထပ်ပြီး အံ့သြသွားရပြန်ပါသည်။ ဘာကြောင့်လို့လဲဆိုတော့ ကျမ နားလည်ထားတဲ့ စည်းမျဉ်းစည်းကမ်းတစ်ခုက မဲပေးတဲ့ရက်မှာ ဘယ်ပါတီကမှ မဲရုံရဲ့ပရဝုဏ်အတွင်းမှာ မဲဆွယ်တာမျိုး လုပ်ခွင့်မရှိဘူးတဲ့။ ဒါပေမယ့် တကယ့်လက်တွေ့မှာကျတော့ အများပြည်သူတွေ ပြောနေကြသလို ပြည်ခိုင်ဖြိုးပါတီက အခွင့်ထူးရပါတီမို့လို့ ဒီလိုလုပ်လို့ ရနေတာလား? ဒါဆို ဒီပါတီကရတယ်၊ တခြားပါတီ ကမရဘူး၊ ဒီလိုဆိုတော့ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီကပြောထားတဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ ဖြစ်နိုင်ချေရှိရဲ့လား? စသည်ဖြင့် လားပေါင်းများစွာ မေးခွန်း ထုတ်ရင်း မဲရုံအဝင်ဝဆီကို လျှောက်ခဲ့ပါသည်။

အဝင်ဝတွင် ကိုယ့်အလှည့်ကို စီတန်းစောင့်စားရင်း ကျမတို့အနောက်ကိုရောက်လာတဲ့ ကျမတို့ထက် အနည်းငယ် အသက်ကြီးပြီး ပညာတတ် ဗဟုသုတ ရှိပုံရတဲ့ ဇနီးမောင်နှံနှစ်ယောက်က “ကျမတို့က (××) လမ်း၊ ခြံအမှတ် (××) မှာနေပါတယ်၊ ဘယ်မှာ မဲလက်မှတ် ယူရမလဲ၊ ဘယ်ဘက်ကနေဝင်ရမလဲ” လို့ မဲရုံမှာ တာဝန်ကျတဲ့သူတစ်ဦးကို မေးသံကြားလိုက်တော့ ကျမ အနောက်ဘက်ကို အမှတ်မထင် လှည့်ကြည့်မိလိုက်တယ်။ ထိုအသံံနှင့် ရှေ့ဆင့်နောက်ဆင့်မှာပဲ တာဝန်ကျပုဂ္ဂိုလ်ဆိုသူက “တိုကင်ပြပေးလေ၊ တိုကင် လက်မှတ်ရှိတဲ့သူမှ မဲပေးလို့ရမယ်၊ မရှိရင် မသိဘူး” ဟု ပြန်ဖြေလိုက်သံကို ကြားရတော့ ကျမမျက်လုံးပြူးသွားပါတော့သည်။ ကျမကတော့ မနေနိုင်တော့ဘဲ “အစ်မ ကော်မရှင်ရုံးမှာ၊ ဟို ရယကရုံးမှာလေ သွားမေးလိုက်ပါ၊ ကျမတို့လည်းအဲဒီလိုပဲ၊ ကျမတို့ ရပ်ကွက်မှာ တိုကင်သွားဝေပေးထားတာ ကျမတို့အိမ်တော့ မရဘူး၊ ဒါနဲ့ ကျမတို့လည်း ဘုမသိဘမသိနဲ့ တိုကင် မရရင် မဲမထည့်ရမှာစိုးရိမ်လို့ ကော်မစ်ရှင်ရုံးကို သွားမေးတော့ ဥက္ကဋ္ဌက အဲဒါက ပြည်ခိုင်ဖြိုးကလုပ်တာ သူတို့ပါတီအတွက်ဆိုပြီး အစောင်ငါးထောင် ယူသွားတာ၊ ဒါကဘာမှမဟုတ်ဘူး၊ တိုကင်မရှိလဲရတယ်၊ ကိုယ့်လိပ်စာနဲ့ ကိုယ့်အုပ်စုနဲ့ ဟိုဘက်က မဲရုံအုပ်စုမှာ ရှာကြည့်ရင် ကိုယ့်ရဲ့မဲစာရင်းနံပါတ် ဘယ်လောက်လဲဆိုတာ သိပြီပေါ့လို့ပြောတော့ ကျမတို့ဝင်ရှာ လိုက်လို့သိခဲ့ပြီးပြီ၊ အမလည်း အဲဒီရုံးမှာ သွားကြည့်လိုက်ပါလား” ပြောပြလိုက်ပါတယ်။ အဲဒီတော့မှ ဇနီးeမာင်နှံနှစ်ဦး ကော်မရှင်ရုံးဘက်ကို ထွက်သွားလိုက်ကြပါတယ်။ ကျမတစ်ခုကောက်ချက်ချမိသည်။ ဤအစ်မနဲ့အစ်ကိုတော့ ပြည်ခိုင်ဖြိုးပါတီက မဲမဆွယ်ထားရသေးဘူး၊ ငါတို့လိုလူတွေပဲပေါ့။ ဤသို့ဖြင့် အချိန်အနည်းငယ်ရလာသောအခါ ကျမတို့အလှည့် ကျရောက်လာသဖြင့် မဲရုံထဲဝင်သွားခဲ့ပါသည်။

မဲရုံမှာ အနည်းငယ်ကျဉ်းပါသည်။ ဝင်ပေါက်နှင့် ထွက်ပေါက် အပေါက်နှစ်ပေါက်သာ ပါရှိပါသည်။ အ ပြင်ဘက်ဝင်ပေါက်နားတွင် လုံခြုံရေးတာဝန်ကျ သုံးလေးယောက်ထိုင်နေသည်ကို တွေ့နေရပါသည်။ မဲရုံအထဲ၌ မဲရုံမှူး၊ မဲရုံအကူများနေရာ၊ ပါတီကိုယ်စားလှယ်များနေရာ ဟူ၍ခုံရှည် နှစ်နေရာ ထားထားသည်ကို တွေ့ရပါသည်။ ကိုယ်စားလှယ်များနေရာတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်တစ်ဦးနှင့် ကရင်ပြည်သူ့ပါတီမှ ကိုယ်စားလှယ်တစ်ဦး နှစ်ဦးသာတွေ့ရပါသည်။ ကျမစိတ်ထဲ အနည်းငယ် စိုးထင့်မိသည်မှာအမှန်ပင်။ အဘယ်ကြောင့်ဆိုသော် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏ ကိုယ်စားလှယ်ကို မတွေ့ရသောကြောင့်ဖြစ်သည်။ ကျမစိတ်ထဲ စိုးရိမ်စိတ်များ တဖွားဖွားဝင်လာမိပါသည်။ ပါတီကိုယ်စား လှယ်မရှိလျှင် မဲပေးသူများ မဲပေးရန် ဇဝေဇဝါ ဖြစ်သွားလေမလား၊ ဒါမှမဟုတ် မဲရေတွက်တဲ့အခါမှာ ရော သမာသမတ်ရှိမရှိ တတ်အပ်သေချာ သိနိုင်ပါ့မလား ဟူ၍ စိုးရိမ်အတွေး တွေးနေမိပါသည်။

ဤသို့ဖြင့် မဲဆန္ဒရှင်စာရင်း စစ်ဆေးသည့်နေရာ ရောက်လာတော့ “အန်တီ့နံပါတ်က (×××)” ဟု ကျမပြောလိုက်ပြီး ကျမရဲ့နိုင်ငံသား မှတ်ပုံတင်ကတ်ပြားကို ပြလိုက်ပါသည်။ အဲဒီနောက် မှတ်တမ်းစာအုပ်ထဲမှာ လက်မှတ်ထိုးပြီး မဲစာရွက်ကို နောက်တစ်နေရာ၌ ထုတ်ယူလိုက်ပါသည်။ မဲစာရွက်၌ ညစ်ပေနေမှုရှိမရှိ၊ မဲရုံမှူးနာမည်နှင့် ၄င်းလက်မှတ်ပါ/မပါ၊ စုတ်ပြဲနေခြင်းရှိမရှိများကို အပြန်ပြန် အလှန်လှန် စစ်ဆေးပြီး ဆန္ဒပြုသည့် နေရာသို့ သွားပါသည်။ ဆန္ဒပြုအခန်းသာဆိုရသည်၊ စားပွဲတစ်လုံးပေါ်ရှိ အကာသုံးဘက်စလုံးသည် တစ်တောင်အမြင့်လောက်သာ ရှိနေပါသည်။ ကျမအမျိုးသား မည်သည့်နေရာ၌ အမှန် အမှတ်အသား ခြစ်နေသည်၊ ခြစ်ထားသည်ကို ကျမ အထင်းသား မြင်တွေ့နေရပါသည်။ ထို့ကြောင့် ကျမ မဲခြစ်ရန် စိတ် လုံခြုံမှုမရှိတော့။ ကျမ၏အမျိုးသားနည်းတူ ကျမရွေးချယ်မည့် ပါတီကိုလည်း တခြားသူ တွေ့နိုင်မည် မှာမလွဲပင်။ ဤသို့ဆိုလျှင် လျှို့ဝှက်ဆန္ဒမဲဟူသည်မှာ ဤအရာကိုဆိုပါသလားဟုပင် အဓိပ္ပါယ် အသစ် ဖွင့်ရတော့မလို ဖြစ်နေပါသည်။ ဤသို့နှင့် မဲစာရွက်ပေါ်၌ အမှန်အမှတ်အသား ခြစ်ပေးရန် တွေဝေနေစဉ် အချိန်အတွင်း ကျမအမျိုးသားဘေးနားမှ (ကျမအမျိုးသား၏ အရှေ့မှဝင်သွားသူ) အဒေါ်ကြီးတစ်ဦးက ဘယ်နေရာ၌ ခြစ်ရမည်၊ ခြစ်ပြီးလျှင် ဘယ်ပုံတွင်ထည့်ရမည်၊ ဘယ်နေရာ အတွက်မဲပေးရမည်ကို မသိသည့်အတွက်ကြောင့် ဟိုဘက်သွားလိုက် ဒီဘက်လာလိုက်နှင့် မဲရုံထဲတွင် ယောင်ချာချာလည်နေပါသည်။ ထိုအချိန်တွင် တာဝန်ရှိဆရာတစ်ဦးက “လာ ဟောဒီမှာခြစ်၊ နောက်ပြီး ဟိုပုံထဲမှာ သွားထည့်၊ ပြီးရင် ဟောဒီအတန်းကိုလာ၊မဲစာရွက်သွားယူ” ဟု အော်ပြောသံကို ကြားနေရတော့ ထိုအဒေါ်ကြီးကို ကြည့်ရင်း ရင်လေးနေမိပါတယ်။ ဒီအဒေါ်ကတော့ ဘယ်လိုမဲပေးရမလဲ ဆိုတာကို နားမလည်သလို ဘယ်ပါတီကိုမဲပေးရမလဲ၊ ဘာကြောင့် မဲပေးရသလဲဆိုတာ နားလည်နေပုံမရပါ။ ကျမစိတ်ထဲတွင်တော့ မသကာ အဲဒီဆရာက တစ်ဘက်ဘက်ကိုယိမ်းပြီး ဒီအဒေါ်ထည့်ချင်တဲ့ပါတီ မဟုတ်ဘဲ တခြား ပါတီနေရာကို ပြလိုက်လို့ကတော့ ဟိုပါတီရော ဒီအဒေါ်ပါ အခွင့်အရေးဆုံးရှုံးတော့မှာပဲ၊ အော် ငါတို့တိုင်းပြည်က ပြည်သူတွေရဲ့ ဗဟုသုတဟာ ကြောက်စရာကောင်း လောက်အောင် နည်းပါးလွန်းနေပါလား။ အစိုး ရကလည်း ဒါကို မဖြည့်ဆည်းပေးနိုင်ပါလား။

မြန်မာ့ရုပ်မြင်သံကြားကနေ မဲထည့်ပုံမဲထည့်နည်းများကို ပြောပြပေးပေမယ့် ဟောပြောပြသတဲ့ အချိန်တွေမှာ အလုပ်ကမအား၊ အလုပ်ပြီးပြန်တော့လဲ မီးမလာ၊ တစ်ခါတစ်လေ ရုပ်သံလိုင်းပြတ်၊ တခါတရံ ရုပ်သံလှိုင်းပျက်နှင့် ကြည့်ရ နားထောင်ရတဲ့ အချိန်က မရှိသလောက်ဖြစ်နေသည်။ ကျမတို့ကရော ဘာဖြစ်လို့ဒီလို မသိနားမလည်တဲ့ အိမ်နီးချင်းတွေကို ရှင်းပြဖို့ တာဝန်ပျက်ကွက်ရသလဲ။ ရှင်းပြချင်ပေမယ့် ရှင်းပြ ခွင့်ရှိသလား၊ ရှင်းပြရဲသလား၊ အိုး — အတွေးများက ခုနက အဒေါ်ကြီးအတိုင်းပါပဲ ချာလပတ်ကို လည်နေသည်။ သို့နှင့် ကျမလည်း မည်သို့မျှစဉ်းစား မနေတော့ဘဲ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဘေးက လေးထောင့်ကွက်လေးမှာ ပယ်မဲမဖြစ်အောင် သေသေချာချာခြစ်၊ သေသေချာချာ ခေါက်ပြီး ပုံးထဲ ထည့်လိုက်ပါသည်။ ဤနည်းအတိုင်း ကျန်ရှိနေသော ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော် ပုံးများတွင် မဲများကိုဂရုတစိုက်ခြစ်ပြီး ပုံးများထဲထည့်လိုက်ပါသည်။ သို့နှင့် မဲရုံထဲတွင် တာဝန်ရှိဆရာ/ဆရာမတွေကို ဟိုလူကဟိုလိုမေး၊ ဒီလူကဒီလိုမေး၊ တာဝန်ရှိသူတွေကလည်း ဟိုလူကိုပြောပြလိုက်၊ ဒီလူကို ပြောပြလိုက်နှင့် မဲရုံမှာ အရမ်းမဆူညံနေပေမယ့် တိတ်ဆိတ်မှုအလျဉ်းမရှိပါ။ မဲရုံကတာဝန်ရှိသူတွေ အလုပ်ရှုပ်နေကြသည်။ ပြည်သူများကလည်း ဟိုဘက်သွားလိုက် မေးလိုက် ခြစ်လိုက်၊ မေးလိုက် ထည့်လိုက်နှင့် အတော်လေးကိုအားခဲပြီး ပေးရတဲ့ဆန္ဒမဲပါပဲ။ မဲပုံးသုံးပုံးလုံးကို မဲထည့်ပြီးနောက် ကျမတို့ပြန်အထွက်မှာ “ဟိုဘက်အခန်းကျန်သေးတယ်” ဟု တာဝန်ရှိ ဆရာတစ်ယောက်က လှမ်းပြောတော့ ကျမတို့ နှစ် ယောက် အနည်းငယ်တွေဝေသွားကာ ဘာကြောင့်လဲ တို့က သုံးပုံးပဲထည့်ရမှာ ဘာ့ကြောင့် ဟိုအခန်းက ကျန်နေသေးသလဲဟု မိမိဖာသာမိမိ မေးခွန်းထုတ်စဉ် “သိအောင် သွားကြည့်ကြစို့” ဟု ကျမအမျိုးသားကပြောတော့ “အင်း ကောင်းသားပဲ” ဟုပြောပြီး နှစ်ယောက်သား သွားကြည့်လိုက်မိပါသည်။ ကရင်လူမျိုး အတွက်တစ်ပုံး၊ ဗမာလူမျိုးအတွက်တစ်ပုံး၊ (လူမျိုးစုကိုယ်စားလှယ်အတွက်) ပုံးနှစ်ပုံးတွ့တော့ ကျမအမျိုးသားက “ငါတို့ကမွန်ပဲ မထည့်ပါဘူး” လို့ ကိုယ့်အချင်းချင်းတီးတိုးပြောရင်း မဲရုံထဲမှ ခပ်တည်တည်ဖြင့် အပြင်သို့ ထွက်လာခဲ့ပါသည်။ မဲရုံအပြင်ဘက်ရောက်တော့မှသာ အနည်းငယ် အသက်ရှူချောင်လာသည်။

မဲရုံအပြင်ဘက်ရောက်တော့ မဲရုံကိုလာသည့်သူများ အနည်းငယ်များလာသယောင်ရှိလာသည်။ ဆိုင်ကယ်ပြန်အလှည့်တွင် စျေးနားရှိအဒေါ်ကြီးတစ်ယောက်က “ဟေး မမြကြည်တို့ပြန်ကြပြီလား၊ ကျမတို့ အခုမှပဲ လာရတော့တယ်” “ဟုတ်ကဲ့ဒေါ်ဒေါ်” “ဘယ်ကို သွားရမလဲ၊ မသွားတတ်ဘူး” ဟုသူကပြန်မေးတော့ ကျမက ဝင်ပုံဝင်နည်း၊ မဲခြစ်ပုံ ခြစ်နည်း ထည့်ပုံထည့်နည်းများကိုပြောပြပြီး နှုတ်ဆက်အထွက်မှာ “ဒါနဲ့ နေပါအု∙း၊ အခု အဒေါ်က ဘယ်ပါတီကိုမဲပေးမလဲ” လို့ တီးတိုးမေးစမ်းကြည့်တော့ “အဲ မြကြည်ရယ် ကိုယ် ဘယ်သူ့မြေမှာ နေနေတာလဲ ကိုယ့်အရှင်ကို ကိုယ်မဲမပေးရင် သူများတွေကလာပေးမှာမဟုတ်ဘူး” ဟုကျမကို ပြန်ပြောတော့ ကျမအံ့အားသင့်မိသည်။ ဤအဒေါ်၏ လူမျိုးချစ်စိတ်ကိုလည်း စိတ်ထဲမှ ချီးကျူးနေမိပါသည်။ ဤသို့ဖြင့် ကျမတို့နှစ်ဦး အိမ်သို့ပြန်လာခဲ့ကြသည်။ အိမ်ရောက်သည့်အခါ ကျမတို့လင်မယားနှစ်ဦး အိမ်ပေါ်သို့မတက်သေးဘဲ အိမ်အောက်၌သာ မဲထည့်သည့်အတွေ့အကြုံကို ဟာသနှော၍ ပြန်ပြောကြရင်း အမောဖြေစဉ် အိမ်နားမှ အစ်မက “မမြကြည် ဟိုဘက်အိမ်ရော၊ ဟိုးဘက်က မ (××) တို့ကပါ မွန်ကိုပဲ ထည့်ပေးကြတယ်။ အားလုံးလိုလိုပဲသိလား၊ မွန်နိုင်မှာ သေချာတယ်” ဟုကျမကိုလှမ်းပြောတော့ ကျမမှာ ပုထုဇဉ်ပီပီ အရမ်းပျော်သွားရပါသည်။ ပြန်လာသည့် သူတိုင်းကလည်း သူတို့၏ အတွေ့အကြုံများကို ပြောပြရင်း မိသားစုအလိုက် မွန်ပါတီကိုမဲထည့်ခဲ့သည် ဆိုသည့် သတင်းသာကြားနေရပါသည်။

ဤသို့ဖြင့် ရေမိုးချိုး ထမင်းစားပြီး အိမ်အလုပ်များကို လုပ်ကိုင်ရာ ညနေစောင်းလာပါတော့သည်။ ကျမ သည် သိချင်စိတ် အလွန်ပြင်းပျသူတစ်ဦးဖြစ်ပါသည်။ ဤအကျင့်မှာ ငယ်စဉ်ကလေးဘဝအရွယ်မှဖြစ် သည်။ ယခုလည်း မည်သည့်ပါတီက မဲမည်မျှရသည်ကို အလွန်သိချင်နေမိပြန်ပါသည်။ နာရီကို ကျမ တစ်ချက် ကြည့်လိုက်မိသည်။ ညနေ လေးနာရီထိုးတော့မည်။ သေချာသည်က မဲရုံတွင် မဲပေးသူမရှိတော့ပါက လေးနာရီထိုးလျှင် မဲရေတွက်မည်ဖြစ်သည်။

ကျမအရမ်းကိုသိချင်နေသည့်စိတ်ကို မမျိုသိပ်နိုင်သည့်အဆုံး ကျမအမျိုးသားကို အပူကပ်ရပါတော့သည်။ “အစ်ကို ကျမတို့မဲရုံသွားပြီး သွားကြည့်ကြစို့နော်။ မဲရေတွက်တဲ့နေရာမှာ ကိုယ်စားလှယ်တွေအပြင် အနည်းဆုံး ပြည်သူတစ်ဆယ်ဦးရှေ့မှာ ရေတွက်မယ်ဆိုတော့ ကျမတို့လည်း ကြည့်ခွင့်ရှိတယ်၊ သွားစို့နော်” ဟု အပူကပ်ဖန်များတော့ ကျမအမျိုးသားလည်း မသွားချင် သွားချင်ဖြင့် ကျမကို လိုက်ပို့ပေးရပါသည်။ အမှတ် (××) အစိုးရကျောင်းရှေ့ အဝင်ဝတွင် လုံခြုံရေး ရဲသားနှစ်ဦးက ဝတ်စုံပြည့်ဖြင့် သေနတ်ကိုကိုင်ကာ စောင့်ကြောင့်ထိုင်၍ စောင့်နေပါသည်။ ကျောင်းအဝင် တံခါးမကြီးကိုလည်း ပိတ်ထားပါသည်။ မဲရုံထဲတွင် ပြည်သူများ တစ်ဦးတစ်လေမျှ မတွေ့ရဘဲ ပြည်ခိုင်ဖြိုးပါတီက ပုဂ္ဂိုလ်များနှင့် မဲရုံမှ တာဝန်ရှိသူများသာ တွေ့ရပါသည်။ ကျမမှာ ပါးစပ်အဟောင်းသား ကြီးနဲ့သာ ရှိနေပါသည်။ သို့နှင့် ဆက်၍ ကျမတို့ မဲထည့်ရာ မဲရုံသို့ ဆက်သွားလိုက်သည်။ မဲရုံရှေ့အရောက် မဲရုံံဝင်းထဲသို့ကွေ့ဝင်မည်အပြုတွင် ဆိုင်ကယ်ကို ဘရိတ်အုပ်ကာ ကျမအမျိုးသားက “သူတို့ပိတ်ထားတယ် တွေ့လား၊ ပေးမဝင်ဘူး၊ ပြန်ကြရင်ကောင်းမယ်” လို့ပြောတော့ ကျမ မယုံကြည်နိုင်သည့်အတွက် ကြည့်လိုက်ရာ တကယ်ပင် အဝင်ဝင်းတံခါးကြီးကို ခုံတန်းရှည်တစ်လုံးနှင့် ကာထားရုံမျှမက လူဝင်နိုင်သည့် အပေါက်ဝကိုလည်း မော်တော်ဆိုင်ကယ်ဖြင့် ကန့်လန့်ပိတ်ထားသည်ကိုတွေ့ရသည်။ ဝင်းအတွင်းသို့ကြည့်လိုက်ရာ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ရာအိမ်မှူးများနှင့် အခြား ကျမမတွေ့ဘူးသောသူများသာ ရှိသည်။ ဖုန်း ပြောနေသူကပြော၊ အပြင်ဘက်ကိုစောင့်ကြည့်သူကကြည့်၊ တီးတိုးပြောနေသူကပြောနှင့် တိတ်ဆိတ်နေပါသည်။ ပြည်သူလူထု၏ အရိပ်အယောင်ဟူ၍ စိုးစိမျှ မတွေ့ရချေ။ ကျမစဉ်းစားမိသည်။ ဒီအတိုင်း ဝင်သွားလိုက်ရင်ကောင်းမလား၊ ဒါမှမဟုတ် လှည့်ပြန်သွားရင် ကောင်းမလား၊ အဖြေတို့ကထွက်မလာခဲ့။ ကျမလက်မလျှော့ချင်ပါ၊ ဝင်ကြည့် ချင်သည်။ သို့သော် စိတ်မရှည်တော့သော ကျမအမျိုးသား၏ “အိမ်ပဲပြန်တော့၊ ဒါဟာ ဘယ်လောက်တ ရားတယ်၊ ဘယ်လိုလုပ်သွားတယ်ဆိုတာ တွေ့ပြီမဟုတ်လား၊ အိမ်ကိုပဲ ပြန်ကြရအောင်” ဟု နှုတ်က လည်းပြော ဆိုင်ကယ်ကိုလည်းမောင်းထွက်ခဲ့ပါသည်။

ကျမဒေါသထွက်နေသလား၊ ဝမ်းနည်းနေသလား၊ အ့ံအားသင့်နေသလား မဝေခွဲတတ်ပါ။ စိတ်အနှောင့်အယှက်ဖြစ်မိတာသေချာပါသည်။ အပြန်လမ်းသည် အပ်ကျသံကို ကြားရလောက်အောင် တိတ်ဆိတ်နေသည် ဟု ထင်မိသည်။ ကိုယ်စီးနေသည့် ဆိုင်ကယ်စက်သံကိုပင် ကျမ မကြားနိုင်အောင်ဖြစ်နေသည်။

ဤသို့ဖြင့် အိမ်သို့ပြန်ရောက်သောအခါ အခဲမကြေနိုင်သေးဘဲ ၄င်းမြင်ကွင်းများကိုသာ ကျမမြင်နေရသည်။ ကျမ မကျေမနပ်နှင့်ပင် ခွဲခြမ်းစိတ်ဖြာ စဉ်းစားနေသည်။  မြန်မာ့ရုပ်မြင်သံကြားကနေတဆင့် ပြည်သူတွေကို ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေ အမြဲတမ်း ဟောပြောနေတာက အကြားကောင်းရုံ သတင်းလွင့်ဖို့သက်သက်လား၊ ဒါမှမဟုတ် ပြည်သူတွေ နားလည်ပြီး လိုက်နာလုပ်ဆောင်သွားဖို့လား၊ လိုက်နာလုပ်ဆောင်ဖို့ဆိုလျှင် မဲရေတွက်ချိန်တွင် ပြည်သူကို ကြည့်ခွင့်ပေးကိုပေးရမည်။ ပြည်သူများလေ ပိုကောင်းလေဖြစ်ရမည်။ သို့မှသာ အစိုးရက မည်မျှလောက် သမာသမတ်ကျကျ လုပ်ဆောင်သွားသည်ကို ပြည်သူများယုံကြည်လာနိုင်မည်။ သို့သော် ယခုလက်တွေ့တွင် ဤသို့မဟုတ်။ မဲရေတွက်ရန်နီးလာချိန်၌ ပြည်သူများမဝင်ဝံ့ရန် အ တားအဆီးများနှင့် တင်ကြိုပြုပြင်ထား ကြသည်။ ပြည်သူများ၏ မဲရေတွက်ချိန်စောင့်ကြည့်နိုင်ခွင့်ကို လုံးဝ ချိုးဖောက်လိုက်ပါသည်။ ပြည်သူများ၏ မသိနားမလည်မှုအပေါ် တာဝန်ကျေစွာ မလုပ်ဆောင်ပေးရုံမက အမြတ်ထုတ်ကာ လှည့်စားသွားခဲ့သည်။ ပြည်သူမသိနားမလည်ခြင်းသည် အစိုးရအကြိုက်ဖြစ်နေသည်။ အစိုးရက လူကြားကောင်းအောင် ဟစ်နေသော လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဆိုသည်ကို မည်သည့်စံဖြင့် မည်သို့ပင်တိုင်းတာစေကာမူ အဖြေမှာ လုံးဝပင် မျှတမှုမရှိ၊ တရားသည့်ရွေးကောက်ပွဲ မဟုတ်ဟူ၍ သာထွက် နေပါသည်။ ဤအချိန်တွင် တစ်ဖက်အိမ်မှ အပျိုကြီးများက “မမြကြည် မွန်ပဲရမှာ၊ မွန်တွေ အခြေအနေကောင်းတယ်” ဟုအော်ပြောသည်ကိုပင် ကျမမှာ အခုနကမြင်ကွင်းကြောင့် “ဟင်း မသိတော့ဘူး ကွယ်၊ နိုင်ရင်ကောင်းတာပေါ့” ဟုအင်အားချိနဲ့စွာပြန်ပြောလိုက်ပါသည်။ တွက်ဆထားသည့်အတိုင်းပင် ညနေ ဗွီအိုအေ နှင့် ဘီဘီစီ သတင်းဌာနမှ သတင်းများကို နားထောင်လိုက်သောအခါ ကျမ၏မျှော်လင့်ချက်၊ ပြည်သူတို့၏ မျှော်လင့်ချက်တို့ လွင့်ပါးသွားမှာ ကျမအလွန်စိုးရိမ်သွားမိပါသည်။ အဘယ်ကြောင့်ဆို သော် တပြည်လုံး၌ ကျမကြုံတွေ့ခဲ့သလို အဖြစ်အပျက်များ ဖြစ်ပျက်နေသောကြောင့်ဖြစ်သည်။

နောက်နေ့တွင်လည်း ဗွီအိုအေနှင့် ဘီဘီစီသတင်းဌာနမှ သတင်းများကို စိုးထိတ်စွာ ထပ်မံနား ထောင်မိ ပြန်သည်။ မဲရေတွက်မှုရလဒ်များ မျှော်မှန်းသလိုဖြစ်မလာခဲ့၊ ထင်သလိုသာဖြစ်လာသည်။ တနိုင်ငံလုံးတွင် ကြောက်လန့်စရာ သရဲသဘက် ကြိုတင်မဲ၊ နတ်ဖန်ဆင်းသော ကြိုတင်မဲ၊ ကိုယ်စားလှယ်အများစု၏ အရှုံးကိုဖြစ်စေသော ကြိုတင်မဲများကြောင့် ပြည်သူအများ ယုံကြည်မျှော်မှန်း ထားသည့်အတိုင်း အငြင်းပွားဖွယ်ရာ ရလဒ်သာ ထွက်ပေါ်လာနေသော အစိုးရ၏ အလိမ်ဇာတ်ကိုသာ ကြားမြဲကြားနေရသည်။ ပြည်သူတို့လိုလားသော အပြောင်းအလဲနှင့် နအဖ၏ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်ဆီသို့ ရောက်နိုင်ရန် အခွင့်အလမ်း ရှိနိုင်လေဦးမလားဟု ရင်လေးစွာတွေးတောရင်းဖြင့် ဝိုးတဝါး အနာဂတ် ကာလကို ရင်လေးစွာစောင့်ကြည့်နေရမည် ဖြစ်ပါသည်။

About မွန်သတင်းအေဂျင်စီ

Check Also

NCA ကို ပြန်လည်သုံးသပ်ဖို့လိုပြီ

တိုင်းရင်းသားလက်နက်ကိုင်များအနေနှင့် ကနဦးကာလ၌ လက်နက်စွန့်ရန်မလိုဘဲ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် Nationwide Ceasefire Agreement- NCA ချုပ်ဆိုခြင်းနှင့် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲရလဒ်များကို အခြေခံပြီး လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း ကိစ္စရပ်များ အဆင့်ဆင့်ပြုလုပ်သွားခြင်းဖြင့် …

%d bloggers like this: