spot_img
Friday, April 19, 2024
More
    spot_img
    Homeအယ်ဒီတာ့အာဘော်ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားအရေး

    ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားအရေး

    -

    လွန်ခဲ့သည် နိုဝင်ဘာ (၇) ရက်နေ့တွင် စစ်အစိုးရမှ ၎င်းတို့ ခန့်အပ်ထားသည့် ရွေးကောက်ပွဲ ကော်မရှင်နှင့် ရွေးကောက်ပွဲကို ကျင်းပကာ ၎င်းတို့ ဖွဲ့စည်းထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ယူအက်စ်ဒီပီ) မှ ရွေးကောက်ပွဲတွင် (၈၀%) အထိ အနိုင်ရရှိအောင် နည်းမျိုးစုံဖြင့် ဆောင်ရွက်ခဲ့ပေသည်။ ရွေးကောက်ပွဲအပြီး နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့ပေသည်။

    စစ်အစိုးရမှ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးသည့် နေ့ရက်တွင် သူမအား ထောက်ခံသည့် လူထု (၂) ထောင်ခန့် ကြိုဆိုခဲ့ပေသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့၌ သူမက မိန့်ခွန်း ပြောကြားရာတွင် ပရိသတ်များ သောင်းဂဏန်း ချီတက်ရောက်ရှိလာခဲ့ပေသည်။ ထိုကဲ့သို့ လူထုမှ သောင်းသောင်းဖြဖြနှင့် ကြိုဆိုခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သူမ၏ နောက်တွင် လူထုရှိနေကြောင်း ထင်ရှားပေသည်။

    တိုင်းရင်းသားများ အနေနှင့်ကော၊ သူမအပေါ် သဘောထား မည်သို့ ရှိပါသနည်း။ တိုင်းရင်းသား အဖွဲ့အစည်း အများအပြားမှ သူမ လွတ်မြောက်သည့်အပေါ် ဝမ်းမြောက်ဝမ်းသာ ရှိကြပြီး သူမ၏ လုံခြုံရေးအတွက် စိုးရိမ်ကြောင်း ရှမ်းခေါင်းဆောင်တဦးက ဖွင့်ပြောခဲ့ပေသည်။ သူမအပြင် အကျဉ်းကျနေသည့် အခြားသော တိုင်းရင်းသား ခေါင်းဆောင်များကိုလည်း လွှတ်ပေးရန် တိုင်းရင်းသားများမှ တောင်းဆိုခဲ့ပေသည်။

    သူမလွတ်မြောက်ပြီး မကြာမီ သတင်းထောက်များက တိုင်းရင်းသားကိစ္စနှင့် ပတ်သတ်ပြီး မေးမြန်းရာတွင် သူမအနေဖြင့် (၁၉၄၇) ခုနှစ်က ကျင်းပခဲ့သည့် ပင်လုံညီလာခံအတိုင်း “ဒုတိယအကြိမ် ပင်လုံညီလာခံ” တရပ်ကို ကျင်းပရန် ပြောကြားခဲ့ပေသည်။

    သူမပြောသည့် စကားအပေါ် ထောက်ရှူခြင်းအားဖြင့် တိုင်းရင်းသားတို့၏ အခွင့်အရေးအပေါ် သူမက အာရုံစိုက်လျက် ရှိကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်း ဆောင်ရွက်သည့်အခါ တိုင်းရင်းသားတို့၏ ကဏ္ဍသည် မရှိမဖြစ် လိုအပ်ကြောင်းကို သူမကောင်းမွန်စွာ နားလည်ကြောင်း သိရှိနိုင်ပေသည်။

    နှစ်ပေါင်း (၆၀) ကျော် ပြည်တွင်းစစ် ကာလတွင် ဗမာစစ်ခေါင်းဆောင်များက တိုင်းရင်းသားတို့၏ အခွင့်အရေးများကို ပိတ်ပင်ခြင်း၊ တိုင်းရင်းသားများအပေါ် စစ်ပြုပြီး လူထုများအပေါ် နှိပ်စက်မှု ပြုလုပ်ခဲ့သည့်အတွက် တိုင်းရင်းသားများမှာ ဗမာတိုင်းရင်းသား ခေါင်းဆောင်များအပေါ် ယုံကြည်မှု မဲ့လာခဲ့သည်။ ယခင်က ဒေါ်အောင်ဆန်းစုကြည်မှာလည်း တိုင်းရင်းကိစ္စအပေါ် အပြည့်အဝ ပြောဆိုခြင်း မရှိသောကြောင့် သူမအပေါ် တိုင်းရင်းသားများ အပြည့်အဝ ယုံကြည်မှု မရှိသေးပေ။

    တိုင်းရင်းသားတို့၏ မျှော်လင့်ချက်ကား အကယ်၍ သူမက နေပြီး ဒီမိုကရေစီ အခွင့်အရေးအတွက် တိုက်ပွဲဝင်် ဆောင်ရွက်ပေးခြင်းအပေါ် အထူးထောက်ခံပြီး မြန်မာနိုင်ငံ၌ ဒီမိုကရေစီထွန်းကားမည် ဆိုပါက တိုင်းရင်းသား အခွင့်အရေးအတွက် တိုက်ပွဲဝင်ရန် လွယ်ကူနိုင်သည်ဟုု တိုင်းရင်းသားတို့မှ မျှော်လင့်ပေသည်။

    သို့ရာတွင် ဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင်သည့် ဒီမိုကရေစီ တိုက်ပွဲကား အခက်အခဲများစွာအား ကြုံတွေ့ရဦးမည် ဖြစ်ပေသည်။ ရွေးကောက်ပွဲအပြီး စစ်အစိုးရ၏ ပြည်ခိုင်ဖြိုးပါတီမှ မဲအပြတ်အသတ် ရယူခဲ့သဖြင့် သူတို့သည်သာ နိုင်ငံကို ဆက်လက်အုပ်ချုပ်သွားမည် ဖြစ်ပေသည်။

    ဤသို့သော အခြေအနေအောက်တွင် ဒေါ်အောင်ဆန်းစုကြည်မှ နိုင်ငံရေးကိစ္စကို လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်မည်လား၊ သူမ၏ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး ကိစ္စအပေါ် အသစ်တက်လာမည့် စစ်အစိုးရပါလီမာန်မှ လက်ခံမည်လား ဆိုသည့်ကိစ္စအပေါ် ဆက်လက်စောင့်ကြည့်ရဦးမည် ဖြစ်ပေသည်။

    ဆက်စပ်သတင်း

    1 COMMENT

    1. နိုင်ငံတော်စရိတ်နဲ့ နိုင်ငံခြားမှာ ကျောင်းတက်-နိုင်ငံခြားသားကိုလင်တော်-မျက်လုံးပြာ၊နှာခေါင်းချွန်ကပြားလေးတွေမွေး၊ သခင်အောင်ဆန်းတို့တစ်တွေ မျိုးချစ်စိတ်အရင်းခံစတင်ခဲ့တဲ့ အမျိုးသားအောင်ပွဲနေ့မှာ မိန့်ခွန်းပြောတယ်ဆိုတာ မလုပ်သင့်ပါဘူး။ တမလွန်ကနေ သခင်အောင်ဆန်း စိတ်သောကရောက်နေပါလိမ့်မယ်။ ကြည့်ရ၊ခံစားရတာ ဦးခေါင်းမှာသွေးချင်းချင်းနီ နေသော်လည်း ငါ၏ဦးခေါင်းကိုမညွန့် တဲ့ သခင်အောင်ဆန်းလို လူစားရဲ့ အသည်းကိုစား-ခေါင်းကိုနင်းပြီးပြော နေသလိုခံစားရလို့ပါ။မျက်ကန်းမျိုးချစ်မဟုတ်ပါ။ ကျန်တာတွေကောင်းပါတယ် ၊အမြင်မတော်လို့ သတိပေးတာပါ။

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    22,400SubscribersSubscribe
    spot_img

    Latest posts